Popular Posts

credit

ဤဘလော့ခ်သည် ဗုဒ္ဓမြတ်စွာဘုရား၏မေတ္တာရိပ်အောက်တွင် တည်ရှိပါသဖြင့် ရောက်လာသူအားလုံး စိတ်နှလုံးချမ်းမြေ့ကြပါစေ....


  • ယခုဘလော့ခ်ကို ဗုဒ္ဓဘာသာပြန့်ပွားစေရန် ရည်ရွယ်၍ ကျွန်တော်တို့ ဖတ်မှတ်၊စုစည်း၊သိမ်းဆည်းထားသည်များကို အများသိရှိစေရန် ပြန်လည်ဖြန့်ဝေခြင်းသာလျှင် ဖြစ်ပါသည်။
  1. တစ်ချို့သော စာစုများမှာ မူရင်းရေးသားသူကို မမှတ်မိတော့ပါသဖြင့် credit မပေးနိုင်တော့သည့်အတွက်
    မူရင်းရေးသားသူကို ဤနေရာမှ အနူးအညွတ်တောင်းပန်အပ်ပါသည်။
  2. အကယ်၍ စာဖတ်သူများမှ သိရှိပါကလည်း သက်ဆိုင်ရာပို့စ်အောက်တွင်လည်းကောင်း၊
    thewordsofbuddha@gmail.com သို့လည်းကောင်း အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်။
  3. " ပို့စ်အသစ်တင်တိုင်း gmailကိုအကြောင်းကြားစေလိုပါက" အောက်တွင် မိမိတို့၏ gmail လိပ်စာကို ဖြည့်သွင်းထားပါက ပို့စ်အသစ်တင်တိုင်း မိမိတို့၏ gmail သို့ အကြောင်းကြားပေးပါသည်။

Wednesday, June 27, 2012

“ဈာန် မဂ် ဖိုလ် မရနိုင်သူ (၅)ဦး”

ဤအခန်းတွင်ပြဆိုထားသော သမထ၀ိပဿနာရူပွားနည်းအတိုင်း ကြိုးစားအားထုတ်ပါက အားထုတ်မူနှင့်လျော်ညီစွာ သက်ဆိုင်ရာတရားထူးများကို ရရှိခံစားရမည်ဖြစ်သည်။ သို့ရာတွင် လက်ရှိဘ၀၌ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ဈာန်မဂ်ဖိုလ်ရရေးအတွက် လုံးဝမျှော်လင့်ချက်မရှိသော ပုဂ္ဂိုလ်များလည်း ရှိနေသေးသည်၊ ထိုပုဂ္ဂိုလ်များမှာ -
(၁) ကံကြီးထိုက်သူ (ကမ္မန္တရာယ်)၊
(၂) နိယတမိစ္ဆာဒိဋ္ဌိအယူရှိသူ (ကိလေသန္တရာယ်)
(၃) အဟိတ်ပဋိသန္ဓေနေသူနှင့် ဒွိဟိတ်ပဋိသန္ဓေနေသူ (၀ိပါကန္တရာယ်)၊
(၄) အရိယာကို ကဲ့ရဲ့စွပ်စွဲသူ (အရိယူပ၀ါဒန္တရာယ်)၊
(၅) မြတ်စွာဘုရားပညတ်ထားသော သိက္ခာပုဒ်များကို ကျူးလွန်သူ (အာဏာဝီတိက္ကမန္တရာယ်)

