Popular Posts

credit

ဤဘလော့ခ်သည် ဗုဒ္ဓမြတ်စွာဘုရား၏မေတ္တာရိပ်အောက်တွင် တည်ရှိပါသဖြင့် ရောက်လာသူအားလုံး စိတ်နှလုံးချမ်းမြေ့ကြပါစေ....


  • ယခုဘလော့ခ်ကို ဗုဒ္ဓဘာသာပြန့်ပွားစေရန် ရည်ရွယ်၍ ကျွန်တော်တို့ ဖတ်မှတ်၊စုစည်း၊သိမ်းဆည်းထားသည်များကို အများသိရှိစေရန် ပြန်လည်ဖြန့်ဝေခြင်းသာလျှင် ဖြစ်ပါသည်။
  1. တစ်ချို့သော စာစုများမှာ မူရင်းရေးသားသူကို မမှတ်မိတော့ပါသဖြင့် credit မပေးနိုင်တော့သည့်အတွက်
    မူရင်းရေးသားသူကို ဤနေရာမှ အနူးအညွတ်တောင်းပန်အပ်ပါသည်။
  2. အကယ်၍ စာဖတ်သူများမှ သိရှိပါကလည်း သက်ဆိုင်ရာပို့စ်အောက်တွင်လည်းကောင်း၊
    thewordsofbuddha@gmail.com သို့လည်းကောင်း အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်။
  3. " ပို့စ်အသစ်တင်တိုင်း gmailကိုအကြောင်းကြားစေလိုပါက" အောက်တွင် မိမိတို့၏ gmail လိပ်စာကို ဖြည့်သွင်းထားပါက ပို့စ်အသစ်တင်တိုင်း မိမိတို့၏ gmail သို့ အကြောင်းကြားပေးပါသည်။

Monday, February 25, 2013

သြ၀ါဒပါတိမောက်

မြတ်စွာဘုရားရှင်သည် သူ၏ တပည့်သာဝက သံဃာ့အဖွဲ့အစည်းကြီး အဓွန့်ရှည်စွာ ကျစ်လစ်ခိုင်မာရေး၊ စည်းလုံးညီညွတ်ရေး၊ စိတ်နှလုံးအေးချမ်းသာယာစွာ တရားဓမ္မ ကျင့်သုံးနိုင်ရေး၊ သာသနာတော်မြတ်ကြီး အရှည်ခန့်၍ တည်တန့်ရေးအတွက် အာဏာပါတိမောက် ၀ိနည်းစည်းကမ်းချက်များကို ပညတ်တော်မူခဲ့ပါသည်။ ၀ိနည်းစည်းကမ်းများကို မပညတ်မီ ပထမဦးဆုံး ၀ါတော် (၂၀)အတွင်း၌ သြ၀ါဒပါတိမောက် ဒေသနာတော်ဖြင့်သာ လမ်းညွှန်ဆုံးမတော်မူပါသည်။

လက်ယာရံ လက်ဝဲရံ အဂ္ဂသာဝကကြီးများဖြစ်ကြသော အရှင်မဟာသာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးများ ဘုရားသာသနာတော်အတွင်းသို့ ၀င်ရောက်လာပြီး ရဟန္တာဖြစ်တော်မူ သည့်အချိန်တွင် သာဝကသန္နိပါတ အစည်းအဝေးကြီးတစ်ခု ကျင်းပတော်မူသည်။ ဘုရားရှင်၏ တပည့်သာဝက အားလုံးစုံညီ
တက်ရောက်သော အစည်းအဝေးဖြစ်သောကြောင့် သာဝကသန္နိပါတ အစည်းအဝေး ဟုခေါ်သည်။ ထိုအစည်းအဝေးကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်
ကျောင်းတိုက်ကြီးအတွင်း၌ ကျင်းပတော်မူသည်။

ထိုအစည်းအဝေးကြီး၌ မြတ်စွာဘုရားရှင်က -
အရှင်မဟာသာရိပုတ္တရာကို ပညာဉာဏ်ကြီးသည့်အရာတွင် အသာဆုံး အမြတ်ဆုံး လက်ျာရံ ဧတဒဂ်အရာကို ပေးသနားတော်မူသည်။
အရှင်မဟာမောဂ္ဂလာန်ကို တန်ခိုးကြီးသည့်အရာတွင် အသာဆုံးအမြတ်ဆုံး လက်ဝဲရံ ဧတဒဂ်အရာကို ပေးသနားတော်မူသည်။

ထိုအစည်းအဝေးကြီး၌ သြ၀ါဒပါတိမောက် ဒေသနာတော်ကို ဘုရားရှင်ကိုယ်တော်တိုင် ပြတော်မူသည်။

•••

သြ၀ါဒပါတိမောက် ပထမဂါထာ။
---------------------------------
ခန္တီ ပရမံ တပေါ တိတိက္ခာ ၊ နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇ္ဖိတော ပရူပဃာတီ ၊ န သမဏော ဟောတိ ပရံ ၀ိဟေဌယန္တော။

လွန်စွာ ချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း။
နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏။
သူတပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။
သူတပါးကို ညှဉ်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။

•••

သြ၀ါဒပါတိမောက် ဒုတိယဂါထာ။
----------------------------------
သဗ္ဗပါပဿ အကရဏံ ၊ ကုသလဿူပသမ္ပဒါ။
သစိတ္တ ပရိယောဒါပနံ ၊ ဧတံ ဗုဒ္ဓါန သာသနံ။

မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ။
ကောင်းမှုဟူသမျှကို ပြည့်စုံစေရာ၏။
မိမိစိတ်ကို သန့်ရှင်း ဖြူစင်စေရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

