Popular Posts

credit

ဤဘလော့ခ်သည် ဗုဒ္ဓမြတ်စွာဘုရား၏မေတ္တာရိပ်အောက်တွင် တည်ရှိပါသဖြင့် ရောက်လာသူအားလုံး စိတ်နှလုံးချမ်းမြေ့ကြပါစေ....


  • ယခုဘလော့ခ်ကို ဗုဒ္ဓဘာသာပြန့်ပွားစေရန် ရည်ရွယ်၍ ကျွန်တော်တို့ ဖတ်မှတ်၊စုစည်း၊သိမ်းဆည်းထားသည်များကို အများသိရှိစေရန် ပြန်လည်ဖြန့်ဝေခြင်းသာလျှင် ဖြစ်ပါသည်။
  1. တစ်ချို့သော စာစုများမှာ မူရင်းရေးသားသူကို မမှတ်မိတော့ပါသဖြင့် credit မပေးနိုင်တော့သည့်အတွက်
    မူရင်းရေးသားသူကို ဤနေရာမှ အနူးအညွတ်တောင်းပန်အပ်ပါသည်။
  2. အကယ်၍ စာဖတ်သူများမှ သိရှိပါကလည်း သက်ဆိုင်ရာပို့စ်အောက်တွင်လည်းကောင်း၊
    thewordsofbuddha@gmail.com သို့လည်းကောင်း အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်။
  3. " ပို့စ်အသစ်တင်တိုင်း gmailကိုအကြောင်းကြားစေလိုပါက" အောက်တွင် မိမိတို့၏ gmail လိပ်စာကို ဖြည့်သွင်းထားပါက ပို့စ်အသစ်တင်တိုင်း မိမိတို့၏ gmail သို့ အကြောင်းကြားပေးပါသည်။
Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts

Saturday, October 19, 2013

သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာအခါတော်နေ့

ဒီနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့နေ့လည်း ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက ဒီနေ့ဟာ မြတ်စွာဘုရားရှင် ၀ါတွင်းသုံးလ ကာလပတ်လုံး တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက် ကြွရောက်တော်မူတဲ့ နေ့လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာ မြန်မာများက အဘိဓမ္မာ အခါတော်နေ့လို့ ထူးထူးခြားခြား အမည်ထားကြခြင်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဆိုရင်တော့ အခုလို သီတင်းကျွတ်လပြည့်နေ့ ညမှာ ကျောင်းတိုင်း၊ အိမ်တိုင်းနီးပါး ဆီးမီးဖယောင်းတိုင်လေးတွင် ထွန်းညှိထားတတ်ကြပါတယ်။ ဒီအလေ့အထဟာ နတ်ပြည်က ဆင်းသက်တော်မူလာတဲ့ ဗုဒ္ဓမြတ်စွာကို ကြိုဆိုတဲ့ အနေနဲ့ ဆီးမီးဖယောင်းတိုင် စသဖြင့် ထွန်းညှိကာ ပူဇော်ကြတဲ့ အလေ့အထပဲ ဖြစ်ပါတယ်။


မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ခုနှစ်ဝါမြောက်ဝါကို တာဝတိံသာ နတ်ပြည်မှာ ကပ်ဆိုတော်မူပါတယ်။ ၀ါဆိုရတဲ့ အကြောင်းရင်းကတော့ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သား အမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာ ဒေသနာတော် ဟောတော်မူလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားလောင်းကို မွေးဖွားပြီး (၇)ရက်မြောက်မှာ နတ်ရွာစံကာ တာဝတိံသာ နတ်ပြည်မှာ သန္တုသိတ အမည်ရတဲ့ နတ်သားတစ်ပါးအဖြစ် ပြန်လည်မွေးဖွားခဲ့ပါတယ်။ ဘုရားဖြစ်တော်မူပြီးတဲ့ မြတ်စွာဘုရားဟာ မိခင်ကျေးဇူးကို တရားနဲ့ ဆပ်လိုတဲ့အတွက် အမိနတ်သားရှိတဲ့ နတ်ပြည်ကို ကြွတော်မူကာ ဒီလိုအဘိဓမ္မာ ဒေသနာတော်ကို ဟောတော်မူခြင်း ဖြစ်ပါတယ်။

အဘိဓမ္မာ ဒေသနာတော်ဟာ သိမ်မွေ့နက်နဲကာ ရှည်လျားလှပြီး တစ်နာရီ နှစ်နာရီလောက်နဲ့ ပြည့်စုံအောင် ဟောကြားပေးဖို့ မဖြစ်နိုင်တဲ့အတွက် ၀ါတွင်းသုံးလပတ်လုံး ၀ါဆိုဝါကပ်ရင်း ဟောတော်မူရခြင်း ဖြစ်ပါတယ်။ ၀ါတွင်းကာလ တာဝတိံသာ နတ်ပြည်မှာ သုံးလလုံးလုံး သီတင်းသုံး နေတော်မူပေမယ့် နတ်တို့ရဲ့ အချိန်နဲ့ကျတော့ သုံးလဟာ မိနစ်၊နာရီပိုင်း လောက်ပဲရှိပါတယ်။ ဒါပေမယ့် လူသားဖြစ်တဲ့ ဘုရားရှင်ကတော့ ဒီသုံးလအတွင်းမှာ လူ့ပြည်ကို နေ့စဉ်ကြွကာ ဆွမ်းခံပြီး ဘုဉ်းပေးတော်မူပါတယ်။ ဘုရားရှင် လူ့ပြည်ဆင်းတဲ့ အခိုက်အတန့်မှာဆိုရင် ဘုရားရှင်က ကိုယ်တော်မြတ်နဲ့ ထပ်တူထပ်မျှ တူညီလှတဲ့ နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းပြီး နတ်သဘင် တရားပွဲကို ဆက်လက်ဟောကြား စေတော်မူပါတယ်။

နေ့စဉ်လူ့ပြည်ဆင်းပြီး ဥတ္တရကုရုကျွန်းမှာ ကြွရောက်ကာ ဆွမ်းခံဆွမ်းဘုဉ်း ပေးတော်မူလေ့ရှိတဲ့ ဘုရားရှင်ဟာ တပည့်ဖြစ်တော်မူတဲ့ ပညာအရာ ဧတဒဂ်ရ အရှင်သာရိပုတ္တရာ မထေရ်မြတ်နဲ့ ဆန္ဒကူးတောမှာ တွေ့ဆုံကာ အရှင်သာရိပုတ္တရာကို နတ်ပြည်မှာ ဟောကြားတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်အကြောင်း အကျဉ်းအနေနဲ့ ပြန်လည်ဟောကြားတော် မူပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်ဟာ ပညာဉာဏ်ကြီးမားတော် မူလှတဲ့အတွက် မြတ်စွာဘုရား အကျဉ်းဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ကို အကျယ်ဆင်ခြင် နားလည်သဘောပေါက် တော်မူပါတယ်။ ပြီးတော့ အရှင်သာရိပုတ္တရာ မထေရ်ဟာ မိမိဘုရားရှင်ထံက နာယူတော်မူခဲ့တဲ့ အဘိဓမ္မာဒေသနာတော်ကို တပည့်ဖြစ်တဲ့ ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောပြတော်မူပါတယ်။

ဒီနေ့ အသုံးပြုနေတဲ့ ပိဋကတ်သုံးပုံရဲ့ အဘိဓမ္မာ ပိဋကဟာ မြတ်ဗုဒ္ဓရဲ့ အကျဉ်းဟောကြားချက်ကို အကျယ်သိရှိပြီး တပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောကြားတော် မူထားတဲ့ အဘိဓမ္မာ ဒေသနာတော်ပဲ ဖြစ်ပါတယ်။ တာဝတိံသာ နတ်ပြည်မှာ ၀ါဆိုရင်း အဘိဓမ္မာ ဒေသနာတော်ကို နေ့စဉ်ဟောကာ လူပြည်မှာလည်း ပြန်လည် မိန့်ကြားတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာ ဒေသနာတော်ဟာ ၀ါကျွတ်လို့ အဘိဓမ္မာ ခုနှစ်ကျမ်းလည်းကုန် လူ့ပြည်မှာလည်း အပြီးတိုင် ဟောကြားပို့ချပြီးဖြစ်ကာ တကယ့်ကို အနှစ်သာရ ပြည့်ဝတဲ့ ဒေသနာတော်တစ်ရပ် ဖြစ်တော်မူခဲ့ပါတယ်။ အဘိဓမ္မာ ဓမ္မသဘင်ပြီးဆုံးတဲ့အခါ မယ်တော်အမိနတ်သား ဖြစ်တဲ့ သန္တုသိတ နတ်သားဟာ သောတာပတ္တိဖိုလ်၌တည်ပြီး အခြားမြောက်များစွာသော နတ်ဗြဟ္မာ အပေါင်း ဟာလည်း တရားရကာ ကျွတ်တမ်းဝင်ခဲ့ကြပါတယ်။