- တို့ဖြစ်သည်။

(၁) ဤ၌ မာတုဃာတကစသော ကံကြီး(၅)ပါးနှင့် ဘိက္ခုနီမကို ကာမကျူးလွန်ဖျက်ဆီးမူ ကံများသည် အလွန်ကြီးလေးသော အကုသိုလ်ကံများဖြစ်ကြ၏၊
ထိုအကုသိုလ်ကံများသည် ကျူးလွန်သူများကို ဈာန်၊ မဂ်၊ ဖိုလ်တရားထူးများ မရရှိအောင် အနှောင့်အယှက်(အန္တရာယ်) ပြုတတ်သည်။ ထိုကံများအနက် တမျိုးမျိုးကို ကျူးလွန်သူသည် ကမ္မဋ္ဌာန်းတရားကို အားထုတ်သော်လည်း ဈာန် မဂ် ဖိုလ်တရားထူးများကို မရရှိနိုင်ချေ။
အထူးအားဖြင့် အာနန္တရိယ ကံကြီးထိုက်သူသည် ဈာန် မဂ်ဖိုလ်တရားထူး မရရှိရုံသာမက နောက်ဘ၀၌ အဆင့်မြင့်(သုဂတိ) ဘုံဘ၀သို့လည်း ရောက်ခွင့်မရှိ၊ အပါယ်ငရဲသို့သာ ဧကန်ကျရောက် ရမည်ဖြစ်၏၊
ဘိက္ခုနိမကို ကာမကျူးလွန်သူကား ဈာန် မဂ် ဖိုလ်တရားထူးများကို မရနိုင်သော်လည်း ယခုဘ၀၌ ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ပါက သုဂတိဘုံ ဘ၀များသို့ ရောက်ရှိနိုင်ပေသည်။
[ယခုအခါ မြတ်စွာဘုရား သက်တော်ထင်ရှား မရှိတော့သဖြင့်လည်းကေင်း၊ ဘိက္ခုနီမများလည်း မရှိတော့သဖြင့်လည်းကောင်း မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုသော (လောဟိတုပ္ပါဒက) ကံနှင့် ဘိက္ခုနီမကို ကာမကျူးလွန်သော (ဘိက္ခုနီ ဒူသက) ကံများ သင့်ရောက်ဖွယ် မရှိတော့ချေ။] 


(၂) နိယတမိစ္ဆာဒိဟူသည် ကိလေသာ ဆယ်ပါးတွင် ပါဝင်သော ဒိဋ္ဌိပင် ဖြစ်၏၊
အဇိတ၊ မက္ခလိဂေါသာလ၊ ပူရဏကဿပ ဆရာကြီးများ၏ အယူဝါဒများသည် မြတ်စွာဘုရားရှင်တို့ ချေချွတ်၍ မရလောက်အောင် ခိုင်မြဲသောကြောင့် နိယတ မိစ္ဆာဒိဋ္ဌိများပင်ဖြစ်သည်။
ထိုဆရာကြီးသုံးယောက်အနက် အဇိတမည်သော ဆရာကြီးက နောက်ဘ၀မရှိ၊ သေလျှင် ဘ၀ပြတ်၏ (ဥစ္ဆေဒအယူ)၊ ကောင်းမူ မကောင်းမူ ပြုလုပ်ခြင်းအတွက် ကောင်းကျိုး ဆိုးပြစ်မရှိ(နတ္ထိကအယူ) စသည်ဖြင့် အယူရှိ၏၊
မက္ခလိဂေါသာလသည် အကြောင်းအကျိုးနှစ်ပါးလုံးကို ပယ်သော(အဟေတုက) အယူရှိသူဖြစ်၏၊
ပူရဏကဿပသည်ကား ကောင်းကံ မကောင်းကံများကို ပြုလုပ်သော်လည်း ပြုလုပ်ရာမရောက် စသည်ဖြင့် အကြောင်းကံကို ပယ်သော(အကိရိယ) အယူရှိသူဖြစ်၏။
အချုပ်အားဖြင့် ထိုပုဂ္ဂိုလ်ကြီးတို့၏ အယူဝါဒသုံးမျိုးလုံးသည် ကံနှင့် ကံ၏အကျိုးကို ပယ်သော ၀ါဒများပင်ဖြစ်ကြသည်။ ထိုဆရာကြီးတို့၏ အယူဝါဒများကို တော်ရုံသင့်ရုံ ယူဆနေရုံမျှဖြင့် နိယတမိစ္ဆာဒိဋ္ဌိ မဖြစ်နိုင်သော်လည်း လေးလေးနက်နက် လက်ခံယုံကြည်ခြင်း၊ ကြံစည်တွေးခေါ်ခြင်း၊ အထပ်ထပ် လေ့လာအားထုတ်ခြင်း ပြုသဖြင့် နောက်ဆုံး၌ အခိုင်အမာ စွဲမြဲစွာ အတည်ပြုဆုံးဖြတ်ချက်ချလိုက်မိသည်နှင့် တပြိုင်နက် နိယတမိစ္ဆာဒိဋ္ဌိအယူရှိသူ ဖြစ်လေတော့၏။
တနည်းဆိုရလျှင် ထိုအယူဝါဒကို လက်ခံကျင့်သုံးသူသည် သေလွန်သည့်အခါ အပါယ်ငရဲ၌ မလွဲမုချ ကျရောက်ရလေ၏၊
ထိုသို့ငရဲ၌ အကျိုးပေးမြဲသောကြောင့်လည်း ဖော်ပြပါ အယူကို နိယတမိစ္ဆာဒိဋ္ဌိဟု ခေါ်လေသည်။
ထို နိယတမိစ္ဆာဒိဋ္ဌိအယူသည် ဈာန် မဂ် ဖိုလ် နိဗ္ဗာန် မရအောင် တားဆီးပိတ်ပင်တတ်၏၊
သို့ဖြစ်၍ ယင်းအယူဝါဒသည် ကိလေသန္တရာယ် ဖြစ်သည်။
ထို နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူသည် ဈာန် မဂ် ဖိုလ် တရားထူးများကို မရနိုင်သည့်အပြင် သေလွန်သည့်အခါ အ၀ီစိငရဲသို့ ကျရောက်ပြီး ထိုအ၀ီစိငရဲ သက်တမ်းနှင့်အမျှ ဆင်းရဲဒုက္ခများကို ခံစားရလေသည်။
ဤကံသည် အာနန္တရိယကံကြီးငါးပါးတွင် အပြစ်အကြီးလေးဆုံးဖြစ်သော သံဃဘေဒက ကံကြီးထက်ပင်ပိုမို အပြစ်ကြီးလေး၏။ အကယ်၍ ကမ္ဘာပျက်ခဲ့လျှင် ကမ္ဘာပေါ်ရှိ သတ္တ၀ါမှန်သမျှသည် ဗြဟ္မာ့ဘုံသို့ ရောက်ရှိနေထိုင်ကြရ၏၊
ထို နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူမှာမူ ကမ္ဘာနှင့်တကွ ယင်းကျရောက်နေသည့် မဟာအ၀ီစိငရဲကြီးပါ ပျက်စီးသွားသော်လည်း ကျွတ်လွတ်ခွင့်မရဘဲ ပျက်စီးသော ကမ္ဘာကြီး၏ အပြင်ဘက်ရှိ ကမ္ဘာပျက်ဘေးလွတ်ရာ စကြ၀ဠာတစ်နေရာသို့ ပြောင်းရွေ့လျက် ဆင်းရဲဒုက္ခကို ဆက်လက်ခံစားရလေသည်။