•••

သြ၀ါဒပါတိမောက် တတိယဂါထာ။
-----------------------------------
အနုပ၀ါဒေါ အနုပဃာတော ၊ ပါတိမောက္ခေစ သံဝရော။
မတ္တညုတာစ ဘတ္တသ္မိံ ၊ ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ ၊ ဧတံ ဗုဒ္ဓါန သာသနံ။

သူတပါးကို မစွပ်စွဲ မပြစ်မှားရာ။
သူတပါးကို မညှဉ်းဆဲ မနှိပ်စက်ရာ။
မြတ်သောသီလ၌ စောင့်စည်း လုံခြုံရာ၏။
စားသုံးဖွယ်၌ ပမာဏကို သိရာ၏။
အစွန်အဖျား ကျောင်းအိပ်ရာ၌ နေရာ၏။
ထူးမြတ်သောစိတ်၌ လွန်စွာ အားထုတ်ရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။
အပြည့်အစုံဖတ်ရန်

တပို့တွဲလပြည့် - သြ၀ါဒပါတိမောက် အခါတော်နေ့

တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထားပါသည်။

တပို့တွဲလပြည့်နေ့၏ ထူးခြားချက်များမှာ …
- အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့၊
- အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန် ဧတဒဂ်ရသောနေ့၊
- အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့၊
- ဘုရားရှင်တိုင်း သြ၀ါဒပါတိမောက် ပြတော်မူသောနေ့ တို့ ဖြစ်ပါသည်။

ဘုရားရှင်တို့၏ အဆုံးအမ သြ၀ါဒါနှင့် ပညတ်တော်မူသော သိက္ခာပုဒ်များကို ပါတိမောက်ဟုခေါ်ပါသည်။
ပါတိမောက်တွင် -
• သြ၀ါဒပါတိမောက်နှင့်
• အာဏာပါတိမောက်
ဟူ၍ နှစ်မျိုးရှိသည်။


သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြခွင့်ရှိသည်၊ တပည့်သာဝကတို့ ပြခွင့်မရှိပါ။
ဘုရားတစ်ဆူနှင့်တစ်ဆူ သြ၀ါဒပေးပုံ ကွဲပြားခြားနားမှု မရှိ၊
ပြတော်မူသည့် အချိန်ကာလသာ ကွဲပြားသည်။
ဥပမာ ...

ဝိပဿီမြတ်စွာဘုရားသည် ၇-နှစ်လျှင်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို
ပြတော်မူသည်။ တစ်ကြိမ်ပြလျှင် သြ၀ါဒ ၇-နှစ် ကြာ တည်တံ့သည်။

သိခီနှင့် ဝေဿဘူမြတ်စွာဘုရားတို့သည် ၆-နှစ်လျှင်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။
တစ်ကြိမ်ပြလျှင် သြ၀ါဒ ၆-နှစ်ကြာ တည်တံ့သည်။

ကကုသန်နှင့် ကောဏာဂုမ်မြတ်စွာဘုရားတို့သည် ၁-နှစ်လျှင် တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။
တစ်ကြိမ်ပြလျှင် သြ၀ါဒ ၁-နှစ်ကြာ တည်တံ့သည်။

ကဿပမြတ်စွာဘုရားသည် ၆-လလျှင်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။
တစ်ကြိမ်ပြလျှင် သြ၀ါဒ ၆-လကြာတည်တံ့သည်။

သက်တမ်းရှည်သော ဘုရားတို့မှာ သြ၀ါဒပါတိမောက်ကို သာသနာခေတ်ဆုံးတိုင် ပြတော်မူကြသည်။
သက်တမ်းတိုသော ဘုရားရှင်တို့မှာ ပထမဗောဓိ ခေါ်သော ၀ါတော် ၂၀ အတွင်း၌သာ သြ၀ါဒ ပါတိမောက်ကို ပြတော်မူလေ့ရှိပါသည်။ သိက္ခာပုဒ်တော် ပညတ်ချိန်မှစ၍ သြ၀ါဒ ပါတိမောက်ကို ပြတော်မမူဘဲ အာဏာပါတိမောက်ကိုသာ ပြစေတော်မူပါသည်။

ဘုရားရှင်တို့သည် သြ၀ါဒပါတိမောက်ကို ...
- တပို့တွဲလပြည့်နေ့ ကြုံကြိုက်ခြင်း၊
- ဧဟိဘိက္ခုရဟန်းချည်းသာဖြစ်ခြင်း၊
- ဆဠာဘိည ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာချည်းဖြစ်ခြင်း၊
- မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း ...
ဤ အင်္ဂါ လေးချက်နှင့် ပြည့်စုံမှ ပြမြဲ ဖြစ်ပါသည်။


ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော -
ကဿပညီနောင် ရှင်တစ်ထောင်၊
အရှင်သာရိပုတ္တရာ၊
အရှင်မဟာမောဂ္ဂလန်နှင့် တပည့် ၂၅၀၊
စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား . .
ဂါထာသုံးပုဒ်ဖြင့် သြ၀ါဒပါတိမောက်ကို ပြတော်မူပါသည်။

သြ၀ါဒပါတိမောက်ဂါထာသည် သီလ, သမာဓိ, ပညာကို ဟောကြားထား၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ခေါ်ပါသည်။ သြ၀ါဒပါတိမောက်ဂါထာအတိုင်း လိုက်နာကျင့်ကြံပါက ကိုယ်, နှုတ်, စိတ် ယဉ်ကျေးလိမ္မာပြီး အို, နာ, သေ လွတ်ရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည်
ဖြစ်ပါသည်။



Credit to 3 Treasures:Buddha,Dhamma & Sangha
အပြည့်အစုံဖတ်ရန်