တရားပွဲလည်းပြီး ၀ါလည်းကျွတ်ပြီဖြစ်လို့ သီတင်းကျွတ်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဟာ လူပြည်ကို ဆင်းကြွတော်မူပါတယ်။ လူပြည်ကြွတဲ့ အခါမှာလည်း တပည့်ဖြစ်တဲ့ အရှင်သာရိပုတ္တရာကို ချီးမြှောက်လိုတဲ့အတွက် အရှင်သာရိပုတ္တရာ ရှိတဲ့ သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူပါတယ်။ ဘုရားရှင် သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူမှာသိတဲ့ လူအများဟာ ဘုရားရှင်ကို အမျိုးမျိုးသော ပူဇော်မူများ၊ ပန်းမာလ်များ၊ ဆီးမီးများ ထွန်းညှိကာ ပူဇော်ရင်း ကြိုဆိုကြပါတယ်။ ဒီအစဉ်အလာကို ယူပြီး မြန်မာပြည်မှာ သီတင်းကျွတ်လပြည့်နေ့မှာ ဆီးမီးထွန်းရင်း ဘုရားရှင်ကို ပူဇော်ကြိုဆိုကာ အဘိဓမ္မာ ဒေသနာတော်ကိုလည်း ရွတ်ပွားသရဇ္ဈာယ်ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သီတင်းကျွတ်လပြည့်နေ့ဟာ ဘုရားရှင်လူ့ပြည်ကို ကြွတော်မူတဲ့နေ့၊ ဒါမှမဟုတ် အဘိဓမ္မာ ဒေသနာတော် ဟောကြားမှု ပြီးဆုံးတဲ့ အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ်တဲ့ နေ့ဖြစ်ပြီး ဒီနေ့မှာ ဗုဒ္ဓဘာသာများဟာ ကုသိုလ်ကောင်းမှု အစုစုကို ပြုကြခြင်း ဖြစ်ပါတယ်။ ဒါက သီတင်းကျွတ်လပြည့်နေ့နဲ့ အဘိဓမ္မာ အခါတော်နေ့ အကြောင်း တစ်စေ့တစ်စောင်း ဖြစ်ပါတယ်။

စကားစပ်လို့ ဒီနေရာမှာ အဘိဓမ္မာအကြောင်း နဲနဲလောက် မိတ်ဆက်တင်ပြလိုပါတယ်။ ဘုရားရှင်ရဲ့ ဓမ္မဒေသနာများကို ပိဋကအနေနဲ့ အစုသုံးစု ခွဲခြားထားရာမှာ သုတ္တန္တပိဋကို သတ္တ၀ါတွေရဲ့ အသိဉာဏ်နဲ့ သင့်တော်မယ့် ဝေါဟာရများကို အသုံးပြု ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ ဝေါဟာရဒေသနာ၊ ၀ိနယပိဋကကို ဘုရားတပည့် သာဝကများ လိုက်နာကျင့်ကြံရန် အာဏာကို အများဆုံးသုံးကာ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ အာဏာဒေသနာ၊ အဘိဓမ္မာပိဋကကို မဖောက်မပြန် မှန်ကန်တဲ့ သဘောတရား (ပရမတ္ထတရား) များကို အကြွင်းမရှိ ပြည့်ပြည့်စုံစုံ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ ပရမတ္ထဒေသနာ လို့ ဖွင့်ပြပါတယ်။ ဒီမှာဖွင့်ပြတဲ့ အဘိဓမ္မာအဖွင့်အရ အဘိဓမ္မာဆိုတာ လောကသုံးပါးနဲ့ နိဗ္ဗာန်တို့ရဲ့ အကြောင်းအရာများကို တကယ်အစစ်အမှန်ရှိတဲ့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရားလေးပါးနဲ့ ခွဲခြမ်းစိပ်ဖြာ ဟောကြားထားခြင်းကို ဆိုလိုတာဖြစ်ကြောင်း သဘောပေါက် မှန်ယူနိုင်ပါတယ်။

အဘိဓမ္မာ ဒေသနာတော်မှာ လောကကြီးကို လွှမ်းမိုးချယ်လှယ်နေတဲ့ စိတ်၊ စေတသိက်တို့ရဲ့ သဘောသဘာဝများကို မခြွင်းမချန် မှန်ကန်ပြည့်စုံအောင် ဟောကြားထားတဲ့အတွက် ဒီအဘိဓမ္မာဟာ လူတိုင်းအတွက် မှန်ကန်တည့်မတ်တဲ့ ဘ၀အမြင်ကို ဖြစ်စေပါတယ်။ ပြီးတော့ အဘိဓမ္မာမှာ် လူတို့အား ဆိုးသွမ်းယုတ်ညံ့ ဆင်းရဲစေတတ်တဲ့ အကုသိုလ် စေတသိက်များ၊ လူတို့ရဲ့ ဘ၀ကို မြင့်မြတ်စေတတ်တဲ့ သောဘဏ စေတသိက်များ၊ ကောင်းမြတ်တဲ့ လုပ်ငန်းများတွင် အောင်ပန်းဆင်စေတတ်တဲ့ ဗလအင်းအားနှင့် အဓိပတိတရားများ၊ ၀ဋ်ဆင်းရဲမှ လွတ်မြောက်စေပြီး အချမ်းသာဆုံး သန္တိသုခကို ရရှိစေနိုင်တဲ့ ကျင့်စဉ်အမှန်တရားများ စသည်တို့ကို တိတိကျကျ ဖော်ညွန်းထားတဲ့အတွက် အဘိဓမ္မာဒေသနာဟာ တန်ဘိုးမဖြတ်နိုင်တဲ့ ဘ၀ပညာပေး တရားလို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။ ပိုပြီးထူးခြားစေနိုင်တာက အဘိဓမ္မာရဲ့ သဘောကို ကောင်းစွာသိရှိပြီး စိတ်၊ စေတသိက် စတဲ့ ပရမတ္ထတရားများရဲ့ အလုပ်လုပ်ပုံကို သိရှိနားလည်လာပါက ငါ ငါလို့ စွဲတတ်တဲ့ အသက်ကောင်၊ ၀ိညာဉ်ကောင်၊ လိပ်ပြာကောင်တို့ မရှိကြောင်း ရှင်းရှင်းလင်းလင်း သိမြင်သွားနိုင်ကာ မှားယွင်းတဲ့ အမြင်အယူတို့ကို ပယ်ခွာရင်း နိဗ္ဗာန်အထိ မျက်မှောက်ပြုရေးကို အထောက်အကူ ပေးနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒီလိုအကျိုးတရားနဲ့ သဘောတရားများကို အဘိဓမ္မာဒေသနာတော်က ထုတ်ဖော်ပြသပေးထားတဲ့ အတွက် အဘိဓမ္မာဒေသနာတော်ဟာ အမှန်ကန်ဆုံး ဘ၀ပညာပေး ပရမတ္ထ ဒေသနာတော် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ဒါက စကားစပ်လို့ အဘိဓမ္မာ ဒေသနာရဲ့ ထူးခြားချက်ကို အကျဉ်းအနေနဲ့ မိတ်ဆက် တင်ပြခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောလိုတာက သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့ရဲ့ ထူးခြားမှု အကြောင်းပဲ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီများကို ဗုဒ္ဓဘာသာရဲ့ ထူးခြားမှုများနဲ့ တင်စားဖော်ပြခြင်းဖြင့် လစဉ်လတိုင်း ကုသိုလ်တရားများ တိုးပွားစေနိုင်တဲ့အပြင် ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ်များကိုလည်း သိရှိမှတ်သားခွင့် ရနိုင်တဲ့အတွက် ထူးခြားတဲ့ သဒ္ဓါတရားများ ပွားတိုးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို သီတင်းကျွတ်လပြည့် နေ့မျိုးမှာ ဗုဒ္ဓမြတ်စွာ တာဝတိံသာမှာ အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားပြီး လူ့ပြည်သို့ ပြန်လည်သက်ဆင်းတဲ့ ပုံရိပ်ကို နိမိတ်ယူကာ ဘုရားရှင်ကိုလည်း ပူဇော်ရင်း ဘုရားဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ရဲ့ အနှစ်ရှိပုံကိုလည်း လေ့လာကြည်ညိုရင်း ဥပုသ်နေ့ဖြစ်တဲ့အတွက် ဥပုသ်သီလလည်း စောင့်သုံးကာ ကုသိုလ်တရား ပွားနိုင်ကြဖို့ သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့အကြောင်း ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ် တစ်ခုအနေနဲ့ ဗဟုသုတဖြစ်ဖွယ် ရေးသားတင်ပြလိုက်ရပါတယ်။

စာရေးသူ - မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
အပြည့်အစုံဖတ်ရန်

Tuesday, March 19, 2013

ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော် နှင့် ရွှေထီးတော်

"အထွဋ်စိန်" ဟုခေါ်သည်၊ ရွှေတိဂုံစေတီတော်ရဲ့ အမြင့်ဆုံးနေရာပါ။ အရွယ်အစားကတော့ (၇၆) ကာရက်ရှိပါတယ်။ ရင်ပြင်တော်မှ အမြင့်ပေ (၃၂၆) ပေခန့်တွင်ရှိပါတယ်။


ပန်းလည်တိုင်တွင်ပတ်ကာ စိတ်ကူကောင်းကောင်းဖြင့် လှပသပ္ပယ်စွာ လှူတန်းထားသော "ရွှေစင်ရွှေသား လေးဆူမြတ်ဘုရား" များမှတစ်ခုပါ။အစောဆုံးစတင်လှူတန်းမှုမှာ (၁၉၃၁) ခုနှစ်ကဖြစ်တယ်။ ဘုရားလေးဆူပါ ပန်းလည်တိုင်ကာတစ်ခုလျှင် ရွှေစင် (၆) ကျပ်သားအလေးချိန်ရှိတယ်။ ကြာကလပ်တော် မှ စိန်ဖူးတော်အထိ အားလုံး (၄၅) ခုရှိပါတယ်။


