Popular Posts

credit

ဤဘလော့ခ်သည် ဗုဒ္ဓမြတ်စွာဘုရား၏မေတ္တာရိပ်အောက်တွင် တည်ရှိပါသဖြင့် ရောက်လာသူအားလုံး စိတ်နှလုံးချမ်းမြေ့ကြပါစေ....


  • ယခုဘလော့ခ်ကို ဗုဒ္ဓဘာသာပြန့်ပွားစေရန် ရည်ရွယ်၍ ကျွန်တော်တို့ ဖတ်မှတ်၊စုစည်း၊သိမ်းဆည်းထားသည်များကို အများသိရှိစေရန် ပြန်လည်ဖြန့်ဝေခြင်းသာလျှင် ဖြစ်ပါသည်။
  1. တစ်ချို့သော စာစုများမှာ မူရင်းရေးသားသူကို မမှတ်မိတော့ပါသဖြင့် credit မပေးနိုင်တော့သည့်အတွက်
    မူရင်းရေးသားသူကို ဤနေရာမှ အနူးအညွတ်တောင်းပန်အပ်ပါသည်။
  2. အကယ်၍ စာဖတ်သူများမှ သိရှိပါကလည်း သက်ဆိုင်ရာပို့စ်အောက်တွင်လည်းကောင်း၊
    thewordsofbuddha@gmail.com သို့လည်းကောင်း အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်။
  3. " ပို့စ်အသစ်တင်တိုင်း gmailကိုအကြောင်းကြားစေလိုပါက" အောက်တွင် မိမိတို့၏ gmail လိပ်စာကို ဖြည့်သွင်းထားပါက ပို့စ်အသစ်တင်တိုင်း မိမိတို့၏ gmail သို့ အကြောင်းကြားပေးပါသည်။
Showing posts with label ဓမ္မ. Show all posts
Showing posts with label ဓမ္မ. Show all posts

Saturday, October 19, 2013

သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာအခါတော်နေ့

ဒီနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့နေ့လည်း ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက ဒီနေ့ဟာ မြတ်စွာဘုရားရှင် ၀ါတွင်းသုံးလ ကာလပတ်လုံး တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက် ကြွရောက်တော်မူတဲ့ နေ့လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာ မြန်မာများက အဘိဓမ္မာ အခါတော်နေ့လို့ ထူးထူးခြားခြား အမည်ထားကြခြင်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဆိုရင်တော့ အခုလို သီတင်းကျွတ်လပြည့်နေ့ ညမှာ ကျောင်းတိုင်း၊ အိမ်တိုင်းနီးပါး ဆီးမီးဖယောင်းတိုင်လေးတွင် ထွန်းညှိထားတတ်ကြပါတယ်။ ဒီအလေ့အထဟာ နတ်ပြည်က ဆင်းသက်တော်မူလာတဲ့ ဗုဒ္ဓမြတ်စွာကို ကြိုဆိုတဲ့ အနေနဲ့ ဆီးမီးဖယောင်းတိုင် စသဖြင့် ထွန်းညှိကာ ပူဇော်ကြတဲ့ အလေ့အထပဲ ဖြစ်ပါတယ်။


မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ခုနှစ်ဝါမြောက်ဝါကို တာဝတိံသာ နတ်ပြည်မှာ ကပ်ဆိုတော်မူပါတယ်။ ၀ါဆိုရတဲ့ အကြောင်းရင်းကတော့ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သား အမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာ ဒေသနာတော် ဟောတော်မူလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားလောင်းကို မွေးဖွားပြီး (၇)ရက်မြောက်မှာ နတ်ရွာစံကာ တာဝတိံသာ နတ်ပြည်မှာ သန္တုသိတ အမည်ရတဲ့ နတ်သားတစ်ပါးအဖြစ် ပြန်လည်မွေးဖွားခဲ့ပါတယ်။ ဘုရားဖြစ်တော်မူပြီးတဲ့ မြတ်စွာဘုရားဟာ မိခင်ကျေးဇူးကို တရားနဲ့ ဆပ်လိုတဲ့အတွက် အမိနတ်သားရှိတဲ့ နတ်ပြည်ကို ကြွတော်မူကာ ဒီလိုအဘိဓမ္မာ ဒေသနာတော်ကို ဟောတော်မူခြင်း ဖြစ်ပါတယ်။

အဘိဓမ္မာ ဒေသနာတော်ဟာ သိမ်မွေ့နက်နဲကာ ရှည်လျားလှပြီး တစ်နာရီ နှစ်နာရီလောက်နဲ့ ပြည့်စုံအောင် ဟောကြားပေးဖို့ မဖြစ်နိုင်တဲ့အတွက် ၀ါတွင်းသုံးလပတ်လုံး ၀ါဆိုဝါကပ်ရင်း ဟောတော်မူရခြင်း ဖြစ်ပါတယ်။ ၀ါတွင်းကာလ တာဝတိံသာ နတ်ပြည်မှာ သုံးလလုံးလုံး သီတင်းသုံး နေတော်မူပေမယ့် နတ်တို့ရဲ့ အချိန်နဲ့ကျတော့ သုံးလဟာ မိနစ်၊နာရီပိုင်း လောက်ပဲရှိပါတယ်။ ဒါပေမယ့် လူသားဖြစ်တဲ့ ဘုရားရှင်ကတော့ ဒီသုံးလအတွင်းမှာ လူ့ပြည်ကို နေ့စဉ်ကြွကာ ဆွမ်းခံပြီး ဘုဉ်းပေးတော်မူပါတယ်။ ဘုရားရှင် လူ့ပြည်ဆင်းတဲ့ အခိုက်အတန့်မှာဆိုရင် ဘုရားရှင်က ကိုယ်တော်မြတ်နဲ့ ထပ်တူထပ်မျှ တူညီလှတဲ့ နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းပြီး နတ်သဘင် တရားပွဲကို ဆက်လက်ဟောကြား စေတော်မူပါတယ်။

နေ့စဉ်လူ့ပြည်ဆင်းပြီး ဥတ္တရကုရုကျွန်းမှာ ကြွရောက်ကာ ဆွမ်းခံဆွမ်းဘုဉ်း ပေးတော်မူလေ့ရှိတဲ့ ဘုရားရှင်ဟာ တပည့်ဖြစ်တော်မူတဲ့ ပညာအရာ ဧတဒဂ်ရ အရှင်သာရိပုတ္တရာ မထေရ်မြတ်နဲ့ ဆန္ဒကူးတောမှာ တွေ့ဆုံကာ အရှင်သာရိပုတ္တရာကို နတ်ပြည်မှာ ဟောကြားတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်အကြောင်း အကျဉ်းအနေနဲ့ ပြန်လည်ဟောကြားတော် မူပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်ဟာ ပညာဉာဏ်ကြီးမားတော် မူလှတဲ့အတွက် မြတ်စွာဘုရား အကျဉ်းဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ကို အကျယ်ဆင်ခြင် နားလည်သဘောပေါက် တော်မူပါတယ်။ ပြီးတော့ အရှင်သာရိပုတ္တရာ မထေရ်ဟာ မိမိဘုရားရှင်ထံက နာယူတော်မူခဲ့တဲ့ အဘိဓမ္မာဒေသနာတော်ကို တပည့်ဖြစ်တဲ့ ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောပြတော်မူပါတယ်။

ဒီနေ့ အသုံးပြုနေတဲ့ ပိဋကတ်သုံးပုံရဲ့ အဘိဓမ္မာ ပိဋကဟာ မြတ်ဗုဒ္ဓရဲ့ အကျဉ်းဟောကြားချက်ကို အကျယ်သိရှိပြီး တပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောကြားတော် မူထားတဲ့ အဘိဓမ္မာ ဒေသနာတော်ပဲ ဖြစ်ပါတယ်။ တာဝတိံသာ နတ်ပြည်မှာ ၀ါဆိုရင်း အဘိဓမ္မာ ဒေသနာတော်ကို နေ့စဉ်ဟောကာ လူပြည်မှာလည်း ပြန်လည် မိန့်ကြားတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာ ဒေသနာတော်ဟာ ၀ါကျွတ်လို့ အဘိဓမ္မာ ခုနှစ်ကျမ်းလည်းကုန် လူ့ပြည်မှာလည်း အပြီးတိုင် ဟောကြားပို့ချပြီးဖြစ်ကာ တကယ့်ကို အနှစ်သာရ ပြည့်ဝတဲ့ ဒေသနာတော်တစ်ရပ် ဖြစ်တော်မူခဲ့ပါတယ်။ အဘိဓမ္မာ ဓမ္မသဘင်ပြီးဆုံးတဲ့အခါ မယ်တော်အမိနတ်သား ဖြစ်တဲ့ သန္တုသိတ နတ်သားဟာ သောတာပတ္တိဖိုလ်၌တည်ပြီး အခြားမြောက်များစွာသော နတ်ဗြဟ္မာ အပေါင်း ဟာလည်း တရားရကာ ကျွတ်တမ်းဝင်ခဲ့ကြပါတယ်။

တရားပွဲလည်းပြီး ၀ါလည်းကျွတ်ပြီဖြစ်လို့ သီတင်းကျွတ်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဟာ လူပြည်ကို ဆင်းကြွတော်မူပါတယ်။ လူပြည်ကြွတဲ့ အခါမှာလည်း တပည့်ဖြစ်တဲ့ အရှင်သာရိပုတ္တရာကို ချီးမြှောက်လိုတဲ့အတွက် အရှင်သာရိပုတ္တရာ ရှိတဲ့ သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူပါတယ်။ ဘုရားရှင် သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူမှာသိတဲ့ လူအများဟာ ဘုရားရှင်ကို အမျိုးမျိုးသော ပူဇော်မူများ၊ ပန်းမာလ်များ၊ ဆီးမီးများ ထွန်းညှိကာ ပူဇော်ရင်း ကြိုဆိုကြပါတယ်။ ဒီအစဉ်အလာကို ယူပြီး မြန်မာပြည်မှာ သီတင်းကျွတ်လပြည့်နေ့မှာ ဆီးမီးထွန်းရင်း ဘုရားရှင်ကို ပူဇော်ကြိုဆိုကာ အဘိဓမ္မာ ဒေသနာတော်ကိုလည်း ရွတ်ပွားသရဇ္ဈာယ်ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သီတင်းကျွတ်လပြည့်နေ့ဟာ ဘုရားရှင်လူ့ပြည်ကို ကြွတော်မူတဲ့နေ့၊ ဒါမှမဟုတ် အဘိဓမ္မာ ဒေသနာတော် ဟောကြားမှု ပြီးဆုံးတဲ့ အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ်တဲ့ နေ့ဖြစ်ပြီး ဒီနေ့မှာ ဗုဒ္ဓဘာသာများဟာ ကုသိုလ်ကောင်းမှု အစုစုကို ပြုကြခြင်း ဖြစ်ပါတယ်။ ဒါက သီတင်းကျွတ်လပြည့်နေ့နဲ့ အဘိဓမ္မာ အခါတော်နေ့ အကြောင်း တစ်စေ့တစ်စောင်း ဖြစ်ပါတယ်။

စကားစပ်လို့ ဒီနေရာမှာ အဘိဓမ္မာအကြောင်း နဲနဲလောက် မိတ်ဆက်တင်ပြလိုပါတယ်။ ဘုရားရှင်ရဲ့ ဓမ္မဒေသနာများကို ပိဋကအနေနဲ့ အစုသုံးစု ခွဲခြားထားရာမှာ သုတ္တန္တပိဋကို သတ္တ၀ါတွေရဲ့ အသိဉာဏ်နဲ့ သင့်တော်မယ့် ဝေါဟာရများကို အသုံးပြု ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ ဝေါဟာရဒေသနာ၊ ၀ိနယပိဋကကို ဘုရားတပည့် သာဝကများ လိုက်နာကျင့်ကြံရန် အာဏာကို အများဆုံးသုံးကာ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ အာဏာဒေသနာ၊ အဘိဓမ္မာပိဋကကို မဖောက်မပြန် မှန်ကန်တဲ့ သဘောတရား (ပရမတ္ထတရား) များကို အကြွင်းမရှိ ပြည့်ပြည့်စုံစုံ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ ပရမတ္ထဒေသနာ လို့ ဖွင့်ပြပါတယ်။ ဒီမှာဖွင့်ပြတဲ့ အဘိဓမ္မာအဖွင့်အရ အဘိဓမ္မာဆိုတာ လောကသုံးပါးနဲ့ နိဗ္ဗာန်တို့ရဲ့ အကြောင်းအရာများကို တကယ်အစစ်အမှန်ရှိတဲ့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရားလေးပါးနဲ့ ခွဲခြမ်းစိပ်ဖြာ ဟောကြားထားခြင်းကို ဆိုလိုတာဖြစ်ကြောင်း သဘောပေါက် မှန်ယူနိုင်ပါတယ်။