(၃) အဟိတ်ပဋိသန္ဓေ ၀ိပါက်စိတ်နှင့် ဒွိဟိတ် ပဋိသန္ဓေ၀ိပါက်စိတ်များသည်လည်း ဈာန် မဂ် ဖိုလ် တရားထူးများကို မရရှိအောင် အန္တရာယ်ပြုတတ်၏။
“မျိုးစေ့မမှန် ပင်မသန်၊ ဖူးတံ ငုံကင်း အသီးဖျင်း၏”ဟု ဆိုရိုးစကားရှိသည့်အတိုင်း ထိုစိတ်များနှင့် ပဋိသန္ဓေတည်နေခဲ့သူများသည်လည်း ပင်ကိုယ်ပဋိသန္ဓေ မျိုးစေ့ကညံ့သည့်အတွက် လက်ရှိဘ၀၌ ဈာန် မဂ် ဖိုလ် တရားထူးရရှိရေးအတွက် လုံးဝ မျှော်လင့်ချက်မရှိကြပေ။
သို့သော ဤဘ၀၌ သမထ၀ိပဿနာ တရားများကို ကျင့်ကြံပါမူကား နောက်ဘ၀၌ အဆင့်မြင့်ဘုံဘ၀များသို့ ရောက်ရှိပြီး ထိုဘုံဘ၀၌ တရားထူးများကို ကျင့်ကြံရရှိနိုင်ကြပေသည်။