၁၉၉၉ ခုနှစ် မတ်လ (၁) ရက်နေ့ ရွှေတိဂုံစေတီတော် ထီးတော်သစ် တင်လှူပွဲကာလအတွင်း ငှက်မြတ်နားတော်ရှိ ရုပ်ပွားတော်အား ရောင်တော်ဖွင့်အပြီး မတ်လ (၁၉) ရက်နေ့တွင် ရောင်ခြည်တော်ကွန့်မြူးစဉ်။


ငှက်မြတ်နားတော် အဖျားပိုင်းတွင် သံမဏိချုပ်တန်းသစ် (၂) ခု တတ်ဆင်ထားပြီး ဒဏ်ခံစပရိန်သံမဏိဆိုင်းကြိုး (၄) ကြိုးဖြင့် ဘေးတစ်ဖက်တစ်ချက်ဆီမှ ထိန်းချုပ်ထားသည်။ ငှက်မြတ်နားတော်နှင့် ခေါင်းလောင်းပဒေသာ ချောမွေ့စွာ လည်ပတ်နိုင်စေရန် Steel ball များ အသစ်လဲ၍ Hard crease အပြည့်ဖြည့်တင်းထားသည်။


ရွှေတိဂုံစေတီတော် ငှက်မြတ်နားတော် အနောက်ဖက်ရှိ ရွှေစင်ရွှေသား စေတီတော် ပုံစံငယ်ကို တွေ့ရစဉ်။


ထီးတော်၏ စုစုပေါင်း ရွှေအလေးချိန် - (၁၄၄.၈၉) ပိဿာ
ထီးတော်ပေါ်ရှိ ရတနာပစ္စည်းမျိုးစုံ - (၈၃၈၅၀) ခု - ရွှေ (၃၂၆) ပိဿာ
ထီးတော်ပေါ်ရှိ ရွှေညောင်ရွက် - (၁၈၀၅) ရွက် - အလေးချိန် (၁၃.၅၉) ပိဿာ
ထီးတော်ပေါ်ရှိ ရတနာရွှေကြုတ် - (၉) ခု - အလေးချိန် (၄.၅) ပိဿာ
ထီးတော်ပေါ်ရှိ ရွှေခေါင်းလောင်း - (၄၇၄) လုံး
ထီးတော်ပေါ်ရှိ ရွှေ၊ ငွေ၊ ကြေး စပ် ခေါင်းလောင်း - (၇၉၃) လုံး
ထီးတော်၏ သံမဏိအလေးချိန် ၊ ထီးခွေ နှင့် ထီးဒေါက်အပါအဝင် - (၄.၄၇) တန်
ထီးတော်၏ ကြေးအလေးချိန် - (၀.၈၃) တန်


ဒီနေရာကတော့ ရွှေငွေပေါင်းကူး ဆပ်သွားဖူးလို့ခေါ်ပါတယ်၊ အောက်ခံငွေသားပေါ်မှာ (၃၄) ဂိတ်ထူတဲ့ရွှေသားကိုအုပ်ပြီး ပူဇော်ထားပါတယ်။ ပုံမှာမြင်တဲ့အတိုင်းပဲ ရွှေဆည်းလည်း၊ ရွှေခေါင်းလောင်း၊
ရွှေကြေးစည်၊ ရွှေညောင်ရွက်များနဲ့ လက်ဝတ်ရတနာများ ချိပ်ဆွဲလှူတန်းထားရာ နေရာဖြစ်ပါတယ်။


ရွှေတိဂုံစေတီတော် ရွှေထီးတော်သစ်၏ ပဉ္စမ ၊ ဆဋ္ဌမ ၊ သတ္တမ ဘုံဆင့်များ။


ရွှေတိဂုံစေတီတော် ရွှေထီးတော်သစ်၏ ပဉ္စမ ၊ ဆဋ္ဌမ ၊ သတ္တမ ဘုံဆင့်များ။


"အားလုံးဖူးမြှော် ရွှေထီးတော် ပူဇော်ထူးမြတ် အနီးကပ်"
အသစ်တင်လှူမည့် ရွှေထီးတော်အား ရွှေချပူဇော်ခြင်း မပြုလုပ်မှီ ဖူးမြင်ရပုံ။


"တစ်ဘုံမှာ တစ်ဖုံဆန်း ထုံမွှန်းလျက်ပူဇော်ကာ မြန်မာ့ပန်းပညာ"
ယနေ့ တင်လှူပူဇော်ထားသော ရွှေထီးတော်သစ်။


ထီးတော်အသစ် အတွင်းပိုင်းတွင် ကိန်းဝတ်စံပယ်လျှက်ရှိသော ရတနာစီခြယ် ဗုဒ္ဓရုပ်ပွားတော်။


ထီးတော်အသစ်၏ နေရာအသီးသီးတွင် ရှုမကုန် အံ့မခန်း ပန်းထိမ်လက်ရာဆန်းများကို တွေ့မြင်နိုင်လေသည်။ အနုပညာရတနာသိုက်ကြီးဟု တင်စားလောက်အောင်ပင် စုံလင်လှပေသည်။ နဝရတ်ကိုးပါးစီခြယ်ထားသည့် ရတနာရွှေကျောင်းဆောင် ရတနာမျိုးစုံစီခြယ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်များကို ထီးတော်သစ်တွင် မြင်တွေ့ဖူးမြှော်နိုင်ပါသည်။


ထီးတော်သစ် ပဉ္စမဘုံ ၊ ဆဋ္ဌမဘုံ အတွင်းပိုင်းရှိ သံမဏိ Frame ပေါ်တွင် အများပြည်သူတို့ လှူတန်းထားသော ဆည်းလည်း ခေါင်းလောင်းများ ၊ လက်ဝတ်ရတနာများ ၊ ရုပ်ပွားတော်များအား တွေ့မြင်ရစဉ်။


ထီးတော်သစ် တည်ငြိမ်မှုရှိစေရန် ပထမဘုံဆင့်နှင့် ဖေါင်းရစ်တော်များကြား အားဖြည့်ထောက်ပံ့ထားသော သံမဏိဒေါက်တိုင်များ ပတ်လည်တွင် အများပြည်သူ လှူတန်းထား သည်များကို တွေ့ရစဉ်။ ဤနေရာတွင် ပြုပြင်ပြီးစီး၍ ရွှေသင်္ကန်း ကပ်လှူပူဇော်ထားသော ကြာကလပ်တော် ကိုလည်း တွေ့မြင်နိုင်သည်။


"သံသေခေါင်းလောင်း မရွှေ့ပြောင်း"
"ပြဒါးသေ တစ်ဆွေဝ ၊ သံသေ တစ်ပြည်ဝ" ဟု ရှေးက ဆိုရိုးရှိခဲ့လေသည်။
သာယာဝပြောသော နိမိတ်ကိုဆောင်သည့် သံသေခေါင်းလောင်းတို့ကို မပြောင်းမလဲ ရှိမြဲနေရာမှာပင် သိဒ္ဓိမပျက်စေရန် ပြန်လည်းထားရှိခဲ့သည်။


ဇွန်းလေးဘုံတွင် ကြည်လင်တောက်ပ ခိုင်မာလှဖို့ ပြင်ကြ ဆင်ကြ ကြိုးစားကြ ...
ဇွန်းလေးဘုံဟုခေါ်ပါတယ်။ပိန္နဲတိုင်အဆက် Muff Coupling ကို ငုံပြီးတန်ဆာဆင် ပူဇော်ထားပါတယ်။ ပြင်ပမှကြည့်လျှင်တော့ လုံးဝမမြင်ရပါဘူး။


၁၉၉၉ ခုနှစ် ရွှေတိဂုံစေတီတော် ထီးတော်သစ်တင်လှူပွဲမှ မှတ်တမ်းပုံများ ရှိပါတယ်။

မတ်လ(၂၂)ရက်နေမှ(၂၆)ရက်နေ့အထိညစဉ်(၇)နာရီတွင် ရွှေတိဂုံစေတီတော်အရှေ့ဘက်ခေတ္တရာကွင်းတွင်
တရားပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လ(၂၂)ရက်နေ့တွင် ဗဟန်းမြို့နယ်၊ ညောင်တုန်းကျောင်းတိုက်၊ လှရတနာကျောင်းမှ
သ.စ.အဓမ္မာစရိယဝဋံသကာပါဠိပါရဂူ ပထမကျော်အဂ္ဂမဟာအကျော် အဋ္ဌကထာပြန်အကျော်
ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)၊

မတ်လ(၂၃)ရက်နေ့တွင် နေပြည်တော်၊တပ်ကုန်း၊ငွေတောင်တောရမှ သာသနဓဇဓမ္မာစရိယ
ဘဒ္ဒန္တကောဏ္ဍည၊

မတ်လ(၂၄)ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ ကံသုံးဆင့်စာသင်တိုက်မှနိုင်ငံတော် သံဃမဟာနာယကအဖွဲ့
(တွဲဖက်အကျိုးတော်ဆောင်) အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တ ဂုဏိကာဘိဝံသ၊

မတ်လ(၂၅)ရက်နေ့တွင် ဒလမြို့နယ်၊ဇေယျဝတီကျောင်း မှဂန္ထဝါစကဓမ္မကထိကလယ်တီဘဒ္ဒန္တစန္ဒာဝရနှင့်

မတ်လ(၂၆)ရက်နေ့၊တပေါင်းလပြည့်နေ့တွင် မရမ်းကုန်းမြို့နယ်၊ကလေးဝတောရ ကျောင်းတိုက်မှ
ဒွိပိဋကဓရ၊ဒွိပိဋကကောဝိဒအဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာကမ္မဌာနစရိယလယ်တီဘဒ္ဒန္တဇာဂရာဘိဝံသ
(ကလေးဝတောရ ဆရာတော်)တို့ကတရားချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