အဘိဓမ္မာ ဒေသနာတော်မှာ လောကကြီးကို လွှမ်းမိုးချယ်လှယ်နေတဲ့ စိတ်၊ စေတသိက်တို့ရဲ့ သဘောသဘာဝများကို မခြွင်းမချန် မှန်ကန်ပြည့်စုံအောင် ဟောကြားထားတဲ့အတွက် ဒီအဘိဓမ္မာဟာ လူတိုင်းအတွက် မှန်ကန်တည့်မတ်တဲ့ ဘ၀အမြင်ကို ဖြစ်စေပါတယ်။ ပြီးတော့ အဘိဓမ္မာမှာ် လူတို့အား ဆိုးသွမ်းယုတ်ညံ့ ဆင်းရဲစေတတ်တဲ့ အကုသိုလ် စေတသိက်များ၊ လူတို့ရဲ့ ဘ၀ကို မြင့်မြတ်စေတတ်တဲ့ သောဘဏ စေတသိက်များ၊ ကောင်းမြတ်တဲ့ လုပ်ငန်းများတွင် အောင်ပန်းဆင်စေတတ်တဲ့ ဗလအင်းအားနှင့် အဓိပတိတရားများ၊ ၀ဋ်ဆင်းရဲမှ လွတ်မြောက်စေပြီး အချမ်းသာဆုံး သန္တိသုခကို ရရှိစေနိုင်တဲ့ ကျင့်စဉ်အမှန်တရားများ စသည်တို့ကို တိတိကျကျ ဖော်ညွန်းထားတဲ့အတွက် အဘိဓမ္မာဒေသနာဟာ တန်ဘိုးမဖြတ်နိုင်တဲ့ ဘ၀ပညာပေး တရားလို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။ ပိုပြီးထူးခြားစေနိုင်တာက အဘိဓမ္မာရဲ့ သဘောကို ကောင်းစွာသိရှိပြီး စိတ်၊ စေတသိက် စတဲ့ ပရမတ္ထတရားများရဲ့ အလုပ်လုပ်ပုံကို သိရှိနားလည်လာပါက ငါ ငါလို့ စွဲတတ်တဲ့ အသက်ကောင်၊ ၀ိညာဉ်ကောင်၊ လိပ်ပြာကောင်တို့ မရှိကြောင်း ရှင်းရှင်းလင်းလင်း သိမြင်သွားနိုင်ကာ မှားယွင်းတဲ့ အမြင်အယူတို့ကို ပယ်ခွာရင်း နိဗ္ဗာန်အထိ မျက်မှောက်ပြုရေးကို အထောက်အကူ ပေးနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒီလိုအကျိုးတရားနဲ့ သဘောတရားများကို အဘိဓမ္မာဒေသနာတော်က ထုတ်ဖော်ပြသပေးထားတဲ့ အတွက် အဘိဓမ္မာဒေသနာတော်ဟာ အမှန်ကန်ဆုံး ဘ၀ပညာပေး ပရမတ္ထ ဒေသနာတော် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ဒါက စကားစပ်လို့ အဘိဓမ္မာ ဒေသနာရဲ့ ထူးခြားချက်ကို အကျဉ်းအနေနဲ့ မိတ်ဆက် တင်ပြခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောလိုတာက သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့ရဲ့ ထူးခြားမှု အကြောင်းပဲ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီများကို ဗုဒ္ဓဘာသာရဲ့ ထူးခြားမှုများနဲ့ တင်စားဖော်ပြခြင်းဖြင့် လစဉ်လတိုင်း ကုသိုလ်တရားများ တိုးပွားစေနိုင်တဲ့အပြင် ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ်များကိုလည်း သိရှိမှတ်သားခွင့် ရနိုင်တဲ့အတွက် ထူးခြားတဲ့ သဒ္ဓါတရားများ ပွားတိုးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို သီတင်းကျွတ်လပြည့် နေ့မျိုးမှာ ဗုဒ္ဓမြတ်စွာ တာဝတိံသာမှာ အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားပြီး လူ့ပြည်သို့ ပြန်လည်သက်ဆင်းတဲ့ ပုံရိပ်ကို နိမိတ်ယူကာ ဘုရားရှင်ကိုလည်း ပူဇော်ရင်း ဘုရားဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ရဲ့ အနှစ်ရှိပုံကိုလည်း လေ့လာကြည်ညိုရင်း ဥပုသ်နေ့ဖြစ်တဲ့အတွက် ဥပုသ်သီလလည်း စောင့်သုံးကာ ကုသိုလ်တရား ပွားနိုင်ကြဖို့ သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့အကြောင်း ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ် တစ်ခုအနေနဲ့ ဗဟုသုတဖြစ်ဖွယ် ရေးသားတင်ပြလိုက်ရပါတယ်။

စာရေးသူ - မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
အပြည့်အစုံဖတ်ရန်

Friday, June 28, 2013

အနတ္တ၏ အနက်၎-ချက်

၁။ အ၀သ၀နဋ္ဌ
အလိုသို့ မလိုက်ပါခြင်း။ မိမိဖြစ်ချင်သလို မဖြစ်ခြင်းသဘော။

၂။ အသာမိကဋ္ဌ
ပိုင်ဆိုင်သူမရှိခြင်း အနက်သဘော။


၃။ သုညတဋ္ဌ
ပြုစီမံတတ် ဖန်တီးတတ်သောတရားမှ ဆိတ်သုဉ်းခြင်း အနက်သဘော။

၎။ အတ္တပဋိက္ခေပဋ္ဌ
မပျက်မစီး အမြဲတည်တံ့သည်ဟု ယူဆထားသော အတ္တကို ပယ်ခြင်း
အနက်သဘော။

န + အတ္တ = အနတ္တ။
န = မဟုတ်။
အတ္တ = ငါ၊ အလိုသို့လိုက်ပါခြင်း၊ အစိုးတရ မိမိဖြစ်ချင်သလို ဖြစ်ခြင်း။
အနတ္တ = ငါမဟုတ်၊ အလိုသို့ မလိုက်ပါခြင်း၊ အစိုးမရ မိမိဖြစ်ချင်သလို
မဖြစ်ခြင်း

ဟု အဓိပ္ပါယ်ရသည်။

( အရှင်ဇနက )

credit to 3 Treasures: Buddha, Dhamma & Sanga
အပြည့်အစုံဖတ်ရန်

Saturday, May 11, 2013

ဗုဒ္ဓ၏ကမ္မဝါဒ (ကံဆိုသည်မှာ)

ကမ္မဟူသော ပုဒ်သည် အပြုအမူ၊ ပြုလုပ်ခြင်း 'အလုပ်' ဟူသော အနက်ဖြစ်သည်။ ဝေဒခေတ်အခါက ကမ္မဟူသည်မှာ ယဇ်ပူဇော်မှု ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ယဇ်ပူဇော်မှုကို သတ်မှတ်ထားသော နည်းလမ်းများအတိုင်း တိကျကောင်းမွန်စွာ ပြုလုပ်နိုင်လျှင်၊ ကောင်းကျိုးခံစားရသည်ဟု ဝေဒကျမ်းများကို အလေးထားစဉ်က ယူဆခဲ့ကြသည်။ ဝေဒခေတ်နောက်ပိုင်း အရညကကျမ်းများနှင့် ဥပနိသျှဒ်ကျမ်းများ ခေတ်စားလာသောအခါ ကိုယ်ကျင့်သီလကို "ကမ္မ" "ကံ" ဟု ယူဆလာကြသည်။ သို့ရာတွင် အတွေးအခေါ်အရ ကိုယ်ကျင့်သီလကို ကံအဖြစ်လက်ခံလာသော်လည်း ဗြဟ္မဏဝါဒ၌မူကား "ကမ္မ" သည် ယဇ်ပူဇော်မှုသာဖြစ်သည်ဟု ယူမှတ်ထားဆဲ ဖြစ်သည်။ ဗုဒ္ဓဘာသာအရ "ကမ္မ" "ကံ" ဆိုသည်မှာ သာမန်အပြုအမူသက်သက်မျှသာမဟုတ်ဘဲ စေတနာပါသည့် စေတနာ အခြေခံသည့် အပြုအမူဖြစ်သည်။
"စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ"
(ရဟန်းတို့ စေတနာကို ကံဟု ငါဘုရားဆိုလို၏)
အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊နိဗ္ဗေဓိကသုတ်။

အထက်ပါစကားအရ အသိနှင့် ယှဉ်၍ပြုသော စေတနာပါသော အပြုအမူကိုသာ ကံအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ စေတနာပါသော အပြုအမူဟုဆိုရာ၌ ကိုယ်၊ နှုတ်၊ စိတ်သုံးပါး၏ အပြုအမူအားလုံးအကျုံးဝင်သည်။ ထိုကံသုံးပါးလုံးတွင် စေတနာသည် အရင်းခံ ဖြစ်သည်။
စေတနာအရင်းခံသည့် အပြုအမူ၊ အသိနှင့် ယှဉ်သည့်ကံကို အပြစ်ကင်းသော ကောင်းသောကံ(ကုသလ)၊ အပြစ်မကင်းသော မကောင်းသောကံ (အကုသလ)၊ နှင့် အပြစ်ကင်းသည် မကင်းသည်ဟု မသတ်မှတ်နိုင်သော ကြားဖြစ်သောကံ(အဗျာကတ) ဟုသုံးမျိုးခွဲခြားနိုင်သည်။ အလောဘ၊ အဒေါသ၊ အမောဟ ကို အခြေခံသည့် စေတနာပါသောကံကို ကောင်းမှုကံဟု ခေါ်သည်။ လောဘ၊ ဒေါသ၊ မောဟ တို့ကို အခြခံသည့် စေတနာပါသောကံကို မ​ကောင်းမှုကံဟုခေါ်သည်။ အလောဘ၊ အဒေါသ၊ အမောဟ တို့ကို အခြေခံသည့် စေတနာလည်း မပါ။ လောဘ၊ ဒေါသ၊ မောဟ တို့ကို အခြေခံသည့် စေတနာလည်း မပါ။ ပြုကာမတ္တမျှသာဖြစ်သော ကံကို အဗျာကတ ဟု သတ်မှတ်သည်။
ကံသည် စေတနာအရင်းခံပါသော တွေးကြံ၊ ပြောဆို၊ ပြုမူမှုဖြစ်ပေရာ ထိုကဲ့သို့ လက်ရှိ အခြေအနေ၊ လက်ရှိဘဝက ပြုလုပ်သောကံနှင့် လွန်ခဲ့သော အချိန်အခါ လွန်ခဲ့သောဘဝက ပြုလုပ်ခဲ့သော အတိတ်ကံဟု နှစ်မျိုးပိုင်းခြားနိုင်သည်။ ကံဟု သာမန်ပြောဆိုလျှင် ပစ္စုပ္ပန်ကံ အတိတ်ကံ နှစ်မျိုးစလုံး အကျုံးဝင်နိုင်သည်။ ထိုနှစ်မျိုးစလုံးသည် မျက်မှောက်ဘဝ၊ လက်ငင်းအခြေအနေ၌ အကျိုးပေးနိုင်သည်။ ဗုဒ္ဓဘာသာ အယူအဆအရ ထိုနှစ်မျိုးအနက် ပစ္စုပ္ပန်ကံကိုသာ အလေးအနက်ထားရမည်ဖြစ်သည်။
အတိတ်ကံသည် ပြုပြင်၍လည်း မရနိုင်။ မျက်မှောက်လူသားတို့စွမ်းဆောင်ကြိုးစားမှုနှင့် တိုက်ရိုက်မဆိုင်။ ပစ္စုပ္ပန်ကံသာလျှင် မျက်မှောက်လူသားတို့ စွမ်းဆောင်ကြိုးစားမှုနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ဗုဒ္ဓသည် ပစ္စုပ္ပန်ကံကိုသာ အလေးအနက်ထားခဲ့သည်။ အင်္ဂုတ္တရနိက္ကာယ်၊ တိကနိပါတ်၊ တိတ္ထာယတနသုတ်၌ ပါရှိသော အောက်ပါစကားဖြင့် ပစ္စုပ္ပန်ကံအပေါ် ဗုဒ္ဓအလေးအနက်ထားမှုကို ထင်ရှားစေနိုင်ပါသည်။ ဗုဒ္ဓက အောက်ပါကဲ့သို့ မိန့်တော်မူခဲ့သည်။
"ရဟန်းတို့...အကိရိယဒိဌိသုံးမျိုးရှိသည်။ သုံးမျိုးဆိုသည်မှာ ချမ်းသာမှု၊ ဆင်းရဲမှုအားလုံးသည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာလျှင် ဖြစ်၏ဟူသော အယူ(ပုဗ္ဗေကတဟေတုဒိဌိ) တစ်ပါး။ ချမ်းသာမှု ဆင်းရဲမှုအားလုံးသည် လောကကို အစိုးရသော ဗြဟ္မာ(ထာဝရဘုရား) က ဖန်ဆင်းမှုကြောင့် ဖြစ်၏ဟု ယူဆသောအယူ (ဣဿရနိမ္မာနိကဒိဌိ) တစ်ပါး။ ချမ်းသာမှု ဆင်းရဲမှု အားလုံးသည် အကြောင်းရင်မရှိဘဲ အလိုအလျောက် ဖြစ်ပေါ်၏ဟု ယူသောအယူ (အဟေတုကဒိဌိ) တစ်ပါး။ဤသုံးပါးတို့ ဖြစ်ကြသည်။ဤအယူသုံးပါး မှန်ကန်သည်ဆိုပါက လူတို့အဖို့ ပြုဖွယ်ကိစ္စ တစ်စုံတစ်ရာရှိတော့မည်မဟုတ်။အလိုရှိအပ်သော ဆန္ဒ၊ စွမ်းအင်၊ လုံ့လဟူ၍လည်း ဖြစ်ပေါ်တော့မည် မဟုတ်။ သူတော်သူမြတ်သမဏတို့၏ အယူဝါဒသည်လည်း ဖြစ်ပေါ်လာတော့မည်မဟုတ်ချေ။"
အပြည့်အစုံဖတ်ရန်

Friday, March 29, 2013

ဗုဒ္ဓဘာသာဝင်တို့ အမြတ်တနိုးထားရမည့် ဂုဏ်တော်များ (သို့) ၉၆၉

အခုတစ်လော ရေပန်းစားနေတဲ့စကားလုံးကတော့ ၉၆၉ ဆိုတဲ့ ဂဏန်းသုံးလုံးပါ။ဒါကြောင့် ၉၆၉ အကြောင်းကို ဗုဒ္ဓဘာသာဝင်တွေ သိရှိစေဖို့ ရှာပြီးတင်ပေးလိုက်ပါတယ်။အထူးပြောချင်တာက ဒီပို့စ်ဟာ ၉၆၉ အကြောင်း ကောင်းတယ် ဆိုးတယ် ဝေဖန်ရန်မဟုတ်ဘဲ ၉၆၉ ဟု ပါးစပ်မှပြောသည့်အဆင့်မှ ဂုဏ်တော်များကို သိရှိပွားနိုင်စေရန်သာ ရည်ရွယ်ပါတယ်။
မူရင်းပို့စ်ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
ဗုဒ္ဓဘာသာ လူမျိုးတို့ရဲ့ ဆိုင်တွေ၊ အိမ်တွေ၊ ယာဉ်တွေ စတဲ့ နေရာတွေမှာ အမှတ်အသား တစ်ခုအနေနဲ့ရော ဘေးအန္တရာယ်ကင်းရှင်း စေဖို့ အတွက် ဆရာတော်ကြီးများ ကိုယ်တိုင် စီစဉ်ဆောင် ရွက်ထားတဲ့ အမှတ်တံဆိပ်လေးပါ ...။ နောက်ခံအနေနဲ့ ဗုဒ္ဓဘာသာ သာသနာ့အလံတော် ကို ထည့်သွင်းထားပါတယ်။
ပြီးတော့ (၂၄) ပစ္စည်း စက်ဝိုင်းကို လည်း ထည့်သွင်းထားပါတယ် ...။
အပေါ်မှာ ဘုရားဂုဏ်တော် (၉) ပါး၊ တရားဂုဏ်တော် (၆) ပါး နှင့် သံဃာ့ဂုဏ်တော် (၉) ပါး တို့ကို ကိုယ်စားပြုတဲ့ ၉၆၉ ဆိုတဲ့ ကိန်းဂဏန်းကိုလည်း ထည့်သွင်းပေးထားပါတယ် ...။
အလယ်မှာတော့ အာသောကမင်းကြီး ရဲ့ အမှတ်တံဆိပ်ကို ထည့်သွင်းပေးထားပါတယ် ....။