(၄) ယုတ်မာပြစ်မှားလိုသော စိတ်မျိုးဖြင့် အရိယာမှန်းသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အရိယာပုဂ္ဂိုလ်အား မဟုတ်မတရား စွပ်စွဲကဲ့ရဲ့လျှင်လည်း ထိုသို့ ကဲ့ရဲ့သည့်အပြစ်က ဈာန် မဂ် ဖိုလ်တရားထူးများ မရရှိအောင် အန္တရာယ်ပြုတတ်သည်။
ထိုအပြစ်ကို အရိယူပ၀ါဒန္တရာယ်ဟုခေါ်၏။ ဤ ကံကား ဈာန် မဂ် ဖိုလ် ကိုသာမက သုဂတိဘုံဘ၀ကို မရရှိအောင်လည်း အန္တရာယ်ပြုတတ်သည်။
အရိယာမဟုတ်သော်လည်း ကောင်းမွန်စွာ ကျင့်ကြံနေထိုင်သော သီလ၀န္တပုဂ္ဂိုလ်များကို ပြစ်မှားမိလျှင်လည်း အရိယာကို ပြစ်မှားသော ကံ နီးပါး အပြစ်ကြီးလေးလှသည်။
သို့ဖြစ်၍ အရိယာပုဂ္ဂိုလ်နှင့် သီလ၀န္တပုဂ္ဂိုလ်များအား မပြစ်မှားမိစေရန် အထူးသတိရှိအပ်ပေသည်။
ဤသို့ အရိယာပုဂ္ဂိုလ်၊ သီလ၀န္တပုဂ္ဂိုလ်များကို ပြစ်မှားမိသူသည် မိမိပြစ်မှားခဲ့သည့် ပုဂ္ဂိုလ်ထံ တိုက်ရိုက်ဖြစ်စေ၊ ထိုပြစ်မှားမိသည့် ပုဂ္ဂိုလ် သေဆုံးသွားလျှင် ထိုသူအား ရည်မှတ်၍ဖြစ်စေ သွားရောက် ၀န်ချတောင်းပန်ပါက အပြစ်ကင်းလွတ်ပြီး ဈာန် မဂ် ဖိုလ်တရားထူးများကိုလည်း ရခွင့်ရှိပေသည်။ 


(၅) မြတ်စွာဘုရားရှင်သည် ရဟန်းယောက်ျားနှင့် ရဟန်းမိန်းမများ လိုက်နာကျင့်သုံးရန်အတွက် သိက္ခာပုဒ်(၀ိနည်းဥပဒေ) များကို သတ်မှတ်ပြဋ္ဌာန်းထား၏။
ထိုသိက္ခာပုဒ်များကို တမင်လွန်ကျူးလိုစိတ်ဖြင့် လွန်ကျူးခြင်းသည် မြတ်စွာဘုရား၏ အာဏာ(အာဏာပါတိမောက်) တော်ကို ပစ်ပယ်ရာရောက်၏။
ထိုသို့ လွန်ကျူးခြင်းကြောင့် ၀ိနည်းအပြင်(အာပတ်)သင့်သည်။
ထိုအာပတ်များကို အလေးအပေါ့(ဂရုကလဟုက) အာပတ်အလိုကိ ငြိမ်အောင် မကုစားသမျှ ကာလပတ်လုံ သမထ ၀ိပဿနာ တရားများကို ကြိုးစားအားထုတ်သော်လည်း ဈာန် မဂ် ဖိုလ် တရားထူးများကို မရနိုင်သည့်အပြင် သေဆုံးသောအခါ၌လည်း သုဂတိဘုံဘ၀များကို ရရှိနိုင်မည်မဟုတ်၊
အာပတ်တန်းလန်းနှင့် သေဆုံးသွားပါက အပါယ်သို့ မုချကျရောက်ရမည်ဖြစ်၏။
ဖော်ပြပါ အန္တရာယ်(၅)မျိုးသည် ပစ္စုပ္ပန်ဘ၀၌ ဈာန် မဂ် ဖိုလ် တရားထူးများနှင့် တမလွန်ဘ၀၌ သုဂတိဘုံဘ၀များကို မရနိုင်အောင် တားဆီးနှောင့်ယှက်တတ်သဖြင့် လောကီ လောကုတ္တရာ ချမ်းသာသုခများ ဆုံးရူံးနစ်နာရ၏၊ 


သို့ဖြစ်၍ ထိုအန္တရာယ်(၅)မျိုးမှ ကင်းလွတ်အောင် အထူးပင် ကြိုးစားရှောင်ရှားသင့်ကြသည်။
ထိုအန္တရာယ်များမှ ရှောင်ရှားနိုင်ရေးမှာလည်း ဗုဒ္ဓဘာသာဝင်တို့၏ ကြည်လင်သော အသိအမြင်မျိုးရှိမှသာ ဖြစ်နိုင်မည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်းသည် အလွန်တန်ဖိုးရှိသော ဘ၀ရတနာကို ပိုင်ဆိုင်ရရှိနိုင်ခြင်းပင် ဖြစ်ပေသည်။

(ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။)

0 comments:

Post a Comment