တရားချစ်ခင်သူတော်စင်အပေါင်း တရားဓမ္မများ နာယူနိုင်ရန် နိုးစော်အပ်ပါသည်။

ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ (၂၆၀၁) ကြိမ်မြောက်ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အား ဤ post လေးဖြင့်
ပူဇော်ပါသည်။
လေးစားစွာဖြင့် .... မောင်မြင့်

Credit to http://satekuupuyar.blogspot.com
အပြည့်အစုံဖတ်ရန်

Wednesday, August 29, 2012

ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်လူပုဂ္ဂိုလ်များ၏ အတွေး အမြင် နှင့် မှတ်ချက်များ

(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)




(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်းမဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိညဏ်အလင်းရရှိစေရန် တရားဟောခြင်းဖြစ်သည်။
(စာရေးဆရာတစ်ဦး)


(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။
(စာရေးဆရာတစ်ဦး)

(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် ၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။
(အိုင်စတိုင်းလ် - Albert Einstein)

(၅) သတ်ပစ်လိုက်
ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းသည် အကျိုးမရှိပါ၊ ခန္ဓာကိုယ်က အပြစ်ကျူးလွန်ခြင်းကိစ္စမှာ တာဝန်မရှိပါ၊ မသိမိုက်မဲစိတ်ကသာ အပြစ်ကို ကျုးလွန်၍ တာဝန်ရှိသူဖြစ်တယ်၊ မသိမိုက်မဲမှုလျင် လူသတ်သမားအစစ်ဖြစ်ပါတယ်။
ဒါ့ကြောင့် မသိမိုက်မဲမှုကိုသာ သတ်ပစ်ရမယ်၊ ကြိုးပေးရမယ်၊ ဘယ်လိုသတ်ဖြတ်ကြိုးပေးရမလဲ?
လူသတ်သမားကို သစ္စာ ပညာ ဗုဒ္ဓဒေသနာတရား ဟောကြားပြီး မိုက်မဲမှု မသိမှုကို ပယ်သတ်ပြစ်နိုင်တယ်။
(မဟတ္တမဂန္ဒီ - Ghandi)

(၆) အနာဂါတ်ဘာသာတရားက သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေပေးစွမ်းနိုင်သော အယူဝါဒတစ်ရပ်သာဖြစ်ရလိမ့်မည်။ အနှီးဘာသာသည် ပုဂ္ဂလအဓိဌာန်အယူအဆဖြင့် ဖန်တီးတီထွင်ထားသော ဖန်ဆင်ရှင်တရားနှင့် မသက်ဆိုင်စေသင့်။ တစ်ယူသန်အစွဲအလမ်းများနှင့် ယင်တို့မှ ပေါက်ဖွားခဲ့သော အကိုးအကြောင်းဆက်ပညာကိုလည်း ကျော်လွှားလွန်မြောက် ရလိမ့်မည်။
ထိုဘာသာတရားသည် သာဘာဝလောကဓာတ်(ရုပ်တရား)နှင့်တကွ နာမ်တရာများကို လွှမ်းခြုံ၍ ဒိဌဓမ္မဖြင့် အဓိပ္ပါယ်ပြည့်ဝသော ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်မည်။ ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့် ပြည့်စုံသည်ကို တွေ့ရ၏။ မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်သောဘာသာတရားတစ်ခုရှိသည်ဆိုပါလျင် ထိုဘာသာတရားက ဗုဒ္ဓဘာသာဖြစ်လိမ့်မည်။
(အိုင်စတိုင်းလ် - Albert Einstein)


(၇) ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ဆိုခြင်းကို မပြောလျှင်မဖြစ်ပြောပါဟု သင်ကကျွနုပ်အား တိုက်တွန်းခဲ့သော် ကျွနုပ်စိတ်ပါလက်ပါစာနာထောက်ထားသောအားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်" ဟု မဆိုင်းမတွ အဖြေပေးရမည်ဖြစ်ပါသည်။
(ရာဘင်ဒြာနတ်တဂိုးလ် - Rabindranath Tagroe)


(၈) ဗုဒ္ဓ၏ကြီးမားသော အနစ်နာခံမှု၊ စွန့်လွတ်မှုနှင့် ဘဝ၏သန့်ရှင်းစင်ကြယ်မှုတို့ဖြင် ဟိန္ဒူဝါဒအပေါ်တွင် မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ်တစ်ခုကို ထားရစ်ခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုမြတ်သောဆရာအား အနန္တကျေးဇူးကြွေးများ ပေးဆပ်ရန် ရှိနေပေသည်။ (မဟတ္တမဂန္ဒီ - Ghandi)

(၉) အကယ်၍ ပြဿနာတစ်ခုခုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်။
(နေရူး - Nehru)

(၁၀) ဗုဒ္ဓ၏ အဆုံးအမများသည် ဟိန္ဒူဝါဒတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်အကျုံးဝင်နေသည်ဟု ကျွနုပ်ဆင်ခြင်ယူဆမိပါသည်။ အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဝါဒအပေါ် ဂေါတမဗုဒ္ဓ က မည်ကဲ့သို့ ကြီးမားစွာ ပြောင်းလဲစေခဲ့သည်ကို မည်သို့မျှ ပြန်လည်စူးစမ်းရှာဖွေရန် မဖြစ်နိုင်တော့ချေ။
(မဟတ္တမဂန္ဒီ - Ghandi)

(၁၁) သန့်ရှင်းသော နည်းနာနိဿယနှင့် မြင့်မြတ်သောသင်ကြားမှုများမှာ တစ်စုံတစ်ရာသော အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွက်နိုင်သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရပေသည်။
(အိပ်ခ်ျဂျီဝဲလ် - H.G. Wells - ဗြိတိသျှသမိုင်းပညာရှင်)

(၁၂) ရှင်တော်ဗုဒ္ဓ --- အရှင်ဘုရားဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြားအရာတွေထက် အကြောင်းအရာ တစ်ခုအတွက်နှင့်ပဲ တပည့်တော် အရှင်ဘုရားရဲ့ တရားဒေသနာတော်ကို လေးစားမြတ်နိုးလှပါသည်။ အဲဒီအကြောင်းအရာဟာ ဘာလဲဆိုရင် တရားဒေသနာမှာ ပါတဲ့ အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်းဖြစ်ပါတယ်။ သူ့အလိုလိုပင် ထင်ရှားနေခြင်း ဖြစ်ပါတယ်။ (ဟာမန်ဟက်စ် - ၁၈၈၇ - ၁၉၆၂ )

(၁၃) ပြစ်မူကျူးလွန်သူသည် ဘုရားသခင်ထံ တောင်းပန်အသနားခံရန် ဆုတောင်းဝတ်ပြုကြိုးစားမူတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓဝါဒီတို့က မယုံကြည်ချေ။
(ဂျွန်ဝေါလ်တားစ် - John Walters)

(၁၄) စိတ်ချမ်းတာစေတာက
ကျွနုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမူ ဝိုင်းဝိုင်းလည်နေသည့် ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျနေကြရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝသော်လည်း စိတ်ချမ်းသာမူ ကင်းသော အခြေအနေတွင် စိတ်၏ချမ်းသာမူ အမှန်တကယ်ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကိုကျင့်ကြံအားထုတ်ကြည့်ဖို့သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမူကို အမှန်တကယ်ဖြစ်စေနိုင်သည်။ (ဂျွန်ဝေါလ်တားစ် - John Walters)

(၁၅)သက်ရှိသတ္တဝါများကို မညှင်းဆဲရန် နတ်ဘုရားများထံဝယ် ဆုတောင်းပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ်ရန် ဗုဒ္ဓသည် လူ့သမိုင်းတွင် အဦးဆုံး အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။
(Prof. Phys Davids)

(၁၆) ဗုဒ္ဓ၏တရားတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ ရှိနေသည်ထက်ပို၍လိုအပ်သောအချိန်ဖြစ်သည်။
(နေရူး - Nehru)

(၁၇) ကမ္ဘာပေါ်ရှိ ဘာသာတရားတီထွင်သူ ခေါင်းဆောင်အများစုမှာ မဟာခရီးသည်များဖြစ်ကြသည်။ ဘာသာတရားခေါင်းဆောင် ဓမ္မနာယကများထဲတွင် အကျင့်သိက္ခာ၊ ပညာဥာဏ်၊စဉ်းစားဥာဏ်၊ စိတ်နေသဘောထားအရာတို့၌ အမြင့်မြတ်ဆုံးဖြစ်သည့် ဗုဒ္ဓသည် ခရီးသည်ဘုရင် ဖြစ်သည်။
(ရာဟုလာသံ ကစ္စည်း)

(၁၈) လူမှုဒုက္ခ သုက္ခအရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးတရားဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။
(နေရူး - Nehru)

(၁၉) ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါဟူ၍ မည်သည့်အခါမျှ မရှိချေ။ ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာမဲ့သောစကားထွက်ပေါ်လာသည်ဟူ၍ မည်သည့်အခါမျှ မရှိပေ။
(Dr. S. Radhakrishnan)

(၂၀) ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် အခြားဘာသာဝင်များကို ညှင်းပန်းနှိပ်စက်မှုဟူသော မှတ်တမ်းမှတ်ရာ တစ်စုံတစ်ရာမျှ မရှိပါပေ။
(ပါမောက္ခရီးစ်ဒေးဗစ် - Prof. Rhys Davids )