ဘုရားဂုဏ်တော် ကိုးပါး

၁။အရဟံ =ဗြဟ္မာ-နတ်-လူ ပူဇော်အပ်တဲ.၊ ဂုဏ်တော်မြတ်နဲ.ပြည်စုံပါသောမြတ်စွာဘုရား
၂။သမ္မာသဗ္ဗုဒ္ဓေါ =တရားအလုံးစုံ ဆရာမရှိ ကိုယ်တိုင်သိတဲ.
မြတ်စွာဘုရား
၃။ဝိဇ္ဇာစရဏသမ္ပန္နော =သုံးရှစ်ဝိဇ္ဇာ စရဏများ။ဆယ်.ငါးပါးနဲ.ပြည်.စုံပါသောမြတ်စွာဘုရား
၎။သုဂတော = ကောင်းတဲ.စကားကို မိန်.ဆိုတက်လို.။ နိဗ္ဗာန်မြတ်သို.ကြွသွားတော်မူသော မြတ်စွာဘုရား
၅။လောက၀ိဒူ = လောက သုံးပါးကို ခွဲခြားသိမြင်တော် မူသော မြတ်စွာဘုရား
၆။အနုတ္တရောပုရိသ =မယဉ်ကျေးသူ ယဉ်ကျေးအောင် ဆုံးမတွင် ဓမ္မသာရထိ အတုမရှိသောမြတ်စွာဘုရား
ရ။သတ္ထာဒေ၀ မနုဿာနံ =လူ-နတ်-ဗြဟ္မာ သတ္တ၀ါများရဲ. ဆရာတဆူဖြစ်တော် မူသောမြတ်စွာဘုရား
၈။ဗုဒ္ဓေါ =သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရား
၉။ဘဂ၀ါ = ဘုန်တော်ခြောက်စုံ ဂုဏ်တော်မြတ်နှင်.ပြည်.စုံတော် မူသောမြတ်စွာ ဘုရား

တရားဂုဏ်တော် ၆ ပါး

၁။သွာက္ခာတော        ။ ဘုရားမြတ်စွာ ဟောညွန်ပြတဲ့ အမှန်မြတ်တဲ့ ဂုဏ်တော်
၂။သန္ဒိဋ္ဌိကော           ။ကိုယ်တိုင်ကျင်.ရင် ကိုယ်တိုင်သိရတဲ. သန္ဒိဋ္ဌိကော ဂုဏ်တော်
၃။အကာလိကော       ။ ချက်ချင်းအမြန် အကျိုးရလို့ အကာလိက ဂုဏ်တော်
၎။ဧဟိပဿိကော      ။လာပါ ၊ကျင့်ပါ ဖိတ်ခေါ်အပ်တဲ့ အမှန်မြတ်တဲ့ ဂုဏ်တော်
၅။သြပနေယျိကော     ။ ကိုယ်နဲ.စိတ်မှာ၊အမြဲဆောင်ကပ်လို့ အမှန်မြတ်တဲ့ ဂုဏ်တော်
၆။ပပစ္စတ္တံ ဝေဒိတဗ္ဗော ။အရိယဆို၊ ကိုယ်စီ သိလို့ ခံစားအပ်တဲ့ ဂုဏ်တော်

သံဃာဂုဏ်တော် ၉ ပါး

၁။သုပ္ပဋိပန္နော ။ ကောင်းမွန်မှန်စွာ ၊အကျင်.မြတ်ကျင်.ကျန်တက်တဲ. ဂုဏ်တော်
၂။ဥဇုပ္ပဋိန္နော ။ဖြောင်.မတ် မှန်စွာ၊ အကျင်.မြတ်ကို ကျင်.ကြံတက်တဲ. ဂုဏ်တော်
၃။ဥာယပ္ပဋိပန္နော။ နိဗ္ဗာန် ရောက်ရန် အကျင်.မြတ်ကို ကျင်.ကြံ တက်တဲ. ဂုဏ်တော်.
၎။သာမိစိပ္ပဋိပန္နော။ ရိုသေထိုက်အောင်၊အကျင်.မြတ်ကို ကျင်.ကြံ တတ်တဲ. ဂုဏ်တော်
၅။အာဟုနေယျော။အဝေးကယူလာ၊ပစ္စည်းများကို ခံယူထိုက်တဲ.
ဂုဏ်တော်
၆။ပါဟုနေယျော။ လက်ဆောင်အလို.ငုာ၊ပစ္စည်းများကို ခံယူထိုက်တဲ.ဂုဏ်တော်
ရ။ဒက္ခိဏေယျော။ နောင်အကျိုးကို မျှော်ကာပြုတဲ. ကောင်းမှူ. ကံထိုက်၊ ဂုဏ်တော်
၈။အဉ္စလိကရဏီယျော။လက်အုပ်ချီကာ ရှိခိုးအပ်ဖို. ကျင်.ကြံအပ်တဲ. ဂုဏ်တော်
၉။အနုတ္တရံ ပုညခေတ္တံ လောကဿ ။ကောင်း မှူ.စိုက်ရာ မြေယာကောင်းသို. နိုင်း ယှဉ်တူကြောင်း ဂုဏ်တော်
အပြည့်အစုံဖတ်ရန်

Monday, February 25, 2013

သြ၀ါဒပါတိမောက်

မြတ်စွာဘုရားရှင်သည် သူ၏ တပည့်သာဝက သံဃာ့အဖွဲ့အစည်းကြီး အဓွန့်ရှည်စွာ ကျစ်လစ်ခိုင်မာရေး၊ စည်းလုံးညီညွတ်ရေး၊ စိတ်နှလုံးအေးချမ်းသာယာစွာ တရားဓမ္မ ကျင့်သုံးနိုင်ရေး၊ သာသနာတော်မြတ်ကြီး အရှည်ခန့်၍ တည်တန့်ရေးအတွက် အာဏာပါတိမောက် ၀ိနည်းစည်းကမ်းချက်များကို ပညတ်တော်မူခဲ့ပါသည်။ ၀ိနည်းစည်းကမ်းများကို မပညတ်မီ ပထမဦးဆုံး ၀ါတော် (၂၀)အတွင်း၌ သြ၀ါဒပါတိမောက် ဒေသနာတော်ဖြင့်သာ လမ်းညွှန်ဆုံးမတော်မူပါသည်။

လက်ယာရံ လက်ဝဲရံ အဂ္ဂသာဝကကြီးများဖြစ်ကြသော အရှင်မဟာသာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးများ ဘုရားသာသနာတော်အတွင်းသို့ ၀င်ရောက်လာပြီး ရဟန္တာဖြစ်တော်မူ သည့်အချိန်တွင် သာဝကသန္နိပါတ အစည်းအဝေးကြီးတစ်ခု ကျင်းပတော်မူသည်။ ဘုရားရှင်၏ တပည့်သာဝက အားလုံးစုံညီ
တက်ရောက်သော အစည်းအဝေးဖြစ်သောကြောင့် သာဝကသန္နိပါတ အစည်းအဝေး ဟုခေါ်သည်။ ထိုအစည်းအဝေးကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်
ကျောင်းတိုက်ကြီးအတွင်း၌ ကျင်းပတော်မူသည်။

ထိုအစည်းအဝေးကြီး၌ မြတ်စွာဘုရားရှင်က -
အရှင်မဟာသာရိပုတ္တရာကို ပညာဉာဏ်ကြီးသည့်အရာတွင် အသာဆုံး အမြတ်ဆုံး လက်ျာရံ ဧတဒဂ်အရာကို ပေးသနားတော်မူသည်။
အရှင်မဟာမောဂ္ဂလာန်ကို တန်ခိုးကြီးသည့်အရာတွင် အသာဆုံးအမြတ်ဆုံး လက်ဝဲရံ ဧတဒဂ်အရာကို ပေးသနားတော်မူသည်။

ထိုအစည်းအဝေးကြီး၌ သြ၀ါဒပါတိမောက် ဒေသနာတော်ကို ဘုရားရှင်ကိုယ်တော်တိုင် ပြတော်မူသည်။

•••

သြ၀ါဒပါတိမောက် ပထမဂါထာ။
---------------------------------
ခန္တီ ပရမံ တပေါ တိတိက္ခာ ၊ နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇ္ဖိတော ပရူပဃာတီ ၊ န သမဏော ဟောတိ ပရံ ၀ိဟေဌယန္တော။

လွန်စွာ ချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း။
နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏။
သူတပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။
သူတပါးကို ညှဉ်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။

•••

သြ၀ါဒပါတိမောက် ဒုတိယဂါထာ။
----------------------------------
သဗ္ဗပါပဿ အကရဏံ ၊ ကုသလဿူပသမ္ပဒါ။
သစိတ္တ ပရိယောဒါပနံ ၊ ဧတံ ဗုဒ္ဓါန သာသနံ။

မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ။
ကောင်းမှုဟူသမျှကို ပြည့်စုံစေရာ၏။
မိမိစိတ်ကို သန့်ရှင်း ဖြူစင်စေရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

•••

သြ၀ါဒပါတိမောက် တတိယဂါထာ။
-----------------------------------
အနုပ၀ါဒေါ အနုပဃာတော ၊ ပါတိမောက္ခေစ သံဝရော။
မတ္တညုတာစ ဘတ္တသ္မိံ ၊ ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ ၊ ဧတံ ဗုဒ္ဓါန သာသနံ။

သူတပါးကို မစွပ်စွဲ မပြစ်မှားရာ။
သူတပါးကို မညှဉ်းဆဲ မနှိပ်စက်ရာ။
မြတ်သောသီလ၌ စောင့်စည်း လုံခြုံရာ၏။
စားသုံးဖွယ်၌ ပမာဏကို သိရာ၏။
အစွန်အဖျား ကျောင်းအိပ်ရာ၌ နေရာ၏။
ထူးမြတ်သောစိတ်၌ လွန်စွာ အားထုတ်ရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။
အပြည့်အစုံဖတ်ရန်

တပို့တွဲလပြည့် - သြ၀ါဒပါတိမောက် အခါတော်နေ့

တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထားပါသည်။

တပို့တွဲလပြည့်နေ့၏ ထူးခြားချက်များမှာ …
- အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့၊
- အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန် ဧတဒဂ်ရသောနေ့၊
- အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့၊
- ဘုရားရှင်တိုင်း သြ၀ါဒပါတိမောက် ပြတော်မူသောနေ့ တို့ ဖြစ်ပါသည်။

ဘုရားရှင်တို့၏ အဆုံးအမ သြ၀ါဒါနှင့် ပညတ်တော်မူသော သိက္ခာပုဒ်များကို ပါတိမောက်ဟုခေါ်ပါသည်။
ပါတိမောက်တွင် -
• သြ၀ါဒပါတိမောက်နှင့်
• အာဏာပါတိမောက်
ဟူ၍ နှစ်မျိုးရှိသည်။


သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြခွင့်ရှိသည်၊ တပည့်သာဝကတို့ ပြခွင့်မရှိပါ။
ဘုရားတစ်ဆူနှင့်တစ်ဆူ သြ၀ါဒပေးပုံ ကွဲပြားခြားနားမှု မရှိ၊
ပြတော်မူသည့် အချိန်ကာလသာ ကွဲပြားသည်။
ဥပမာ ...

ဝိပဿီမြတ်စွာဘုရားသည် ၇-နှစ်လျှင်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို
ပြတော်မူသည်။ တစ်ကြိမ်ပြလျှင် သြ၀ါဒ ၇-နှစ် ကြာ တည်တံ့သည်။

သိခီနှင့် ဝေဿဘူမြတ်စွာဘုရားတို့သည် ၆-နှစ်လျှင်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။
တစ်ကြိမ်ပြလျှင် သြ၀ါဒ ၆-နှစ်ကြာ တည်တံ့သည်။

ကကုသန်နှင့် ကောဏာဂုမ်မြတ်စွာဘုရားတို့သည် ၁-နှစ်လျှင် တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။
တစ်ကြိမ်ပြလျှင် သြ၀ါဒ ၁-နှစ်ကြာ တည်တံ့သည်။

ကဿပမြတ်စွာဘုရားသည် ၆-လလျှင်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။
တစ်ကြိမ်ပြလျှင် သြ၀ါဒ ၆-လကြာတည်တံ့သည်။

သက်တမ်းရှည်သော ဘုရားတို့မှာ သြ၀ါဒပါတိမောက်ကို သာသနာခေတ်ဆုံးတိုင် ပြတော်မူကြသည်။
သက်တမ်းတိုသော ဘုရားရှင်တို့မှာ ပထမဗောဓိ ခေါ်သော ၀ါတော် ၂၀ အတွင်း၌သာ သြ၀ါဒ ပါတိမောက်ကို ပြတော်မူလေ့ရှိပါသည်။ သိက္ခာပုဒ်တော် ပညတ်ချိန်မှစ၍ သြ၀ါဒ ပါတိမောက်ကို ပြတော်မမူဘဲ အာဏာပါတိမောက်ကိုသာ ပြစေတော်မူပါသည်။

ဘုရားရှင်တို့သည် သြ၀ါဒပါတိမောက်ကို ...
- တပို့တွဲလပြည့်နေ့ ကြုံကြိုက်ခြင်း၊
- ဧဟိဘိက္ခုရဟန်းချည်းသာဖြစ်ခြင်း၊
- ဆဠာဘိည ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာချည်းဖြစ်ခြင်း၊
- မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း ...
ဤ အင်္ဂါ လေးချက်နှင့် ပြည့်စုံမှ ပြမြဲ ဖြစ်ပါသည်။


ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော -
ကဿပညီနောင် ရှင်တစ်ထောင်၊
အရှင်သာရိပုတ္တရာ၊
အရှင်မဟာမောဂ္ဂလန်နှင့် တပည့် ၂၅၀၊
စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား . .
ဂါထာသုံးပုဒ်ဖြင့် သြ၀ါဒပါတိမောက်ကို ပြတော်မူပါသည်။

သြ၀ါဒပါတိမောက်ဂါထာသည် သီလ, သမာဓိ, ပညာကို ဟောကြားထား၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ခေါ်ပါသည်။ သြ၀ါဒပါတိမောက်ဂါထာအတိုင်း လိုက်နာကျင့်ကြံပါက ကိုယ်, နှုတ်, စိတ် ယဉ်ကျေးလိမ္မာပြီး အို, နာ, သေ လွတ်ရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည်
ဖြစ်ပါသည်။



Credit to 3 Treasures:Buddha,Dhamma & Sangha
အပြည့်အစုံဖတ်ရန်

Wednesday, September 26, 2012

ငရဲပြည်၌ ဒုက္ခခံရပုံ

ငရဲဘုံ​၌ ဖြစ်ရသောသတ္တဝါတို့၏ ကိုယ်ထည်သည် သုံးဂါဝုတ်ပမာဏရှိ၏။မြန်မာတိုင်အားဖြင့် ၄တိုင်နှင့်တာ ၈၀၀ ရှိ၏။ ငရဲထိန်းတို့သည် ထိုမျှခန္တာကိုယ်ကြီးမားသော ငရဲသားကို အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပေါ်၌ ပက်လက်အိပ်စေ၏။ထို့နောက် ညာဘက် လက်ဖဝါး၌ ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံတစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။ဘယ်ဘက်လက်ဝါး၌လည်း နည်းတူပင် ရိုက်နှက် သွင်းကုန်၏။ညာဘက်ခြေ၊ ဘယ်ဘက်ခြေ၊ ခါး၊ လက်တို့၌လည်း နည်းတူပင် ရိုက်နှက်သွင်းကုန်၏။

ထို့အတူ မှေက်လျက် အိပ်စေ၍ လည်းကောင်း၊စောင်းလျက် အိပ်စေ၍လည်းကောင်း၊ ငါးပါးသော ဌာနတို့၌ သံတစို့ကြီးများကို ရိုက်နှက်၍ ညှင်းဆဲ နှိပ်စက်ကုန်၏။အကုသိုလ်ကံ မကုန်သေးမချင်း ငရဲသားကား မသေနိုင်။ဤသို့ အညှင်းဆဲခံရသော ငရဲသားသည် ရဲရဲတောက်သော သံမြေပြင်ကို မြင်ရုံမျှဖြင့်လည်း များစွာ စိတ်ဆင်းရဲရ၏။ အလွန်ကြမ်းတမ်းရက်စက်စွာ ကြိမ်းမောင်း ပြောဆိုသော ငရဲထိန်းတို့၏ အသံကို ကြားရ၍လည်း စိတ်ဆင်းရဲရ၏။ သံမြေပြင်ပေါ်၌ အတင်းတွန်းလှဲ သိပ်ခြင်း၊ မီးလောင်ခံရခြင်း၊ သံစို့ နှက်ခံရခြင်းတို့ကြောင့်လည်း အတိုင်းမသိ ကြီးစွာသော ကိုယ်ဆင်းရဲ၊စိတ်ဆင်းရဲတို့ကို ခံစားရ၏။
ထိုသို့သောကာလ၌ ကယ်ပါ၊ သနားပါ၊ ချမ်းသာပေးပါ စသည်ဖြင့် မျက်ရည်ယိုစီး ငို​ကြွေး မြည်တမ်းလျက် တောင်းပန်သော်လည်း မည်သူကမျှ မသနား၊ ချမ်းသာမပေးချေ။မိမဲ့ဖမဲ့၊ဆွေမျိုးမဲ့၊ ဆွေခင်ပွန်းမဲ့၍ တစ်ကိုယ်တည်းသာ ဖြစ်လျက် ညိုးငယ်စွာနှင့် အလွန်ကြီးမားသော ဆင်းရဲတွေကို အော်မြည် ယောင်ယမ်းလျက် မိနစ်စက္ကန့် မခြားဘဲ ခံစား၍ နေရရှာလေတော့၏။ထိုသို့သော ကာလ၌ ဝိပဿနာ အလုပ်ကို အားထုတ်ခွင့် မရနိုင်တော့ချေ။
ထို့ပြင် သံစို့ ငါးချက်နှက်၍ မသေသေးသော ငရဲသားကို ငရဲထိန်းတို့သည် အိမ်မိုးတစ်ဖက်ခန့် ရှိသော တံစည်းပေါက်ပြားကြီးတို့ဖြင့် ရှစ်မြှောင့်ပုံ၊ ခြောက်မြှောင့်ပုံ စသည်ဖြစ်အောင် မျဉ်းပစ်၍ ရွေခုတ်ကြပြန်၏။သွေးတို့သည် မြစ်ဖြစ်၍ စီးလေကုန်၏။ထိုသွေးတို့မှ မီးထတောက်ပြန်၍ ကိုယ်၌ စွဲလောင်လေ၏။အတိုင်းမသိသော ဆင်းရဲကို ခံစားရလေ၏။ထိုစဉ်အခါ၌ ဝိပဿနာအလုပ်ကို အားထုတ်ခွင့် မရနိုင်တော့ချေ။
ထိုမျှဖြင့် မသေသေးလျှင် ဇောက်ထိုး တွဲလဲဆွဲထား၍ ဗန်းကြီးခန့်ရှိပဲကွပ်တို့ဖြင့် ပါးပါးလွှာလျက် ရွေခုတ်ကြပြန်၏။ထိုမျှဖြင့်လည်း မသေသေးလျှင် မီးလျှံရဲရဲတောက်သော သံရထား၌ နွား၊မြင်းတို့ကဲ့သို့ တပ်၍ မီးကျီခဲတောင်ကြီးပေါ်သို့ တက်စေကုန်၏။မတက်ဘဲနေလျှင် ရဲရဲတောက်သော သံတုတ်ကြီးများဖြင့် အပြင်းရိုက်၍ တက်စေကုန်၏။တောင်ထိပ်သို့ ရောက်လျှင် တစ်ဖန်ဆင်းစေကုန်၏။ဤသို့ တက်ချည်ဆင်းချည် အဖန်ဖန် ပြုစေကုန်၏။ထိုမျှဖြင့်လည်း မသေသေးလျှင် ကျိုက်ကျိုက်ဆူပွက်လျက် ရဲရဲတောက်သော လောဟကု မ္ဘီ ခေါ် သံရည်ပူထဲ၌ ရှဲခနဲကျ၍ အမြှုပ်တစီစီထလျက် နစ်မြုပ်သွားရှာလေ၏။
အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အောက်ဝသို့ ရောက်၏။တစ်ဖန် အနှစ်သုံးသောင်း ကြာမှ ငရဲအိုး၏ အောက်နှုတ်ခမ်းသို့ ရောက်လျက် ပေါ်လာ၏။အရပ်မျက်နှာများသို့လည်း ဖီလာသွား၏။ထမင်းအိုးပွက်သောအခါ၌ ဆန်စေ့ကလေးများကဲ့သို့ပင်တည်း။အတိုင်းမသိသော ဆင်းရဲမှုနှင့် ရင်ဆိုင် တွေ့နေရလေ၏။
ကံမကုန်သေး၍ ထိုမျှဖြင့်မသေပြန်လျှင် သံရည်ပွက်ထဲမှ ငရဲသားကို ထုတ်ယူ၍ ငရဲထိန်းတို့သည် မီးတဟုန်းဟုန်း အမြဲတောက်လောင်လျက် ရှိသော ငရဲကြီးထဲသို့ ပစ်သွင်းလိုက်ကြပြန်၏။ထိုငရဲသည်ကား အလျား၊အနံ၊အမြင့် တစ်ယူဇနာ ရှိလေ၏။လေးထောင့်ညီသော သံသေတ္တာကြီးနှင့်တူ၏။အရှေ့ဘက်နံရံမှ မီးလျှံသည် အနောက်ဘက်နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင် ပူလောင်၏။အနောက်နံရံ၊တောင်နံရံ၊ မြောက်နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာတစ်ရာတိုင်အောင် ပူလောင်၏။
အနောက်နံရံ၊ တောင်နံရံ၊ အထက်သံမိုး၊အောက်သံမြေပြင်တို့မှ မီးလျှံတို့သည်လည်း နည်းတူချည်း ပူလောင်၏။ထိုငရဲကြီးအတွင်း၌ ထိုမှဤမှ ပြေးလွှား လူးလိမ့် ဟစ်အော် မြည်တမ်းလျက် ကြီးစွာသော ဆင်းရဲဒုက္ခတို့ကို ခံစားရလေ၏။
နှစ်ပေါင်းများစွာကြာသော် တစ်ခါတစ်ရံ၌ ထိုငရဲကြီး၏တံခါးဝဆီသို့ အတင်း ပြေးကြ၏။အချို့မှာလည်း လမ်းခရီးတွင် မောပန်း လူးလိမ့်လျက်ရှိကုန်၏။အချို့မှာ တံခါးဝသို့ ရောက်ကုန်၏။အနှစ်သိန်းပေါင်းများစွာ ကြာလျှင် ထိုတံခါးကြီးသည် ပိတ်သွားလေသည်။ထွက်နိုင်သော ငရဲသားသည်လည်း အပြင်သို့ ရောက်သည်နှင့် တပြိုင်နက် ဘင်ပုပ်ငရဲထဲသို့ ကျသွားလေ၏။မစင်ဘင်ပုပ်ထဲ၌နစ်မြုပ်နေစဉ် ဆင်၏လည်ပင်းခန့်ရှိသော ပိုးလောက်တို့က ကိုက်ခဲစားကြလေ၏။
ထိုဘင်ပုပ်ငရဲမှ လွတ်ပြန်လျှင် ပြာပူငရဲထံသို့ ကျရောက်သွားပြန်၏။ထိုငရဲ၌ အိမ်ထွတ်ခန့်ရှိသော မီးကျီခဲ၊ရဲရဲတောက်သော ပြာပူတို့ဖြင့် လောင်ကျွမ်း၍ ဆင်းရဲကြီးစွာကို ခံစားရပြန်၏။
ထိုငရဲမှ လွတ်ပြန်လျှင် လက်ပံတောငရဲသို့ ရောက်ပြန်၏။လက်ပံပင်တို့မှာ ၁၆လက်မရှည်သော ဆူးရှိကုန်၏။ငရဲထိန်းတို့က ရိုက်နှက်၍ ထိုလက်ပံပင်တို့၌ တက်ချည်ဆင်းချည် ပြုလုပ်စေ၏။လက်ပံဆူးတို့သည် တက်သောအခါ၌ အောက်ကို လှည့်၍နေကုန်၏။ဆင်းသောအခါ၌ အထက်သို့ လှည့်၍ နေကုန်၏။ကြောက်လန့်တကြား လျင်စွာတက်ရ ဆင်းရသော ငရဲသားတို့၏ ကိုယ်သည် ထိုလက်ပံဆူးတို့ဖြင့် ထိုးမိ၍ စုတ်ပြဲလျက် ရှိလေ၏။
ထိုငရဲမှ လွတ်ပြန်လျှင် သံလျက်တောငရဲသို့ ရောက်ပြန်၏။ရောက်သည်နှင့်တပြိုင်နက် သံလျက်နှင့်တူစွာ နှစ်သွား ရှိသော အရွယ်တို့သည် ကြွေ၍ ငရဲသား၏ကိုယ်၌ ကျလေကုန်၏။လက်၊ ခြေ၊ နား၊ လျှာ၊ ကိုယ်အင်္ဂါတို့သည် အပိုင်းပိုင်း ပြတ်လေကုန်၏။ထ၍ ပြေးပြန်လျှင် သံမြေပြင်၌ သင်တုံးသွားတို့သည် ထွက်ပေါ်လျက် ရှိလေကုန်၏။ရှေ့မှသံတံတို့လည်း ကာရံလျက် ရှိလေ၏။
ထိုငရဲမှ လွတ်ပြန်လျှင် ဝေတ္တရဏီ မည်သော ကြိမ်ချောင်းငရဲသို့ ကျရောက်ပြန်၏။ထိုငရဲမှာ ကျစ်ကျစ်ဆူသော အရည်အတိပြည့်၏။နွယ်များ၊ကြာရွက်များနှင့်တူသော သင်တုန်းသွားများ ရှိ၏။အောက်မြေပြင်၌ သင်တုံးသွားခင်းလျက် ရှိ၏။ကမ်းပါးတို့၌လည်း သင်တုံးသွားကဲ့သို့ ထက်သော ကြိမ်နွယ်များ သမန်းမြက်များရှိ၏။ငရဲသားတို့သည် ထိုချောင်းကို ဆင်းမိလျှင် မြေပြင်မှ သင်တုန်းသွားရှသောကြောင့်လည်းကောင်း၊အပူရည်ဖြင့်လောင်းခြင်း၊စပ်ခြင်းကြောင့်လည်းကောင်း ဘိုင်းခနဲ လဲလေ၏။လဲလျှင် ကျစ်ကျစ်ဆူလျက် ပူစပ်သော အရည်ထဲ၌ စုန်ချည်ဆန်ချည် မျောနေလေ၏။ကမ်းပါး၌ ရှိသော ကြိမ်သမန်းမြက်တို့ဖြင့်လည်း ရှ၏။ချောင်းထဲ၌ရှိသော ကြာရွက်တို့ဖြင့်လည်း ရှ၏။ငရဲသားတို့၏ကိုယ်သည် အစုတ်စုတ်အပြတ်ပြတ် ဖြစ်လေ၏။
စုန်ချည်ဆန်ချည် မျောလျက် အတိဒုက္ခရောက်နေသော ထိုငရဲသားကို ငရဲထိန်းတွေ့လျှင် ငါးမျှားချိတ်ကြီးဖြင့် ဆွဲတင်၍ ဘာအလိုရှိသလဲ ဟုမေး၏။ထမင်းဆာသည်ဟုဆိုလျှင် ရဲရဲတောက်နေသော အတုံးအခဲဖြင့် ပြည့်သော သံခြင်းတောင်းကြီးကို ယူလာကုန်၏။ငရဲသားသည် ကြောက်လှသောကြောင့် ပါးစပ်ကြီး အတင်းပိတ်၍ ထားလေ၏။ထိုအခါ ငရဲထိန်း တစ်ယောက်က ပေါက်ချွန်ကြီးနှင့် အတင်းပေါက်၍ ပါးစပ်ကို ဖွင့်၏။အခြားငရဲထိန်းကလည်း နည်းတူပင် တစ်ဖက်မှ ပေါက်၍ ဖွင့်၏။ထိုသို့ ဖွင့်၍ ပါးစပ်ဟင်းလင်းပွင့်နေသောအခါ၌ ရဲရဲတောက်နေသော ထိုသံတုံးသံခဲတို့ကို တစ်ခုပြီးတစ်ခု ပစ်ထည့်၍ ကျွေးကြလေ၏။ထိုသံတုံးသံခဲတို့သည် နှုတ်ခမ်း၊လျှာ၊အာခေါင်၊လည်ချောင်း၊အူတို့ကို လောင်ကျွမ်းပြီးလျှင် အောက်ဒွာရမှ ထွက်သွားကုန်၏။
ရေငတ်သည်ဟုဆိုပြန်လျှင် ကျိုက်ကျိုက်ဆူပွက်သော သံရည်တို့ကို လောင်းထည့်၍ ပေးကုန်၏။ထိုသံရည်ပူတို့သည်လည်း နည်းတူပင်လောင်ကျွမ်း၍ အောက်ဒွာရမှ ထွက်သွားကုန်၏။ငရဲသားသည် မလှုပ်နိုင်ဘဲ ဆင်းရဲကြီးစွာကို ခံစားရလေသည်။ကံမကုန်၍ မသေသေးပြန်လျှင် ထိုငရဲသားကို ငရဲကြီးထဲသို့ တစ်ဖန် ပစ်သွင်းလိုက်ပြန်လေ၏။

(မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာ ရှုနည်း အကျဉ်းချုပ် စာအုပ်မှ)
အပြည့်အစုံဖတ်ရန်

Tuesday, September 18, 2012

အနတ္တဆိုတာ ဘာတွေလဲ၊ဘာကြောင့် ဘာဖြစ်လို့ အနတ္တမည်တာလဲ

ဒကာ။ ။ဗုဒ္ဓဘာသာဝင်တိုင်း အနတ္တ အနတ္တနဲ့ ပါးစပ်က ပြောကြတယ်။အနတ္တဆိုတာ ဘယ်ဟာတွေလဲ။ဘာကြောင့် ဘာဖြစ်လို့ အနတ္တ ခေါ်တာလဲ။တိုတိုနဲ့ နားလည်အောင် ရှင်းပြပေးပါဦးဆရာတော်။
(ပန်းမောင်-သုဓမ္မဝတီ)

ဆရာ။ ။သဗ္ဗေ ဓမ္မာ အနတ္တာ-တဲ့။ဘယ်ဟာမဆို ဘာမဆို ရှိသမျှဟာ အနတ္တချည်းပဲ။ကုန်အောင်စုံ တရားဓမ္မတွေဟာ အနတ္တတွေသာဖြစ်တယ်လို့ မှတ်ရမယ်။

၁။အ သာရကတ္တေန အနတ္တာ။ ။အနှစ်သာရ အခိုင်အမာ အားထားမှီခိုစရာ တစ်တိုတစ်စမျှမရှိသောကြောင့် မရှိလို့ အနတ္တ ခေါ်တယ်။
၂။အ ဝသဝတ္တနတော အနတ္တော။ ။ငါလည်း မဟုတ်၊ ငါ့ဥစ္စာလည်း မရှိ၊ငါ့အလိုမလိုက်၊ငါ့အကြိုက်မပါ၊ငါလိုရာမပြီး အချည်းနှီး အပျက်သဘောကိုသာဆောင်နေသောကြောင့်၊ အနတ္တခေါ်တယ်။
၃။အ နိဿရေန အနတ္တာ။ ။စိုးရပိုင်ဆိုင် ကိုယ်ပိုင်ဆိုတာ ဘာတစ်ခုမျှ မရှိသောကြောင့်၊ မရှိလို့ အနတ္တခေါ်တယ်။
၎။ယံ ဒုက္ခံ တံ အနတ္တော။ ။ဆင်းရဲဒုက္ခ အစု အစုသဘောတွေမှန်သမျှ အားလုံးကုန်အနတ္တချည်းပဲ။အနတ္တလို့ခေါ်တယ်မှတ်။
အဲဒါ အတိုဆုံး အသိရလွယ်နိုင်ဆုံးအဖြေပဲ၊သဘောပေါက်ကြပါ။မြတ်ဘုရားကိုခံတိုက်တဲ့အထဲမှာ အနတ္တမကြိုက်တဲ့သူတွေဟာ အများဆုံးပဲ။နေရာတကာ အတ္တချည်းယူနေကြတာ ဒကာကြီးတို့ရဲ့။

နိဗ္ဗာန်ဟာ နိစ္စ သုခရှိနေတဲ့ အတ္တလော


ဒကာ။ ။သည်လိုဆို အနှစ်သာရ အခိုင်အမာ နိစ္စ သုခသဘောကိုဆောင်ပြီး မပျက်မစီးဘဲ အမြဲတစေ ငြိမ်းအေးချမ်းသာနေတဲ့ နိဗ္ဗာန်တရားဟာ အတ္တမည်တာပေါ့ ဆရာတော်။ဘယ်လိုယူဆပါသလဲ။
ဆရာ။ ။နိဗ္ဗာန်တရားမြတ်ဟာ နိစ္စ-မြဲသော၊သုခ-ငြိမ်းအေးချမ်းသာတာတော့အမှန်ပဲ။ဒါပေမယ့် ဒကာကြီးတို့ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ပစ္စည်း အတ္တဟုတ်ကဲ့လား။သူ့ကို အစိုးတရ ရယူသုံးခံစားနိုင်သလား။
အကယ်၍ ငါ့ဥစ္စာ၊ငါ့ဟာပိုင် အစိုးတရအနေနဲ့ ဆွဲယူသုံးစွဲနိုင်တဲ့ အတ္တဖြစ်ရင် အခုပဲ နိဗ္ဗာန်ကိုထုတ်ယူပြီး သုံးစွဲခံစားပြစမ်းပါ ဒကာကြီးတို့။ဆရာတော် ကြည့်ချင်လို့ပါ။

နောအတ္တ-ငါမဟုတ်လို့၊နမေ သိယာ-ငါ့ဟာမဖြစ်တာပေါ့။ဒါကြောင့် သဗ္ဗေ ဓမ္မာ အနတ္တာ လို့ ဟောတာလို့မှတ်ရမယ်။
ဒကာ။ ။မှန်ပါ့။သဘောပေါက်ပါပြီ ဆရာတော်။

(အရှင်ဩဘာသာဘိဝံသ၏ သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်းမှ)
အပြည့်အစုံဖတ်ရန်

Friday, August 17, 2012

ရှိခိုးဦးချပုံ ဦးချနည်း

ဘုရားနှင့် သံဃာတော်တို့ထံ ဆည်းကပ်ရှိခိုးသောအခါ ရိုသေစွာ လက်အုပ်ချီပြီးနောက် “နီး၊ ဝေး၊ ရှေ့၊ နောက်၊ မြင့်မောက်၊ လေညာ” ဟူသော အပြစ်ခြောက်မျိုးလွတ်သော နေရာ၌ နေ၍ ရှိခိုးပြီး လျှောက်ထားဖွယ် စကားတို့ကို လျှောက်ထားရမည်။

လျှောက်ထား နာယူပြီးလျှင် ရှိခိုးဦးချ၍ ပြန်ရမည်။ ပြန်သောအခါ ဘုရားရှင်နှင့် သံဃာတော်တို့ကို ကျောပေး၍မပြန်ဘဲ လက်အုပ်ချီကာ လေးငါးလှမ်းခန့် နောက်ဆုတ်ပြန်ရမည်။

“ရှိခိုးခြင်း သုံးမျိုး”

(၁) ထိခြင်းငါးပါးနှင့်အညီ ကိုယ်ဖြင့်ရှိခိုးခြင်း (ကာယ၀န္ဒနာ)


(၂) နူတ်ဖြင့် ရွတ်ဆို ရှိခိုးခြင်း (၀စီဝန္ဒနာ)

(၃) စိတ်ဖြင့် ရည်မှတ် ရှိခိုးခြင်း (မနောဝန္ဒနာ)

“ထိခြင်းငါးပါး ရှိခိုးခြင်း”

ဒူးနှစ်ဘက်၊ လက်နှစ်ဘက်၊ နဖူးတို့ကို မြေ၌ သို့မဟုတ် ကြမ်းပြင်၌ ထိစေ၍ ရှိခိုးခြင်းသည် ထိခြင်းငါးပါးနှင့်အညီ ရှိခိုးသည် မည်၏။

ဆောင်ပုဒ် ။ ။ ခြေ လက် နဖူး၊ တံတောင် ဒူး၊ ငါးဦး မြေထိစေ။
“ရပ်လျက်ရှိခိုးခြင်း”

လမ်းတွင် ရဟန်းသံဃာတော်တို့ကို တွေ့ဆုံသောအခါ ဦးထုပ် ဖိနပ်ချွတ်၍ ခြေစုံရပ်ကာ လက်အုပ်ကို ဦးထိပ်၌တင်လျက် ကိုယ်ကို ရှေ့သို့ ညွတ်ကာ ရှိခိုးရမည်။

“ထိုင်လျက် ရှိခိုးခြင်း”

အမျိုးသားဖြစ်လျှင် ဆောင့်ကြောင့်ထိုင်လျက်၊ အမျိုးသမီးဖြစ်လျှင် ကြုံ့ကြုံ့ထိုင်လျက် ထိခြင်းငါးပါးနှင့် အညီ တုပ်ဝပ်လျက် ရှိခိုးရမည်။

ဘုရားရှိခိုးသောအခါ ဦးစွာပထမ ဦးချရမည်။ ဦးချသောအခါ -

ဗုဒ္ဓံ ပူဇေမိ = ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။

ဓမ္မံ ပူဇေမိ = ဓမ္မံ - တရားတော်မြတ်ကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။

သံဃံ ပူဇေမိ = သံဃံ - သံဃာတော်အရှင်မြတ်ကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။

ဟု ဆို၍ ဦးချရမည်။

(မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။)
အပြည့်အစုံဖတ်ရန်

Tuesday, July 3, 2012

“၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ”

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာတရားတော်သည် ၀ိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ၀ါရ-အမည်ဖြင့် လာရှိပါသည်။
မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။

ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။
(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓ၀ါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။

( ၀ါဆိုလပြည့်နေ့၏ ထူးခြားချက်များ )

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၎။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။
၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

အထက်ဖော်ပြပါ ၀ိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤ၀ါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ၀ါဆိုပန်းများ ကပ်လှူခြင်း၊ ၀ါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။
အပြည့်အစုံဖတ်ရန်

Wednesday, June 27, 2012

အပါယ်လေးပါးရောက်ကြောင်း အလှူဒါန(၁၀) ပါး



၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။



၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။



၃။ ဣတ္ထိဒါန - မိန်းမအလှူ။



၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။



၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။



၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။၇။ ၀ိသဒါန - အဆိပ်အလှူ။



၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။



၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။



၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။တို့ဖြစ်ပါတယ်။



(၁) - သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ(အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ရင်နှီးသူအချင်းချင်းလည်း "သူငယ်ချင်း' မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး" အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင်အပ္ပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။



(၂) - သရည် သေရက်(ဘီယာ ထန်းရည် ဆေးခြောက်စသည်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကိုလည်းယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း အလုပ်အကိုင်အဆင်ပြေလို့ သော်လည်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။တကယ်တော့အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ ဒါန အကုသိုလ်ဖြစ်တဲ့ဒါန အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ဒါကြောင့်ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။



(၃) - ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့(prostitute) အလှူဒါန ကိုပြောလိုခြင်းဖြစ်ပါတယ်။အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ တိုက်တွန်းပါတယ်။



(၄) - ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်းဦးဆောင်မြင်းလား တို့ကိုပေးလှူတဲ့အလှူဒါနပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။



၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။ ဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂ စိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ ။ပြက္ခဒိန်များ။ ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့တိုက်တွန်းပါတယ်။



၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ်အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။





၇။ ၀ိသဒါန - အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။



၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့ ဒုက္ခဖြစ်စေဖို့ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။



၉။ ကုက္ကုရ သူကရ ဒါန -ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့၎င်း သူတစ်ပါးအားသတ်စေပြီး ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။



၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး။ ဝယ်တဲ့(အလေး)ကတစ်မျိုး။ (ချိန်ခွင်နဲ့ဈေးရောင်းသူ)ထို့ပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး။ ဝယ်တဲ့ (ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ)ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း။ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။



(Credit to အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ))
အပြည့်အစုံဖတ်ရန်

“ဒုစရိုက် (၁၀)ပါး”

မကောင်းသောကိုယ်မူ၊ နူတ်မူ၊ စိတ်မူတို့ကို ဒုစရိုက် ဟုခေါ်သည်။
(ဒု = မကောင်းသော၊ စရိတ = ကျင့်ကြံပြုလုပ်ခြင်း)

ဒုစရိုက် ကာယကံသုံးပါး
(၁) ပါဏာတိပါတ = သူ့အသက်သတ်ခြင်း။
(၂) အဒိန္နာဒါန = ပိုင်ရှင်သည် ကိုယ်နူတ်တို့ဖြင့် မပေးအပ်သော သူတပါးဥစ္စာကို ခိုးယူခြင်း။
(၃) ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်း။

ဒုစရိုက် ၀စီကံလေးပါး
(၁) မုသာဝါဒ = မဟုတ်မမှန် ပြောဆိုခြင်း။
(၂) ပိသုဏ၀ါစာ = ကုန်းတိုက်စကားပြောဆိုခြင်း၊ ချစ်သူနှစ်ဦး ကွဲသွားအောင် ရန်တိုက်ပေးခြင်း။
(၃) ဖရုသ၀ါစာ = ဆဲရေး တိုင်းထွာခြင်း စသော ကြမ်းတမ်းသော စကားပြောဆိုခြင်း။
(၄) သမ္ဖပ္ပလာပ = အကျိုးမရှိ အနှစ်မဲ့သော စကားကို ပြောဆိုခြင်း။

ဒုစရိုက် မနောကံသုံးပါး
(၁) အဘိဇ္ဈာ - သူတပါးပစ္စည်းကို “ငါ့ဟာဖြစ်လျှင် ကောင်းလေစွ”ဟု မတရား ကြံစည်ခြင်း။
(၂) ဗျာပါဒ = သူတပါးကို သေကြေပျက်စီး စေလိုခြင်း။
(၃) မိစ္ဆာဒိဋ္ဌိ = အမှားယူခြင်း (ကံ - ကံ၏အကျိုး မယုံကြည်ခြင်း)။

ဤဆယ်ပါးကို အပါယ်သို့ ရောက်စေတတ်သော လမ်းခရီးဖြစ်သောကြောင့် “အကုသလကမ္မပထ” ဟူ၍ ခေါ်သည်။
ဤဒုစရိုက် ၁၀-မျိုး အကုသိုလ်အမျိုးမျိုးတို့တွင် မိစ္ဆာဒိဋ္ဌိ (ကံ၊ ကံ၏အကျိုးကို မယုံကြည်မူ)သည် အပြစ်အကြီးလေးဆုံးဖြစ်ကြောင်း ဟောတော်မူသည်။
မိစ္ဆာအယူအစွဲသန်လျှင် သန်သလောက်၊ အယူသည်းလျှင် သည်းသလောက် သေပြီးနောက် ငရဲသို့ တောက်လျှောက် ကျရောက်ခံရကြောင်း ကမ္ဘာပျက်၍ သတ္တ၀ါအများ ဗြဟ္မာဘုံသို့ ပြောင်းရွေ့ကြသော်လည်း မိစ္ဆာဒိဋ္ဌိ ငရဲသားမှာ ပြောင်းခွင့်မရ၊ ဆက်၍ခံနေရကြောင်း ကျမ်းဂန်တို့၌ အတိအလင်း မိန့်ဆိုထားသည်။
ထို့ကြောင့် မခိုင်မာသေးသော အယူမှန်ရှိသူ တို့သည် မိစ္ဆာဒိဋ္ဌိတို့နှင့် အရောတ၀င် မနေသင့်ကြောင်း ဟောကြားတော်မူထားသည်။

ဆောင်ပုဒ်။ ။
(၁) သက်သတ်ခိုးမူ၊ ကာမေသု၊ သုံးခု ကာယကံ။
(၂) လှည့်ဖျားရန်တိုက်၊ မိုက်မိုက်ကန်းကန်း၊ နူတ်ကြမ်းလေခြင်း၊ ပြိန်ဖျင်းစကား၊ ပြောဆိုငြား၊ လေးပါးဝစီကံ။
(၃) သူ့ဥစ္စာမှန်၊ မတရားကြံ၍၊ ဖေါက်ပြန်သေကြေ၊ ပျက်စေလိုငြား၊ အယူမှား၊ သုံးပါး မနောကံ။
(၄) ဒုစရိုက်ဆယ်ဖြာ၊ ဤကမ္ဘာတွင်၊ မိစ္ဆာအယူ၊ ရှိသောသူကား၊ သေမူမလွဲ၊ ကျငရဲတည့်၊ ဖေါက်လဲကမ္ဘာ၊ ပျက်သောအခါပင်၊ ဗြဟ္မာဘုံထက်၊ အများတက်လည်း၊ တက်ခွင့်မရှိ၊ အ၀ီစိဝယ်၊ ကံ၏ စေရာ၊ ခံရမှာ၊ မိစ္ဆာအပြစ် ကြီးဆုံးတည်း။
(မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။)
အပြည့်အစုံဖတ်ရန်

“ဈာန် မဂ် ဖိုလ် မရနိုင်သူ (၅)ဦး”

ဤအခန်းတွင်ပြဆိုထားသော သမထ၀ိပဿနာရူပွားနည်းအတိုင်း ကြိုးစားအားထုတ်ပါက အားထုတ်မူနှင့်လျော်ညီစွာ သက်ဆိုင်ရာတရားထူးများကို ရရှိခံစားရမည်ဖြစ်သည်။ သို့ရာတွင် လက်ရှိဘ၀၌ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ဈာန်မဂ်ဖိုလ်ရရေးအတွက် လုံးဝမျှော်လင့်ချက်မရှိသော ပုဂ္ဂိုလ်များလည်း ရှိနေသေးသည်၊ ထိုပုဂ္ဂိုလ်များမှာ -
(၁) ကံကြီးထိုက်သူ (ကမ္မန္တရာယ်)၊
(၂) နိယတမိစ္ဆာဒိဋ္ဌိအယူရှိသူ (ကိလေသန္တရာယ်)
(၃) အဟိတ်ပဋိသန္ဓေနေသူနှင့် ဒွိဟိတ်ပဋိသန္ဓေနေသူ (၀ိပါကန္တရာယ်)၊
(၄) အရိယာကို ကဲ့ရဲ့စွပ်စွဲသူ (အရိယူပ၀ါဒန္တရာယ်)၊
(၅) မြတ်စွာဘုရားပညတ်ထားသော သိက္ခာပုဒ်များကို ကျူးလွန်သူ (အာဏာဝီတိက္ကမန္တရာယ်)

- တို့ဖြစ်သည်။

(၁) ဤ၌ မာတုဃာတကစသော ကံကြီး(၅)ပါးနှင့် ဘိက္ခုနီမကို ကာမကျူးလွန်ဖျက်ဆီးမူ ကံများသည် အလွန်ကြီးလေးသော အကုသိုလ်ကံများဖြစ်ကြ၏၊
ထိုအကုသိုလ်ကံများသည် ကျူးလွန်သူများကို ဈာန်၊ မဂ်၊ ဖိုလ်တရားထူးများ မရရှိအောင် အနှောင့်အယှက်(အန္တရာယ်) ပြုတတ်သည်။ ထိုကံများအနက် တမျိုးမျိုးကို ကျူးလွန်သူသည် ကမ္မဋ္ဌာန်းတရားကို အားထုတ်သော်လည်း ဈာန် မဂ် ဖိုလ်တရားထူးများကို မရရှိနိုင်ချေ။
အထူးအားဖြင့် အာနန္တရိယ ကံကြီးထိုက်သူသည် ဈာန် မဂ်ဖိုလ်တရားထူး မရရှိရုံသာမက နောက်ဘ၀၌ အဆင့်မြင့်(သုဂတိ) ဘုံဘ၀သို့လည်း ရောက်ခွင့်မရှိ၊ အပါယ်ငရဲသို့သာ ဧကန်ကျရောက် ရမည်ဖြစ်၏၊
ဘိက္ခုနိမကို ကာမကျူးလွန်သူကား ဈာန် မဂ် ဖိုလ်တရားထူးများကို မရနိုင်သော်လည်း ယခုဘ၀၌ ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ပါက သုဂတိဘုံ ဘ၀များသို့ ရောက်ရှိနိုင်ပေသည်။
[ယခုအခါ မြတ်စွာဘုရား သက်တော်ထင်ရှား မရှိတော့သဖြင့်လည်းကေင်း၊ ဘိက္ခုနီမများလည်း မရှိတော့သဖြင့်လည်းကောင်း မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုသော (လောဟိတုပ္ပါဒက) ကံနှင့် ဘိက္ခုနီမကို ကာမကျူးလွန်သော (ဘိက္ခုနီ ဒူသက) ကံများ သင့်ရောက်ဖွယ် မရှိတော့ချေ။] 


(၂) နိယတမိစ္ဆာဒိဟူသည် ကိလေသာ ဆယ်ပါးတွင် ပါဝင်သော ဒိဋ္ဌိပင် ဖြစ်၏၊
အဇိတ၊ မက္ခလိဂေါသာလ၊ ပူရဏကဿပ ဆရာကြီးများ၏ အယူဝါဒများသည် မြတ်စွာဘုရားရှင်တို့ ချေချွတ်၍ မရလောက်အောင် ခိုင်မြဲသောကြောင့် နိယတ မိစ္ဆာဒိဋ္ဌိများပင်ဖြစ်သည်။
ထိုဆရာကြီးသုံးယောက်အနက် အဇိတမည်သော ဆရာကြီးက နောက်ဘ၀မရှိ၊ သေလျှင် ဘ၀ပြတ်၏ (ဥစ္ဆေဒအယူ)၊ ကောင်းမူ မကောင်းမူ ပြုလုပ်ခြင်းအတွက် ကောင်းကျိုး ဆိုးပြစ်မရှိ(နတ္ထိကအယူ) စသည်ဖြင့် အယူရှိ၏၊
မက္ခလိဂေါသာလသည် အကြောင်းအကျိုးနှစ်ပါးလုံးကို ပယ်သော(အဟေတုက) အယူရှိသူဖြစ်၏၊
ပူရဏကဿပသည်ကား ကောင်းကံ မကောင်းကံများကို ပြုလုပ်သော်လည်း ပြုလုပ်ရာမရောက် စသည်ဖြင့် အကြောင်းကံကို ပယ်သော(အကိရိယ) အယူရှိသူဖြစ်၏။
အချုပ်အားဖြင့် ထိုပုဂ္ဂိုလ်ကြီးတို့၏ အယူဝါဒသုံးမျိုးလုံးသည် ကံနှင့် ကံ၏အကျိုးကို ပယ်သော ၀ါဒများပင်ဖြစ်ကြသည်။ ထိုဆရာကြီးတို့၏ အယူဝါဒများကို တော်ရုံသင့်ရုံ ယူဆနေရုံမျှဖြင့် နိယတမိစ္ဆာဒိဋ္ဌိ မဖြစ်နိုင်သော်လည်း လေးလေးနက်နက် လက်ခံယုံကြည်ခြင်း၊ ကြံစည်တွေးခေါ်ခြင်း၊ အထပ်ထပ် လေ့လာအားထုတ်ခြင်း ပြုသဖြင့် နောက်ဆုံး၌ အခိုင်အမာ စွဲမြဲစွာ အတည်ပြုဆုံးဖြတ်ချက်ချလိုက်မိသည်နှင့် တပြိုင်နက် နိယတမိစ္ဆာဒိဋ္ဌိအယူရှိသူ ဖြစ်လေတော့၏။
တနည်းဆိုရလျှင် ထိုအယူဝါဒကို လက်ခံကျင့်သုံးသူသည် သေလွန်သည့်အခါ အပါယ်ငရဲ၌ မလွဲမုချ ကျရောက်ရလေ၏၊
ထိုသို့ငရဲ၌ အကျိုးပေးမြဲသောကြောင့်လည်း ဖော်ပြပါ အယူကို နိယတမိစ္ဆာဒိဋ္ဌိဟု ခေါ်လေသည်။
ထို နိယတမိစ္ဆာဒိဋ္ဌိအယူသည် ဈာန် မဂ် ဖိုလ် နိဗ္ဗာန် မရအောင် တားဆီးပိတ်ပင်တတ်၏၊
သို့ဖြစ်၍ ယင်းအယူဝါဒသည် ကိလေသန္တရာယ် ဖြစ်သည်။
ထို နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူသည် ဈာန် မဂ် ဖိုလ် တရားထူးများကို မရနိုင်သည့်အပြင် သေလွန်သည့်အခါ အ၀ီစိငရဲသို့ ကျရောက်ပြီး ထိုအ၀ီစိငရဲ သက်တမ်းနှင့်အမျှ ဆင်းရဲဒုက္ခများကို ခံစားရလေသည်။
ဤကံသည် အာနန္တရိယကံကြီးငါးပါးတွင် အပြစ်အကြီးလေးဆုံးဖြစ်သော သံဃဘေဒက ကံကြီးထက်ပင်ပိုမို အပြစ်ကြီးလေး၏။ အကယ်၍ ကမ္ဘာပျက်ခဲ့လျှင် ကမ္ဘာပေါ်ရှိ သတ္တ၀ါမှန်သမျှသည် ဗြဟ္မာ့ဘုံသို့ ရောက်ရှိနေထိုင်ကြရ၏၊
ထို နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူမှာမူ ကမ္ဘာနှင့်တကွ ယင်းကျရောက်နေသည့် မဟာအ၀ီစိငရဲကြီးပါ ပျက်စီးသွားသော်လည်း ကျွတ်လွတ်ခွင့်မရဘဲ ပျက်စီးသော ကမ္ဘာကြီး၏ အပြင်ဘက်ရှိ ကမ္ဘာပျက်ဘေးလွတ်ရာ စကြ၀ဠာတစ်နေရာသို့ ပြောင်းရွေ့လျက် ဆင်းရဲဒုက္ခကို ဆက်လက်ခံစားရလေသည်။

(၃) အဟိတ်ပဋိသန္ဓေ ၀ိပါက်စိတ်နှင့် ဒွိဟိတ် ပဋိသန္ဓေ၀ိပါက်စိတ်များသည်လည်း ဈာန် မဂ် ဖိုလ် တရားထူးများကို မရရှိအောင် အန္တရာယ်ပြုတတ်၏။
“မျိုးစေ့မမှန် ပင်မသန်၊ ဖူးတံ ငုံကင်း အသီးဖျင်း၏”ဟု ဆိုရိုးစကားရှိသည့်အတိုင်း ထိုစိတ်များနှင့် ပဋိသန္ဓေတည်နေခဲ့သူများသည်လည်း ပင်ကိုယ်ပဋိသန္ဓေ မျိုးစေ့ကညံ့သည့်အတွက် လက်ရှိဘ၀၌ ဈာန် မဂ် ဖိုလ် တရားထူးရရှိရေးအတွက် လုံးဝ မျှော်လင့်ချက်မရှိကြပေ။
သို့သော ဤဘ၀၌ သမထ၀ိပဿနာ တရားများကို ကျင့်ကြံပါမူကား နောက်ဘ၀၌ အဆင့်မြင့်ဘုံဘ၀များသို့ ရောက်ရှိပြီး ထိုဘုံဘ၀၌ တရားထူးများကို ကျင့်ကြံရရှိနိုင်ကြပေသည်။