(၂၁) ဘာသာကို ကျုပ်လက်ခံယုံကြည်နိုင်ခြင်း မရှိပါ၊ သို့သော် ကမ္ဘာ့ဘာသာကြီးများအနက်တစ်စုံတစ်ခုသော ဘာသာကို လက်ခံရန် အကြောင်းများပေါ်ပေါက်လာခဲ့သော် မိမိလက်ခံနိုင်မည့် ဘာသာတရားမှာ " ဗုဒ္ဓဘာသာ" ဖြစ်ပါသည်။
(Bertrand Russell, English Philosopher)

(၂၂) ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့် ရှုမြင်မှုကိုသာ အဓိကထားသည်။ ဗုဒ္ဓ၏ သွန်သင်ဆုံးမမှု (တရားတော်) များသည် "ဧဟိ ပဿိကော လာလှည့် ရှူလှည့်" ဟုဖိတ်ခေါ်ခြင်းကိုသာ ပြု၍လာပြီး ယုံကြည်လော့ ဟုမဆိုပေ။
(ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)

(၂၃) ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် (သို့) နတ်ဘုရားများ၏ ကူညီမှု မြူတစ်စိမျှမပါဘဲ လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက်ရေးကို ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖော်ကြေငြာခဲ့သည်။
(Prof. Eliot)

(၂၄) နှလုံးသားမှာ ချမ်းသာစေတဲ့ တရားမရှိလျှင် စည်းစိမ်ဥစ္စာ မည်မျှပြည့်စုံစေကာမှု ချမ်းသာနိုင်မည်မဟုတ်ပေ။
(ဒလိုင်လားမား - Dalai Lama)

(၂၅) လွတ်လပ်မှု မပေးစွမ်းနိုင်တဲ့ အမိန့်ဟာ ညှင်းဆဲနှိပ်စက်မှု ဖြစ်သွားနိုင်တယ်။ အမိန့်မပါတဲ့ လွတ်လပ်မှုဟာလည်း ဖရိုဖရဲ ဖြစ်သွားနိုင်တာပဲ။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လွတ်လပ်မှုကိုလည်း ပေးစွမ်းနိုင်ရမယ်။ ဖရိုဖရဲဖြစ်မှုကိုလည်း ကာကွယ်နိုင်စွမ်းရှိရမယ်။
(ဒလိုင်လားမား - Dalai Lama)

(၂၆) ဤအရာ လူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေ့ကုဋေ့တစ်ကြိမ်သာပွင့်ခဲ့တာ ပညာရနံ့ မေတ္တာပျားရည်စက်များလောကကို ပြည့်ဝစေတာလူသားပန်းတစ်ပွင့်ပါ။
(ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၇) ဗုဒ္ဓဘာသာနှင့်
ခေတ်သစ်သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန်နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာ ဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုပါဦးမည်။
(ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၈) ဗုဒ္ဓဝါဒသည် လောကနှင့်ဘဝ ၏ တကယ်ပကတိ အဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝဓမ္မအတိုင်း ရှုမြင်သော ဝါဒဟု ဆိုရပေမည်။
(ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)

(၂၉) များသောအားဖြင့် ဘာသာရေးဆရာ များသည် ၎င်းတို့၏တပည့်များကို အခြားဘာသာများနှင့် စပ်ဆိုင်သည့် ကျမ်းစာများ၊ အယူဝါဒများ၊စာပေများကို ဖတ်ရှူလေ့လာခွင့် မပြုဘဲတားမြစ်ကြသည်။ ဗုဒ္ဓဝါဒတွင် ဤအဖြစ်မျိုး လွန်စွာနည်းပါးပေသည်။ (ဖရခန္တီပါလော)

(၃၀) စွမ်းရည်သတ္တိ ဘယ်လောက်သိမ်ဖျင်းသူပင်ဖြစ်ပါစေ တရားတော်ရဲ့ တန်ခိုးကြောင့် သတ္တိဗျတ္တိ ပြည့်ဝလာစေပါတယ်။ အညံ့စားလူတစ်ဦးကို အတော်ဆုံးလူဖြစ်လာစေတာဟာ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတော်ကြောင့်ပါပဲ။
(ဂိုအင်ဂါ - SN Goenka)
.................................................................
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း) နှင့်  အရှင်ဝိဇယ ရေးသားပြုစုထားသော " ဗုဒ္ဓအနု ပညာပြခန်း " စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
အပြည့်အစုံဖတ်ရန်

Wednesday, June 27, 2012

မြတ်စွာဘုရား၏ စကားပြောနည်းလမ်းညွှန်


အဘယမင်းသားအား မြတ်စွာဘုရားကအောက်ပါအတိုင်းမိန့်ကြား၏။

”မင်းသား၊ မဟုတ်မမှန်၊ အကျိုးစီးပွားနှင့် မစပ်၊ သူတစ်ပါးတို့လဲ မနှစ်သက်။ ထိုစကားမျိုးကို မြတ်စွာဘုရားသည် မပြောမဆို။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်ကားမစပ်။ သူတစ်ပါးတို့လဲ မနှစ်သက်။ ထိုစကားမျိုးကို မြတ်စွာဘုရားသည် မပြောမဆို။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်လဲစပ်၏။ သူတစ်ပါးတို့ကား မနှစ်သက်။ ထိုစကားမျိုးကို မြတ်စွာဘုရားသည် အခါအားလျော်စွာပြောဆို၏။ မဟုတ်မမှန်။ အကျိုးစီးပွားနှင့်မစပ်။ သူတစ်ပါးတို့ကား နှစ်သက်၏။ ထိုစကားမျိုးကို မြတ်စွာဘုရားသည် မပြောမဆို။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်မစပ်။ သူတစ်ပါးတို့ကား နှစ်သက်၏။ ထိုစကားမျိုးကို မြတ်စွာဘုရားသည် မပြောမဆို။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်စပ် ၏။ သူတစ်ပါးတို့လဲ နှစ်သက်၏။ ထိုစကားမျိုးကို မြတ် စွာဘုရားသည် အခါအားလျော်စွာပြောဆို၏။
(မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ အဘယရာဇကုမာရသုတ်)

နေ့စဉ်နှင့်အမျှ လူတို့သည် ကြံတွေးနေကြသည်။ ပြုမူလုပ်ကိုင်နေကြသည်။ ပြောဆိုနေကြသည်။ ကာယကံ ၀စီကံ မနောကံဟူသောကံသုံးပါးရှိရာတွင် ၀စီကံမှုသည် အပြုအများဆုံးသောကံဖြစ်ပါ သည်။ နံနက်အိပ်ရာမှ နိုးထသည် နှင့် ညအိပ်ရာဝင်ချိန် တစ်နေ့တာကာလအတွင်းပြောခဲ့သောစကားတို့ကားမနည်းလှပေ။ ထိုစကားတို့တွင် သတိယှဉ်၍ပြောခဲ့ သောစကားတွေလည်းပါမည်။ သတိလက်လွှတ်ပြီးပြောခဲ့သောစကားတွေလည်းပါမည်။ လိုအပ်ချက်အရပြောသောစကားတွေလည်းပါမည်။ မလိုအပ်ဘဲပြောသောစကားတွေလဲပါမည်။ တည်တည် ကြည် ကြည်လေးလေးနက်နက် ပြောသောစကားတွေ လည်းပါမည်။ ပေါ့ ပေါ့တန်တန်ပြောသောစကားတွေလည်းပါ မည်။ မှန်မှန်ကန်ကန် ပြောသောစကားတွေလည်း ပါ မည်။ လိမ်ညာပြောမိသောစကားတွေလည်းပါမည်။ အကျိုးစီးပွားရှိစေသောစကားတို့လည်းပါမည်။ အကျိုးစီးပွားမဲ့စေသောစကားတို့လည်းပါမည်။

မေတ္တာကရုဏာအရင်းခံလျက် ပြောသောစကားတွေလည်းပါမည်။ မနာလိုဝန်တိုမှုနှင့် မုန်းတီးမှု အရင်းခံလျက် ပြောသောစကားတွေလည်းပါမည်။ လောဘဒေါသအရင်းခံလျက် ပြောသောစကားတွေ လည်းပါမည်။ မုဒိတာအရင်းခံလျက် ပြောသောစကားတွေလည်းပါမည်။ ကြမ်းကြမ်းတမ်းတမ်းပြောသောစကားတွေလည်းပါမည်။ နူးနူးညံ့ညံ့ချို ချိုသာသာပြောသောစကားတွေလည်းပါမည်။ နှလုံးသားမှလာသောခံစားချက်ကိုအရင်းခံလျက် ပွင့်လင်းစွာပြောသောစကားတွေလည်းပါမည်။ နှလုံးသားမှ မြစ်ဖျားခံမလာမူလျက်၊ နှုတ်ဖျားတွင်သာပေါ့ ပေါ့လျှံ လျှံပြောသောစကားတွေလည်းပါမည်။ စိတ် ကောင်းစေတနာကောင်းဖြင့် ပြောသောစကားတွေ လည်းပါမည်။ မကောင်းသောစိတ်စေတနာဖြင့် ပြောသောစကားတွေလည်းပါမည်။ ကြားရသူတို့အဖို့ နှလုံး စိတ်ဝမ်းချမ်းသာစေသော စကားတို့လည်းပါ မည်။ ကြားရသူတို့အဖို့ နှလုံးစိတ်ဝမ်းမချမ်းမြေ့စေ သောစကားတွေလည်းပါမည်။