(၄) ယုတ်မာပြစ်မှားလိုသော စိတ်မျိုးဖြင့် အရိယာမှန်းသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အရိယာပုဂ္ဂိုလ်အား မဟုတ်မတရား စွပ်စွဲကဲ့ရဲ့လျှင်လည်း ထိုသို့ ကဲ့ရဲ့သည့်အပြစ်က ဈာန် မဂ် ဖိုလ်တရားထူးများ မရရှိအောင် အန္တရာယ်ပြုတတ်သည်။
ထိုအပြစ်ကို အရိယူပ၀ါဒန္တရာယ်ဟုခေါ်၏။ ဤ ကံကား ဈာန် မဂ် ဖိုလ် ကိုသာမက သုဂတိဘုံဘ၀ကို မရရှိအောင်လည်း အန္တရာယ်ပြုတတ်သည်။
အရိယာမဟုတ်သော်လည်း ကောင်းမွန်စွာ ကျင့်ကြံနေထိုင်သော သီလ၀န္တပုဂ္ဂိုလ်များကို ပြစ်မှားမိလျှင်လည်း အရိယာကို ပြစ်မှားသော ကံ နီးပါး အပြစ်ကြီးလေးလှသည်။
သို့ဖြစ်၍ အရိယာပုဂ္ဂိုလ်နှင့် သီလ၀န္တပုဂ္ဂိုလ်များအား မပြစ်မှားမိစေရန် အထူးသတိရှိအပ်ပေသည်။
ဤသို့ အရိယာပုဂ္ဂိုလ်၊ သီလ၀န္တပုဂ္ဂိုလ်များကို ပြစ်မှားမိသူသည် မိမိပြစ်မှားခဲ့သည့် ပုဂ္ဂိုလ်ထံ တိုက်ရိုက်ဖြစ်စေ၊ ထိုပြစ်မှားမိသည့် ပုဂ္ဂိုလ် သေဆုံးသွားလျှင် ထိုသူအား ရည်မှတ်၍ဖြစ်စေ သွားရောက် ၀န်ချတောင်းပန်ပါက အပြစ်ကင်းလွတ်ပြီး ဈာန် မဂ် ဖိုလ်တရားထူးများကိုလည်း ရခွင့်ရှိပေသည်။ 


(၅) မြတ်စွာဘုရားရှင်သည် ရဟန်းယောက်ျားနှင့် ရဟန်းမိန်းမများ လိုက်နာကျင့်သုံးရန်အတွက် သိက္ခာပုဒ်(၀ိနည်းဥပဒေ) များကို သတ်မှတ်ပြဋ္ဌာန်းထား၏။
ထိုသိက္ခာပုဒ်များကို တမင်လွန်ကျူးလိုစိတ်ဖြင့် လွန်ကျူးခြင်းသည် မြတ်စွာဘုရား၏ အာဏာ(အာဏာပါတိမောက်) တော်ကို ပစ်ပယ်ရာရောက်၏။
ထိုသို့ လွန်ကျူးခြင်းကြောင့် ၀ိနည်းအပြင်(အာပတ်)သင့်သည်။
ထိုအာပတ်များကို အလေးအပေါ့(ဂရုကလဟုက) အာပတ်အလိုကိ ငြိမ်အောင် မကုစားသမျှ ကာလပတ်လုံ သမထ ၀ိပဿနာ တရားများကို ကြိုးစားအားထုတ်သော်လည်း ဈာန် မဂ် ဖိုလ် တရားထူးများကို မရနိုင်သည့်အပြင် သေဆုံးသောအခါ၌လည်း သုဂတိဘုံဘ၀များကို ရရှိနိုင်မည်မဟုတ်၊
အာပတ်တန်းလန်းနှင့် သေဆုံးသွားပါက အပါယ်သို့ မုချကျရောက်ရမည်ဖြစ်၏။
ဖော်ပြပါ အန္တရာယ်(၅)မျိုးသည် ပစ္စုပ္ပန်ဘ၀၌ ဈာန် မဂ် ဖိုလ် တရားထူးများနှင့် တမလွန်ဘ၀၌ သုဂတိဘုံဘ၀များကို မရနိုင်အောင် တားဆီးနှောင့်ယှက်တတ်သဖြင့် လောကီ လောကုတ္တရာ ချမ်းသာသုခများ ဆုံးရူံးနစ်နာရ၏၊ 


သို့ဖြစ်၍ ထိုအန္တရာယ်(၅)မျိုးမှ ကင်းလွတ်အောင် အထူးပင် ကြိုးစားရှောင်ရှားသင့်ကြသည်။
ထိုအန္တရာယ်များမှ ရှောင်ရှားနိုင်ရေးမှာလည်း ဗုဒ္ဓဘာသာဝင်တို့၏ ကြည်လင်သော အသိအမြင်မျိုးရှိမှသာ ဖြစ်နိုင်မည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်းသည် အလွန်တန်ဖိုးရှိသော ဘ၀ရတနာကို ပိုင်ဆိုင်ရရှိနိုင်ခြင်းပင် ဖြစ်ပေသည်။

(ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။)
အပြည့်အစုံဖတ်ရန်

“အနတ္တလက္ခဏာတရားတော်”

ရဟန်းတို့ ----- ရုပ်သည် အတ္တမဟုတ်၊ ရုပ်မှာ အတ္တမရှိ၊ ရုပ်သည် အတ္တဖြစ်ခဲ့လျှင် ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏ရုပ်သည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် ရုပ်တို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - ရုပ်သည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏ရုပ်သည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု ရုပ်တို့၌ တောင့်တ၍လည်း မရနိုင်ပေ။ ရဟန်းတို့ ----- ဝေဒနာသည် အတ္တမဟုတ်၊ ဝေဒနာမှာ အတ္တမရှိ၊ ဝေဒနာသည် အတ္တဖြစ်ခဲ့လျှင် ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏ဝေဒနာသည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် ဝေဒနာတို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - ဝေဒနာသည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏ဝေဒနာသည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု ဝေဒနာတို့၌ တောင့်တ၍လည်း မရနိုင်ပေ။ ရဟန်းတို့ ----- သညာသည် အတ္တမဟုတ်၊ သညာမှာ အတ္တမရှိ၊ သညာသည် အတ္တဖြစ်ခဲ့လျှင် ဤသညာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏သညာသည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် သညာတို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - သညာသည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏သညာသည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု သညာတို့၌ တောင့်တ၍လည်း မရနိုင်ပေ။ ရဟန်းတို့ ----- သင်္ခါရသည် အတ္တမဟုတ်၊ သင်္ခါရမှာ အတ္တမရှိ၊ သင်္ခါရသည် အတ္တဖြစ်ခဲ့လျှင် ဤသင်္ခါရသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏သင်္ခါရသည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် သင်္ခါရတို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - သင်္ခါရသည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏သင်္ခါရသည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု သင်္ခါရတို့၌ တောင့်တ၍လည်း မရနိုင်ပေ။ ရဟန်းတို့ ----- ၀ိညာဉ်သည် အတ္တမဟုတ်၊ ၀ိညာဉ်ရမှာ အတ္တမရှိ၊ ၀ိညာဉ်သည် အတ္တဖြစ်ခဲ့လျှင် ဤ၀ိညာဉ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏၀ိညာဉ်သည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် ၀ိညာဉ်တို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - ၀ိညာဉ်သည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏၀ိညာဉ်သည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု ၀ိညာဉ်တို့၌ တောင့်တ၍လည်း မရနိုင်ပေ။ ရဟန်းတို့ ----- ရုပ်သည် မြဲသလော၊ မမြဲသလောဟု မေးတော်မူရာ “မမြဲပါ အရှင်ဘုရား”ဟု လျှောက်ထားကြကုန်၏။ မမြဲသောရုပ်သည် ဆင်းရဲလော၊ ချမ်းသာလောဟု မေးတော်မူရာ “ဆင်းရဲဖြစ်ပါသည် အရှင်ဘုရား”ဟု လျှောက်ထားကြကုန်၏၊ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ဤရုပ်သည် ငါ၏ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏အတ္တတည်း”ဟု စွဲယူခြင်းငှါ သင့်လျော်ပါမည်လောဟု မေးတော်မူပြန်ရာ “မသင့်လျော်ပါ အရှင်ဘုရား”ဟု လျှောက်ထားကြကုန်၏။ ထို့အတူပင် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ် တို့ကိုလည်း အမေးအဖြေ ပြုလုပ်တော်မူသည်။ ရဟန်းတို့ ----- ထို့ကြောင့် အတိတ်ရုပ်၊ အနာဂတ်ရုပ်၊ ပစ္စုပ္ပန်ရုပ်၊ မိမိသန္တာန်၌ ဖြစ်သောရုပ်၊ သူတပါးသန္တာန်၌ ဖြစ်သောရုပ်၊ ကြမ်းတမ်းသောရုပ်၊ နူးညံ့သောရုပ်၊ ယုတ်ညံ့သောရုပ်၊ ကောင်းမြတ်သောရုပ်၊ အနီး၌ဖြစ်သောရုပ်၊ အဝေး၌ဖြစ်သောရုပ် တည်းဟူသော ဤရုပ်အလုံးစုံကို “ငါ၏ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်”ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ပညာဖြင့် ရူမြင်ရမည်။ ထို့အတူပင် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ မိမိသန္တာန်၊ သူတပါးသန္တာန်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အနီး၊ အဝေးဖြစ်သော ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်တို့ကိုလည်း “ငါ၏ ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်”ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ပညာဖြင့် ရူမြင်ရမည်။ ရဟန်းတို့ ----- ဤသို့ ရူမြင်သည်ရှိသော် အကြားအမြင် ဗဟုသုတရှိသော အရိယာသာဝကသည် ရုပ်၌လည်းငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ၀ိညာဉ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့ခြင်းကြောင့် ခန္ဓာငါးပါးတို့၌ တပ်မက်ခြင်း ကင်း၏၊ မတပ်မက်ခြင်းကြောင့် ကိလေသာတို့မှ လွတ်မြောက်၏။ ကိလေသာမှ လွတ်မြောက်ပြီးသည်ရှိသော် “ကိလေသာမှ လွတ်မြောက်ပြီ”ဟု ပစ္စဝေက္ခဏာဉာဏ် ဖြစ်ပေါ်လာ၏။ နောက်ထပ် တဖန် ပဋိသန္ဓေနေမူကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးအပ်ပြီးပြီ၊ မဂ်ကိစ္စကို ပြုအပ်ပြီးပြီ၊ ဤမဂ်ဉာဏ် ရရှိရေးအတွက် အခြားတပါး အားထုတ်ပြုလုပ်ဖွယ် ကိစ္စ မရှိတော့ပြီဟု သိ၏။ ဤသို့ မြတ်စွာဘုရားသည် ဟောကြားတော်မူသည်။ မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ်တော်ကို ဟောကြားတော်မူပြီးသည်ရှိသော် ပဉ္စ၀ဂ္ဂီရဟန်းတို့သည် လွန်စွာနှစ်သက်ကြကုန်၏၊ ၀မ်းမြောက်ဝမ်းသာဖြစ်ကြကုန်၏၊ ဤဒေသနာတော်ကို ဟောကြားပြီးဆုံးသည်ရှိသော် ပဉ္စ၀ဂ္ဂီရဟန်းတို့သည် စွဲလမ်းမူမရှိဘဲ အာသဝေါတရားတို့မှ လွတ်မြောက်ကြလေကုန်၏။ ထိုအခါဝယ် ဤလောက၌ ဘုရားအပါအ၀င် ရဟန္တာခြောက်ဆူ ဖြစ်ထွန်းပေါ်ပေါက်၍ လာကုန်၏။ 

(ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။)
အပြည့်အစုံဖတ်ရန်

“အနတ္တလက္ခဏသုတ်တော်အကြောင်း”

လောဘစသော ကိလေသာတို့သည် အာရုံ (၆)ပါးတို့ကို စွဲလမ်းတတ်ကြ၏။ ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ ကိလေသာတရားတို့ ထူပြောများပြားလျက် ရှိကြသည်။ အစွဲတရားပြင်းထန်ကြသည်၊ မိမိကိုယ်ခန္ဓာကို အသက်၊ လိပ်ပြာ၊ ၀ိညာဉ်ကောင်ဟု စွဲလမ်းသော အတ္တစွဲသည် အခွာရ အခက်ခဲဆုံး အပြင်းထန်ဆုံးသော အစွဲဖြစ်သည်။ သတ္တ၀ါတို့ကို ဒုက္ခအပေးဆုံးလည်း ဖြစ်သည်။ ဘုရားမပွင့်မီက ဘုရားဟု အမည်ခံနေသူများလည်း အတ္တ၀ါဒ ရှိသူချည်းသာ ဖြစ်ကြ၏။ အတ္တစွဲကို ခွာပစ်နိုင်ဖို့မှာ သစ္စာလေးပါးတရားကို ကိုယ်တိုင် သိရှိမှသာ ဖြစ်နိုင်သည်။ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားသည် သစ္စာလေးပါး တရားကို ကိုယ်တော်တိုင်လည်းထိုးထွင်း၍ သိတော်မူခဲ့ပြီး သူတပါးကိုလည်း သိအောင် ဟောပြောနိုင်လေသည်။ 

ထို့ကြောင့် မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် (၂)လအကြာ ၀ါဆိုလပြည့်နေ့တွင် သစ္စာလေးပါး တရားကို ဟောကြား ဖော်ပြရာဖြစ်သော ဓမ္မစကြာသုတ်တော်ကို ထုတ်ဖော် ဟောကြားတော်မူခဲ့ရာ အရှင်ကောဏ္ဍညမထေရ်နှင့် ဗြဟ္မာ (၁၈)ကုဋေ၊ နတ်ပေါင်းများစွာတို့ သောတာပန်ဖြစ်ခဲ့ကြသည်။ ၀ိစိကိစ္ဆာနှင့် သက္ကာယဒိဋ္ဌိအတ္တစွဲတို့ ပြုတ်သွားခဲ့ကြသည်။ ၀ါဆိုလပြည့်နေ့ည မဇ္ဈိမယာမ်တွင် သာတာဂိရနှင့် ဟေမ၀တနတ်မင်းတို့သည် အခြံအရံ နတ်ဘီလူးတစ်ထောင်နှင့်အတူ ရောက်လာကြကာ ပုစ္ဆာ(၁၀)ချက်ကို မေးလျှောက်ကြသည်။