အဂတိတရားလေးပါးကင်းရှင်းစွာသစ္စာထိုက်သောစကားတွေလည်းပါ မည်။ အဂတိတရားလေးပါးနှင့်ယှဉ်၍ သစ္စာပျက်ယွင်းသောစကားတွေလည်းပါမည်။ ရိုးရှင်းဖြောင့်မတ်စွာပြောသောစကားတွေလည်းပါမည်။ ပရိယာယ်ေ၀၀ုစ် ဖြင့် ကောက်ကျစ်သောစကားတွေလည်းပါမည်။ တစ် ဖက်သူအပေါ် တန်ဖိုးထားလျက် လေးလေးစားစားပြောသောစကားတွေလည်းပါမည်။ တစ်ဖက်သူအပေါ်အပေါ်စီးက နှိမ့်နှိမ့်ချချမောက်မောက် မာမာပြောသောစကားတွေလည်းပါမည်။ လူအမျိုးမျိုးစိတ် အထွေထွေရှိသလိုစကားတွေလည်းအမျိုးမျိုးရှိနိုင် သည်။
ယေဘုယျအားဖြင့်မူလူအများစုသည် ကံသုံးပါးအနက်၊ ၀စီကံကို အရေးကြီးသောကံဟုအသိအမှတ်မပြုတတ်ကြ။ ၀စီကံနှင့်ပတ်သက်လျှင် ပေါ့ပေါ့ ဆဆသဘောထားတတ်ကြပါသည်။

ထို့ကြောင့်လည်းချမ်းမြေ့ရိပ်သာဆရာတော်ကြီးအရှင်ဇနကာဘိဝံသက ”ကာယကံ ၀စီကံ မနောကံသုံးခုအနက်က ၀စီကံဆို တဲ့နှုတ်ပြောဟာမဆင်မခြင် လွှတ်ခနဲလွှတ်ခနဲ ထွက် ထွက်သွားတတ်လို့ သတိထားဖို့ အရေးကြီးပါတယ်” 

ဟုသတိပေးတော်မူခဲ့ခြင်းဖြစ်ပါသည်။
 မြတ်စွာဘုရား က သုစရိုက်တရားဆယ်ပါးကိုဟောကြားတော်မူရာ၌ ကာယသုစရိုက်နှင့် မနောသုစရိုက်တို့ကသုံးပါးစီသာ ပါဝင်ပြီး ၀စီသုစရိုက်က လေးပါးပါဝင်သည်။ ထို့အတူဒုစရိုက်တရားဆယ်ပါးကိုဟောကြားတော်မူရာ၌ ကာယဒုစရိုက်နှင့် မနောဒုစရိုက်တို့ကသုံးပါးစီသာ ပါဝင်ပြီး ၀စီဒုစရိုက်က လေးပါးပါဝင်ပါသည်။ ဤ အချက်ကို လေးလေးနက်နက်သက်ဝင်ဆင်ခြင်လျက် ၀စီကံမှုကို ပေါ့ပေါ့တန်တန်မပြုသင့်။ လွယ်လွယ် မပြုသင့်။ လက်လွှတ်စပယ် မပြုသင့်။ ၀စီကံမှုကို အလေးအနက်ထားလျက် သတိယှဉ်၍ ဆင်ဆင်ခြင်ခြင်ပြုသင့်သည်။ ထိန်းထိန်းသိမ်းသိမ်း ပြုသင့်သည်။
လူအမျိုးမျိုးစိတ်အထွေထွေမှ ပေါ်ထွက် လာသောစကားများမည်မျှများပြားနေစေအထက် ပါ အဆုံးအမတော်အရ မြတ်စွာဘုရားကစကားခြောက်မျိုးသာခွဲခြားတော်မူခဲ့ပါသည်။ ထိုခြောက်မျိုးတွင် ပါဝင်သော စကား၏ အင်္ဂါရပ်များမှာ-
(၁) ဟုတ်မှန်ခြင်း၊ (၂) မဟုတ်မှန်ခြင်း၊ (၃) အကျိုးစီးပွားဖြစ်ထွန်းစေခြင်း၊ (၄) အကျိုးစီးပွားမဲ့စေခြင်း၊ (၅) သူတစ်ပါးတို့ နှစ်သက်ခြင်း၊ (၆) သူတစ်ပါးတို့ မနှစ်သက်ခြင်း တို့ဖြစ်ပါ၏။

အထက်ပါအင်္ဂါရပ်များတွင် ”အကျိုးစီးပွား နှင့်စပ်ခြင်း” ဟူသောအချက်ကို မြတ်စွာဘုရားရှင် နှစ်သက်တော်မူပါသည်။ တန်ဖိုးထားတော်မူပါသည်။ အဘယ့်ကြောင့်ဟူမူ မြတ်စွာဘုရားပြောဆိုတော်မူသောစကားနှစ်မျိုးစလုံး၌ အကျိုးစီးပွားနှင့်စပ်ခြင်းဟူသောအင်္ဂါရပ်ပါဝင်ပြီး မြတ်စွာဘုရားမပြောမဆိုတော်မူသောစကားလေးမျိုးစလုံးတွင် ”အကျိုးစီးပွား နှင့်မစပ်ခြင်း”ဟူသော အချက်ပါဝင်နေသောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိပြောလိုက်သောစကားသည် မိမိနှင့်သူတစ်ပါးအကျိုးရှိစေမည့် စကားဟုတ် ၏၊ မဟုတ်၏ ဟူသည်ကို ကြိုတင်စိစစ်သင့်သည်။

အချို့စကားတို့သည် မိမိရောသူတစ်ပါးကိုပါ အကျိုးကျေးဇူးဖြစ်ထွန်းစေ၏။ ထိုစကားမျိုးကိုပြောအပ်ပါ၏။ အချို့စကားတို့သည် မိမိရောသူတစ် ပါးကိုပါ အကျိုးမဲ့ကို ဖြစ်ထွန်းစေ၏။ ထိုစကားမျိုးမပြောအပ်ပါ။အချို့စကားတို့သည် မိမိ၏အကျိုးစီးပွားကိုမထိခိုက် စေသော်လည်းသူတစ်ပါးအကျိုးစီးပွားကိုထိခိုက်စေ ၏။ ထိုစကားမျိုးကိုမပြောသင့်ပါ။ 


 ဤသည်နှင့်စပ် လျဉ်း၍ ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအရှင်ဇနကာ ဘိဝံသ၏ဆောင်ပုဒ်မှာ နှလုံးသွင်းလိုက်နာဖွယ်ကောင်းလှပါ၏။ ထိုဆောင်ပုဒ်မှာအောက်ပါအတိုင်းဖြစ်ပါ၏။

ပြောမည်ကြံလဲသင့်စိတ်ထဲအမြဲဆင်ခြင်ပါ။
မိမိသူတစ်ပါး နှစ်ဦးသားဘယ်သူများထိမည်လဲ။
ထိခိုက်နိုင်ငြားအပြောများမမှားရှောင်ကြဉ်ပါ။
ပြောဆဲမှာလဲသင့်စိတ်ထဲအမြဲဆင်ခြင်ပါ။
မိမိသူတစ်ပါး နှစ်ဦးသားဘယ်သူများထိမည်လဲ။
ထိခိုက်နိုင်ငြားအပြောများမမှားရှောင်ကြဉ်ပါ။
ပြောပြီးပြန်လဲသင့်စိတ်ထဲအမြဲဆင်ခြင်ပါ။
မိမိသူတစ်ပါး နှစ်ဦးသားဘယ်သူများထိမည်လဲ။
ထိခိုက်နိုင်ငြားအပြောများမမှားရှောင်ကြဉ်ပါ။


ပြောလိုက်သောစကားသည် ပြောသူ၏ အကျိုးကိုလည်း ဖြစ်ထွန်းစေမည်။ အခြားသူတို့၏ အကျိုးကိုလည်း ဖြစ်ထွန်းစေမည်ဆိုလျှင် ယင်းစကားသည် ”အကျိုးစီးပွားနှင့်စပ်သောစကား”ဖြစ်သည်။ မြတ်စွာဘုရားနှစ်လိုသောစကားဖြစ်ပါသည်။ ယေဘုယျ အားဖြင့်မူ နှိုင်းနှိုင်းချိန်ချိန်ဖြင့် မေတ္တာစေတနာကရုဏာမုဒိတာအရင်းခံလျက် ပြောသောစကားတို့သည် အကျိုးစီးပွားနှင့်စပ်သောစကားဖြစ်ပါ၏။ သူတစ်ပါးအကျိုးကိုလိုလားသော နှလုံးသားမှ ဖြစ်ဖျားခံလာသောစကား၌ အကျိုးစီးပွားနှင့်စပ်သောဂုဏ်ရည် ထွန်းပပါ၏။ ထို့ပြင် အသိဥာဏ်ဆင်ခြင်တုံတရားအရင်းခံလျက် ပြောသောစကား၌လည်းအကျိုးစီးပွား နှင့်စပ်သော ဂုဏ်ရည်တည်ကိန်းပါ၏။

စကားတစ်ခွန်းတွင် အကျိုးစီးပွားနှင့်စပ်သောဂုဏ်အင်္ဂါပြည့်စုံစေရန် ပြောသူ၏ နှလုံးသားဖြူစင်လှပဖို့လိုသည်။ 

 တွေးခေါ်ဆင်ခြင်နိုင်သောအသိညာဏ်လည်းရှိဖို့လိုသည်။
မြတ်စွာဘုရားသည် ”အကျိုးစီးပွားနှင့်စပ် ခြင်း”ဟူသောအချက်အပြင် ”မှန်ကန်ခြင်း”ကိုလည်း နှစ်သက်တော်မူသည်။ ပဇာကြောင့်ဟူမူ မြတ်စွာဘုရားပြောတော်မူသောစကားနှစ်မျိုးစလုံးတွင် ”ဟုတ်မှန် ခြင်း”ဟူသော အချက်ပါဝင်သောကြောင့်ဖြစ်ပါ၏။ လူသားတို့ နိစ္စဓူဝကျင့်သုံးဆောက်တည်ရမည့် ”ငါးပါးသီလ”တွင် မုသားစကားကိုရှောင်ကြဉ်ခြင်းဟူသော အချက်ပါဝင်နေခြင်းကို ထောက်ရှုလျက် မှန်ကန်စွာပြောဆိုခြင်းကို မြတ်စွာဘုရားမည်မျှ အလေးအနက် သဘောထားတော်မူကြောင်းထင်ထင်လင်းလင်းသိမြင်နိုင်ပါသည်။

စင်စစ် ၀စီကံဟူသည် လူ့အဖွဲ့အစည်းတွင် အရေးကြီးသောကံအမှုဖြစ်ပါ၏။ လူတစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် မှန်တာကိုပြောဖို့လိုပါသည်။ မှန် တာကိုပြောမှ ကြားနာရသူကမှန်တာကိုသိမည်။ မှန်တာကိုသိမှလည်းယင်းအသိအမှန်အပေါ် တည်မှီ ၍ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည်တို့ကိုအကျိုးရှိစွာဆောင်ရွက်နိုင်ပါလိမ့်မည်။ အမှားကိုပြောလိုက် သော် ကြားနာရသူကအမှားတွေကိုသိမည်။ အမှားသိအပေါ် အခြေခံလျက် အမှားတွေကိုဆောင်ရွက် တတ်သည်။ မုသာဝါဒမှ ပေါက်ဖွားလာသောအသိမှားအချက်အလက်မှားသည် အကျိုးမဲ့ကိုသာဖြစ်ပေါ် စေပါလိမ့်မည်။ ကျေးဇူးရှင်ကမ္ဘာအေးတောင်ပုကုဆရာတော်ကြီးက လိမ်ညာပြောခြင်းနှင့်ပတ်သက်၍ ဤသို့ မိန့်တော်မူခဲ့ပါသည်။

”လိမ်ညာခြင်းသည် လှည့်ပတ်ခြင်းပင်ဖြစ် ပါသည်။ လှည့်ပတ်ရာတွင် ဖြစ်ဆဲအကြောင်း၊ ဖြစ်ပြီးအကြောင်း၊ ဖြစ်မည့်အကြောင်းများကိုလှည့်ပတ် တတ်ရာမည်သည့်အကြောင်းပြ၍ လှည့်ပတ်သည် ဖြစ်စေ၊ လိမ်ညာခြင်းပင်ဖြစ်ပါသည်။ ယင်းသို့သောလိမ်ညာခြင်းမျိုးဖြင့် လိမ်ညာခံရ၍ လူမှုရေးဆိုင်ရာကိုယ်ကျင့်တရားများပျက်ပြားကာနောင်တကြီးစွာ ဖြစ်ပေါ်တိုးတက်လာရသောဆင်းရဲသည် ကမ္ဘာစောင့် ငါးပါးတွင် မုသာဝါဒကံ မလုံခြုံမှုကြောင့် ဖြစ်သည် ဟုငါတို့ယုံကြည်ပါသည်။”

သို့ဖြစ်၍ လူပုဂ္ဂိုလ်နှင့်ပတ်သက်၍ဖြစ်စေ၊ လုပ်ငန်းကိစ္စနှင့်ပတ်သက်၍ဖြစ်စေသတင်းအချက် အလက်များနှင့်ပတ်သက်၍ဖြစ်စေ၊ အမှန်ကိုသာတည်တည်ကြည်ကြည်ပြောဆိုသင့်သည်။ မိမိအကြောင်း
ကိုပြောလျှင် အမှန်ပြောသင့်သလိုသူတစ်ပါးအကြောင်းပြောလျှင်လည်းအမှန်ကိုသာပြောသင့် သည်။ မိမိကချစ်သူခင်သူအကြောင်းပြောလျှင် အမှန် ကိုသာပြောသလိုမိမိကမုန်းတီးသူအကြောင်းပြော လျှင်လည်းအမှန်ကိုသာပြောဆိုသင့်သည်။ နှလုံးသားဖြောင့်မတ်သူတို့ကမူမည်သည့်ကိစ္စ၌မဆိုအရှိကိုအရှိအတိုင်းသာပြောလေ့ရှိပါသည်။ အမှန်ဖြစ်၊ အမှန်ရှိထက် ထိမ်ချန်၍လည်းမပြောတတ်၊ ပိုပိုမိုမိုလည်းမပြောတတ်၊ ဤသည်နှင့်စပ်လျဉ်း၍ ကျေးဇူးရှင်မဟာစည်ဆရာတော်ကြီး၏ မိန့်တော်မူချက်မှာများစွာမှတ်သားအပ်ပါ၏။

”လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် ပကတိ ရိုးသားဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်ကတော့ ဟုတ်သလောက် သာ ရိုးသားစွာပြောလေ့ရှိတယ်။ အပိုအမိုပုံကြီးချဲ့ ပြီးတော့ ပြောလေ့မရှိ။"

သို့သော် မှန်ပင်မှန်စေကာမူ အကျိုးစီးပွားနှင့် မစပ်သောစကားမျိုးကို မပြောသင့်ပေ။
ဥပမာအားဖြင့် ရောဂါဝေဒနာကျွမ်းနေသောကြောင့် အလွန်ဆုံးခြောက်လလောက်သာနေရတော့မည်ဟူသော ဆရာဝန်၏ လျှို့ဝှက်စကားကို မှန်ပင်မှန်စေကာမူကာယကံရှင်လူနာအားဖွင့်ဟ မပြောသင့်ပေ။ ထိုစကားမျိုးကြားရသောလူနာအနေ ဖြင့် စိတ်ဓာတ်အကြီးအကျယ်ထိခိုက်ကျဆင်းကာ ရုပ် ပိုင်းဆိုင်ရာ ဝေဒနာကိုပါမက စိတ်ဝေဒနာ၏ တိုက် ခိုက်ခြင်းကိုပါ ခံရပေလိမ့်မည်။ ထိုအခါ ဆရာဝန် ခန့် မှန်းသည်ထက်ပင် အသက်ပို၍ တိုဖွယ်ရာသာရှိတော့ သည်။ ထို့ကြောင့် ဘုရားရှင်ကဟုတ်မှန်၍ သူတစ်ပါး နှစ်သက်သော်လည်းအကျိုးစီးပွားနှင့်မစပ်သောစကားကိုပြောတော်မမူခြင်းဖြစ်ပါသည်။

မြတ်စွာဘုရားသည် စကားခြောက်မျိုးအနက် စကားနှစ်မျိုးကိုသာပြောဆိုတော်မူရာယင်းမှာလူတို့အတွက် ”စကားပြောနည်းလမ်းညွှန်”ဟုဆို နိုင်ပါသည်။ ထိုစကားပြောနည်းလမ်းညွှန်အတိုင်းကျင့် သုံးလိုက်နာနိုင်သော် ၀စီကံသန့်ရှင်းစင်ကြယ်မှုဖြစ်ပွားကာကောင်းသော ၀စီကံမှုမှ သယ်ဆောင်လာသောလက်ဆောင်ကောင်းများ ဘ၀တွင် ဖူးပွင့်ဝေဆာလာ ပေလိမ့်မည်။

ဟင်းလေးအိုးမှကူးယူဖော်ပြသည်။
အပြည့်အစုံဖတ်ရန်

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း

ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ

တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊

အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊ သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊ သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်။

ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ



ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။

အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။



ဒုတိယ သင်္ဂါယနာ

မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်

တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့်

အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ် -- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။



(၂) သာသနာနှစ် (၁၀၀)နှစ်

(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း

(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ

(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)

(၆) မင်း ကာလာသောကမင်း

(၇) ကြာမြင့်ချိန် (၈) လ

အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။



ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်

ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။



ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။

ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်၊

အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။



မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊ မဟာယာနတို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊ အေဒီ ၄ ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။

( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )

ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်၊ ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။



ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊ ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟာ

အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊ ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။ သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။

အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။



လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်

ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -

၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊

၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊

၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။



မဟာယာန ဘာသာတွင်လည်း -

Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊

Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊

Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။



ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်

(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။

(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။

(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊



(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊

(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။

(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။



Mahayana and Theravada

Now, what is the difference between Mahayana and Theravada?

I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between Theravada and Mahayana with regard to the fundamental teachings.



1- Both accept Sakyamuni Buddha as the Teacher.

2- The Four Noble Truths are exactly the same in both schools.

3- The Eightfold Path is exactly the same in both schools.

4- The Paticca-samuppada or the Dependent Origination is the same in both schools.

5- Both rejected the idea of a supreme being who created and governed this world.

6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.



အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။

ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။

ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်

သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။



ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊

မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။

ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။



(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း

ကြောင့်မှ မပျက်စီးနိုင်တော့ပေ။

(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊

(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။



ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။

မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။ စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ --



မေတ္တာဖြင့်

အရှင်သုနန္ဒာလင်္ကာရ M A ( ပန်းကမ္ဘာ )



ကိုးကား --

စူဠ၀ါပါဠိတော်

အနတ္တလက္ခဏသုတ်တော်

ဖားအောက် တရားတော်

Theravada-Mahayana Buddhism written by Ven. Dr. W. Rahula



(Credit to အရှင်သုနန္ဒာလင်္ကာရ M A ( ပန်းကမ္ဘာ ))
အပြည့်အစုံဖတ်ရန်

ဗုဒ္ဓဘာသာအလံတော်အကြောင်း

အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ် နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့် ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ အရိယာ၏ ဖော်ညွှန်းဂုဏ်ရည် စာသွန်းစီသည် လ၀န်းရောင်ခြည် ဓမ္မစေတီ။ဓမ္မစေတီဆရာတော်ကြီး ဟောကြားတဲ့တရားတော်ထဲက ဗုဒ္ဓဘာသာအလံတော်အကြောင်း ဖွဲ့ဆိုချက်ပါ။  
သမိုင်း အလံတော်ကို ၁၈၈၅ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ကိုလံဘိုကော်မတီက ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ ကော်မတီမှာ Ven. Hikkaduwe Sri Sumangala Thera (ဥက္ကဌ), Ven. Migettuwatte Gunananda Thera, Don Carolis Hewavitharana (အနာဂါရိက ဓမ္မပါလအရှင် ရဲ့ဖခင်), Andiris Perera Dharmagunawardhana (အရှင်အနာဂါရိက ဓမ္မပါလအရှင် ရဲ့ မိခင်ဘက်က အဖိုး), William de Abrew, Charles A. de Silva, Peter de Abrew, H. William Fernando, N. S. Fernando and Carolis Pujitha Gunawardena (အတွင်းရေးမှုး) တို့ ပါဝင်ပါတယ်။ အလံတော်ကို ၁၈၈၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ထုတ် Sarasavi Sandaresa သတင်းစာမှာ စတင်ပုံနှိပ်ဖြန့်ချိခဲ့ပြီး Vesak Day (ကျွန်မတို့ရဲ့ ကဆုန်လပြည့်နေ့) ဖြစ်တဲ့ ၁၈၈၅ ခုနှစ် မေလ ၂၈ ရက်နေ့မှာ Kotahena အရပ်မှာရှိတဲ့ Dipaduttamarama မှာ Ven. Migettuwatte Gunananda Thera က လူထုမြင်ကွင်းမှာ ပထမဆုံးလွှင့်တင်ခဲ့ပါတယ်။ 

အဲဒီနေ့ဟာ ဗြိတိသျှတို့အုပ်စိုးတဲ့ကာလမှာ ပထမဆုံး Vesak ပြည်သူ့ရုံးပိတ်ရက် ဖြစ်ခဲ့ပါတယ်။ Theosophical အဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်တဲ့ အမေရိကန် ဂျာနယ်လစ် ဗိုလ်မှူးကြီး ဟန်နရီစတီးလ်အိုလ်ကော့တ်က အလံတော်ရဲ့ ရှည်လျားတဲ့ အတန်းလိုက်ပုံသဏ္ဍာန်ဟာ နေရာတိုင်းမှာ အသုံးပြုလို့ အဆင်မပြေနိုင်ဘူးလို့ ထင်မြင်တာကြောင့် ပြောင်းလဲပြင်ဆင်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့် အလံတော်ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်ဟာ နိုင်ငံတော်အလံတွေအတိုင်း ဖြစ်လာပါတယ်။ အဲဒီနောက် ပြုပြင်မှုတွေကို သင့်တော်သလိုပြုလုပ်ခဲ့ပါတယ်။ အသစ်ပြင်ဆင်ထားတဲ့ အလံတော်ကို ၁၈၈၆ ခုနှစ် ဧပြီလ ၈ရက်နေ့မှာ Sarasavi Sandaresa သတင်းစာမှာပဲ ပုံနှိပ်ဖြန့်ဝေခဲ့ပြီး ၁၈၈၆ ခုနှစ် Vesak Day (ကဆုန်လပြည့်နေ့) မှာ လူထုမြင်ကွင်းမှာ လွှင့်တင်ခဲ့ပြန်ပါတယ်။ ၁၈၈၉ ခုနှစ်မှာ အနာဂါရိက ဓမ္မပါလအရှင်နဲ့ အိုလ်ကော့တ်တို့က ဂျပန်ဘုရင်ကို အလံတော်ပြသပြီး ဂျပန်နိုင်ငံနဲ့ စတင်မိတ်ဆက်ပေးခဲ့ပြီး နောက်တဆက်ထဲ မြန်မာနိုင်ငံကိုလည်း ဆက်လက်မိတ်ဆက်ပေးခဲ့ပါတယ်။ ၁၉၅၀ ခုနှစ် မေလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ ညီလာခံ (Conference of the World Fellowship of Buddhists) ဖွင့်ပွဲမှာ တည်ထောင်သူ ဥက္ကဌ ပါမောက္ခကြီး G P Malasekera က အလံတော်ကို ကမ္ဘာတဝှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလံတော်အဖြစ် ရွေးချယ်သတ်မှတ်ဖို့ အဆိုပြုပါတယ်။ ဒီအဆိုပြုချက်ကို တညီတညွှတ်ထဲ အဆင့်ဆင့်ဖြန့်ဝေကြပြီး ပျံ့နှံ့သွားပါတယ်။ အရောင်များ အလံတော်မှာပါဝင်တဲ့ အရောင်ငါးမျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်ကို ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူးထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုပါတယ်။ ပြာသောရောင်ခြည် (နီလ) = ကရုဏာ၊ ငြိမ်းချမ်းမှု နှင့် စကြာဝဠာသို့ ဖြန့်ကျက်သော မေတ္တာတော်။ ဝါသောရောင်ခြည် (ပီတ)= အလယ်အလတ်လမ်းစဉ် ~ အစွန်းရောက်ခြင်း၊ သတိလက်လွတ်နေခြင်းများကို ရှောင်ကျဉ်ခြင်း။ နီမောင်းသောရောင်ခြည်(လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ ~ အောင်မြင်ခြင်း၊ အသိဥာဏ်၊ သီလ၊ ကံနှင့် စောင့်စည်းမှု။ ဖြူသောရောင်ခြည် (သြဒါတ)= တရားဓမ္မ၏ စင်ကြယ်ခြင်း ~ အချိန်၊ နေရာ အကန့်အသတ်တို့ကို လွန်မြောက်၍ သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊ လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟောကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။ အလံတော်ပေါ်က ခြောက်ခုမြောက် ဒေါင်လိုက်လိုင်းကို ကျန်တဲ့အရောင်ငါးမျိုးရဲ့ လေးထောင့်လိုင်းလေးတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားပြီး အဲဒီလိုင်းဟာ ရောင်ခြည်တော်ထဲက အရောင်ငါးမျိုးပေါင်းစုံမှုကို ကိုယ်စားပြုပါတယ်။ အဲဒီ ပေါင်းစပ်မှုအရောင်ဟာ “ပဘဿရ” (အလင်းရဲ့အဓိက အနှစ်ချုပ်) ကို ရည်ညွှန်းပါတယ်။ တိဗက်မှာတော့ အလံတော်ထဲက လိုင်းတွေဟာ (ကမ္ဘာတလွှားက) ဗုဒ္ဓဘာသာဘုန်းတော်ကြီးများရဲ့ သက္ကန်းအရောင်မျိုးစုံကို အောင်လံတံခွန်တစ်ခုထဲမှာ တစုတစည်းထဲ ဖော်ညွှန်းပါတယ်။ တိဗက်ဘုန်းတော်ကြီးများရဲ့ သက္ကန်းဟာ ကြက်သွေးရောင် ဖြစ်ပါတယ်။ ဒါကြောင့် အလံတော်မူရင်းပုံစံထဲက လိမ္မော်ရောင်ကို တခါတရံ ကြက်သွေးရောင်နဲ့ အစားထိုးတတ်ကြပါတယ်။ ဂိုဏ်းဂဏဆိုင်ရာ မူကွဲများ ဂိုဏ်းဂဏခွဲခြားမှု မရှိတဲ့ ဗုဒ္ဓဘာသာအလံတော်ကတော့ ဘုန်းတော်ကြီးကျောင်းပေါင်းများစွာရဲ့ အထက်မှာ တလူလူ လွင့်နေပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာတော့ သူတို့ရဲ့ ဟောကြားသင်ပြတဲ့ ပုံစံကို အသားပေး အလေးထားတဲ့အနေနဲ့ အလံတော်ရဲ့အရောင်တွေကို ပြောင်းလဲထားတာတွေ ရှိပါတယ်။ ~ ဂျပန်နိုင်ငံက ရှင်းဗုဒ္ဓဘာသာကျောင်းရဲ့ အလံတော်ပေါ်က လိမ္မော်ရောင်လိုင်းကို ပန်းရောင်လိုင်းနဲ့ အစားထိုးပါတယ်။ ~ နိပေါနိုင်ငံက တိဗက်ဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မော်ရောင်လိုင်းကို သပြေမှည့်ရောင်နဲ့ အစားထိုးပါတယ်။ ~ မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မောရောင်လိုင်းကို အစိမ်းပုတ်ရောင်နဲ့ အစားထိုးပါတယ်။ ~ ဂျပန်နိုင်ငံက Soka Gakkai ကတော့ အပြာ၊ အဝါနဲ့ အနီရောင်သုံးမျိုးစပ်ကို အသုံးပြုပါတယ်။
အပြည့်အစုံဖတ်ရန်