 မြတ်စွာဘုရား ဖြေကြားတော်မူပြီးသောအခါ
 သောတာပန်ဘ၀သို့ ရောက်ကြပြန်သည်။ မြတ်စွာဘုရားသည် ကျန် ပဉ္စ၀ဂ္ဂီတို့အား ကမ္မဋ္ဌာန်းတရားအားထုတ်စေပြီး ကိုယ်တော်တိုင် တရားပြတော်မူရာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့တွင် အရှင်ဝပ္ပ၊ ၂-ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃-ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄-ရက်နေ့တွင် အရှင်အဿဇိ မထေရ်တို့ သောတာပန် အသီးသီး ဖြစ်ကြပြန်သည်။ သာသနာပကာလတွင် ဉာဏ်အားကြီးသော သူတို့သည် သာမာန်အားဖြင့် အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာကို သိမြင်နိုင်ကြသော်လည်း အနတ္တလက္ခဏာကိုကား ထိုးထွင်း၍ မသိနိုင်ကြပေ။ အနတ္တတရားသည် လွန်စွာ သိမြင်ရန် ခက်ခဲ နက်နဲ နူးညံ့လှသော တရားဖြစ်သည်။ ဘုရားဖြစ်ရာ ကာလနှင့် ဘုရားသာသနာတော်အတွင်း၌သာ မြင်နိုင်ထင်နိုင်သော တရားဖြစ်သည်။ အနတ္တအမြင် ကြည်လင်စွာထင်မှ အတ္တပြုတ်မည်။ အတ္တကင်းကွာမှ ဘင်္ဂဉာဏ် ဘယဉာဏ် အာဒီန၀ဉာဏ် အဆင့်ဆင့် ရင့်သန်၍ အရဟတ္တမဂ်ဉာဏ်ကို ရနိုင်သည်၊ နိဗ္ဗာန်ကို မြင်နိုင်သည်။ 

အနတ္တလက္ခဏာသုတ်တော်ကို မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၅-ရက်၊ ကြာသပတေးနေ့တွင် ဗာရာဏသီပြည် အနီး မိဂဒါဝုန်တော၌ သီတင်းသုံးတော်မူစဉ် သောတာပန်အရိယာ သာဝကများ ဖြစ်ကြသော ပဉ္စ၀ဂ္ဂီငါးဦး တို့အား ဟောကြားတော်မူခဲ့သည်။ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် အတ္တမဟုတ်၊ အတ္တမဟုတ်ခြင်းကြောင့် ကိုယ့်အလိုသို့မပါ၊ လိုရာမဖြစ်၊ အနိစ္စအစစ်အမှန် ဒုက္ခအစစ်အမှန်တို့သာဖြစ်ကုန်၏။ အနိစ္စအစစ် ဒုက္ခအစစ် ဖြစ်သောကြောင့်လည်း အနှစ်သာရ ရှာမရနိုင်၊ လုံးဝအစိုးမရသည့် သဘောတရားစုတို့သာတည်းဟု အနတ္တလက္ခဏသုတ္တန်ဖြင့် ခန္ဓာငါးပါးကို လက္ခဏာရေး ၃-ပါးတင်၍ ဟောညွှန်ပြသတော်မူခဲ့သည်။ ဤသုတ်တော်ပြီးဆုံးသောအခါ ပဉ္စ၀ဂ္ဂီငါးဦးလုံးပင် တဏှာ၊ မာန၊ ဒိဋ္ဌိတည်းဟူသော ပပဉ္စတရားများကို အကြွင်းမဲ့ ပယ်သတ်၍ ရဟန္တာမြတ်ကြီးများအဖြစ်သို့ ရောက်တော်မူခဲ့ကြသည်။ ဤသုတ်တော်ကြောင့် ဤလောက၀ယ် ဘုရားရှင်အပါအ၀င် ရဟန္တာခြောက်ပါး ပေါ်ထွက်ခဲ့သည်။ “ရဟန္တာ အစ အနတ္တလက္ခဏသုတ်တော်က”ဟု မှတ်တမ်းတင် ကမ္ပည်းထိုးရသည့် သုတ်တော်မြတ်ပင် ဖြစ်ပေသည်။ 

(ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။)
အပြည့်အစုံဖတ်ရန်

“ဘုရားစစ် ဘုရားမှန် ဟုတ်၊ မဟုတ် နတ်မင်းတို့ ဆွေးနွေးခြင်း - ဟေမ၀တသုတ်”

မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်နေ့ ညသန်းခေါင်ယံအချိန်၌ ဓမ္မစကြာ တရားဒေသနာတော်ကို ဟောပြောမူပြီးဆုံးခဲ့သည်။ ထိုတရားပွဲကြီး၌ နတ် ဗြဟ္မာပရိသတ်ထဲတွင် သာတာဂိရ နတ်မင်းကြီးလည်းပါဝင်သည်။ သာတာဂိရနတ်မင်းကြီးသည် မိမိ၏ အခြံအရံ နတ်ဘီလူး ပရိသတ်ငါးရာနှင့်အတူ မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မစကြာဒေသနာတော်ကို နာကြားရပါသော်လည်း တစုံတခု မဂ်ဖိုလ် တရားထူးကို မရခဲ့ချေ။ ထိုသို့ မရနိုင်ခြင်းမှာ တရားတော်ကို ဖြောင့်ဖြောင့် မနာယူနိုင်ဘဲ နောက်ဆန်တင်းနသောကြောင့် ဖြစ်သည်။ ဓမ္မစကြာဒေသနာတော်မှာ လွန်စွာနက်နဲဆန်းကြယ်လှသဖြင့် မိမိ၏သူငယ်ချင်း ဟေမ၀တနတ်မင်းအား တရားနာစေချင်လှသည်၊ ယခုအခါ သူငယ်ချင်း မပါလာသဖြင့် တရားနာရန် စိတ်မဖြောင့်ဘဲ ရှိနေသောကြောင့် တရားထူး မရနိုင်ခဲ့ပေ။ သာတာဂိရနတ်မင်းနှင့် ဟေမ၀တနတ်မင်း အလျောင်းလျာ အမျိုးသားနှစ်ဦးတို့သည် ကသပဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် သာသနာတော်သို့ ၀င်ရောက်လာခဲ့ကြသည်။ ဂန္ထဓုရတာဝန်ကို ထမ်းဆောင်ကြရာ စာပေပရိယတ် လွန်စွာတတ်ကျွမ်းကြသည်၊ ၀ိနည်းအရာ လွန်စွာကျွမ်းကျင်ကြသည်၊ ကိုယ်ကျင့်သိက္ခာကောင်းမွန်ပြီး စာပေအရာ ကျော်ကြားကြသည်။ တောရွာ ကျောင်းတိုက်တခု၌ ဓမ္မ၀ါဒီရဟန်းနှင့် အဓမ္မ၀ါဒီရဟန်း နှစ်ပါးတို့ရှိကြသည်။ အဓမ္မ၀ါဒီရဟန်းသည် သိက္ခာပုဒ်ကို လွန်ကျူးသည်၊ ဓမ္မ၀ါဒီရဟန်းက မလျောက်ပတ်ကြောင်း ပြောဆိုသောအခါ အဓမ္မ၀ါဒီရဟန်းက လက်မခံဘဲ ငြင်းပယ်သဖြင့် မထေရ်ကြီးနှစ်ပါးထံ အဆုံးအဖြတ်ခံရန် ရောက်လာကြသည်၊ အဓမ္မ၀ါဒီရဟန်းသည် မိမိရူံးနိမ့်မှာ သေချာကြောင်း သိသဖြင့် မထေရ်တို့ထံ ကပ်ရောက်ပြုစုလုပ်ကျွေးကာ မိမိကို အနိုင်ပေးရန် လျှောက်ထားတောင်းပန်၏၊ မထေရ်နှစ်ပါးတို့ကလည်း အကြိမ်ကြိမ်တောင်းပန်ခြင်းကြောင့် လိုက်လျောခဲ့ကြ၏၊ မထေရ်ကြီးတို့သည် ကြိုတင်စီစဉ်ထားသည့်အတိုင်း အဓမ္မ၀ါဒီရဟန်းကို အနိုင်ပေးခဲ့လေသည်။ ဓမ္မ၀ါဒီရဟန်းလည်း မထေရ်နှစ်ပါးတို့၏ အဆုံးအဖြတ်ကို ကြားရသောအခါ သာသနာ့မျက်နှာကို မကြည့်ဘဲ ပုဂ္ဂိုလ်မျက်နှာကိုသာကြည့်ကာ ဆုံးဖြတ်ခဲ့ကြသဖြင့် ကဿပမြတ်စွာဘုရား သာသနာတော်ကား ပျက်စီးခြင်းမလှ ပျက်စီးရချေပြီတကားဟု ငိုကြွေးပြောဆိုလျက် ထိုဝိနည်းဓိုရ်တို့ထံမှ ထွက်ခွာသွားလေသည်။ မထေရ်ကြီးနှစ်ပါးတို့သည်လည်း “ငါတို့သည် အလဇ္ဇီဒုဿီလပုဂ္ဂိုလ်ကို ငဲ့ညှာစောင့်ရှောက်လျက် သာသနာတော်တည်းဟူသော ရတနာမြတ်ကြီးကို ထုံးအိုင် ချောက်ကမ်းပါး၌ ပစ်ချမိခဲ့လေပြီတကား”ဟု နောင်တ တဖန် ပူပန်စိတ်ဖြင့် သေဆုံးခဲ့ကြရာ မထေရ်တစ်ပါးက ဟိမ၀န္တာတောအတွင်း ဟေမ၀တတောင်၌ ဟေမ၀တမည်သော နတ်ဘီလူးမင်းဖြစ်လေသည်၊ အခြားတပါးမှာ မဇ္ဈိမဒေသအတွင်း သာတမည်သောတောင်၌ သာတာဂိရအမည်ရှိသော နတ်ဘီလူးမင်း ဖြစ်လေ၏၊ နတ်ဘီလူးပရိသတ် (၅၀၀)စီ အခြံအရံရှိ၏။ ထိုနတ်ဘီလူးမင်းကြီး နှစ်ဦးမှာ (၂၈)ဦးသော နတ်စစ်သူကြီးတို့တွင် ပါဝင်သဖြင့် တန်ခိုးလွန်စွာကြီးကြ၏၊ တလလျှင် ရှစ်ကြိမ် ဟိမ၀န္တာတောအတွင်း ဆေးဒန်းမြင်းသိလာကျောက်အပြင်ဝယ် နာဂ၀တီအမည်ရှိသာ မဏ္ဍပ်၌ နတ်အစည်းအဝေး ကျင်းပမြဲဖြစ်၏၊ ထိုအစည်းအဝေးပွဲသို့ နတ်ဘီလူးမင်းနှစ်ဦး တက်ရောက်လာရာ အချင်းချင်း တွေ့ဆုံကြပြီး ရှေးဖြစ်ဟောင်း ပြန်ပြောင်း သတိရသဖြင့် လွန်စွာရင်းနှီးချစ်ခင်ကြကုန်၏၊ တဦးနှင့်တဦး အကြောင်းကိစ္စထူးပါကလည်း အသိပေးကြရန် ကတိက၀တ်ပြုထားကြကုန်၏။ မြတ်စွာဘုရားအလောင်းတော်သည် လူ့ပြည်၌ ပဋိသန္ဓေယူတော်မူသောအခါ၊ ဖွားမြင်တော်မူသောအခါ၊ တောထွက်တော်မူသောအခါ၊ ဘုရားဖြစ်တော်မူသောအခါတို့၌ ထူးခြားအံ့သြဖွယ် နိမိတ်ကြီး (၃၂)ပါးတို့ ထင်ရှားစွာ ပေါ်ပေါက်ခဲ့သော်လည်း နတ်ဘီလူးမင်းတို့သည် မသိလိုက်ကြကုန်၊ ဓမ္မစကြာတရားတော် ဟောတော်မူသောအခါ၌လည်း လွန်စွာအံ့သြဖွယ် နိမိတ်ကြီး (၃၂)ပါးတို့ ပေါ်ပေါက်လာသည်၊ ထိုအခါမှ သာတာဂိရနတ်မင်း မြင်တွေ့လတ်၍ တရားပွဲသို့ ရောက်လာခြင်းဖြစ်လေသည်။ မိမိသူငယ်ချင်းကို စောင့်မျှော်နေသဖြင့် တရားထူးမရလိုက်ပေ။ ဤတရားပွဲအကြောင်းကို ဟေမ၀တနတ်မင်းအား ပြောပြရန် အခြွေအရံများနှင့် ထွက်ခွာလာခဲ့၏။ ဟေမ၀တနတ်မင်းအဖို့မှာလည်း ဤယနေ့သည် ထူးထူးခြားခြား အံ့ဖွယ်သရဲ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်၊ ဟိမ၀န္တာတောလုံး ပင်လုံးကျွတ် ပွင့်သော ပန်းမျိုးစုံတို့ဖြင့် လှပနေသည်။ သူငယ်ချင်း သာတာဂိရကို ခေါ်၍ နှစ်ဦးသား ပျော်မြူးကြမည်ဟူသော ရည်ရွယ်ချက်ဖြင့် ထွက်လာခဲ့သည်။ နတ်မင်းကြီး နှစ်ဦးတို့သည် ရာဇဂြိုဟ်မြို့ ကောင်းကင်ပြင်ဝယ် ရင်ဆိုင်တွေ့ကြသည်။ မိမိတို့ တွေ့ကြုံရသော အံ့သြဖွယ်ရာများကို ပြောကြားကြရာ သာတာဂိရနတ်မင်းက လောကသုံးပါးတွင် မြတ်စွာဘုရား ပွင့်တော်မူလာ၍ ဓမ္မစကြာသုတ်တော်ကို ယနေ့စတင် ဟောကြားတော်မူပြီ ဖြစ်ကြောင်း၊ လောကဓာတ် တစ်သောင်းသို့ “သဗ္ဗညုဘုရားရှင်ဖြစ်ပြီ”ဟု ရဲဝန့်စွာ ၀န်ခံတော်မူကြောင်း ပြောပြ၏။ ဘုရားဆိုတိုင်း လွယ်လွယ်နှင့် ယုံကြည်လေ့မရှိသော ဟေမ၀နတ်မင်းနှင့် သာတာဂိရနတ်မင်းတို့သည် ဘုရားစစ် ဘုရားမှန်ဆိုသည်မှာ မည်သည့် ဂုဏ်ထူးဝိသေသ အရည်အချင်းများနှင့် ပြည့်စုံသူ ဖြစ်ရမည်နည်းဟူသော စကားရပ်ကို အပြန်အလှန် ဆွေးနွေးကြကုန်၏။ 
အဆွေတော် ဟေမ၀တ - ယနေ့ကား လပြည့်ဥပုသ်နေ့တည်း၊ စကြ၀ဠာတစ်သောင်းမှ တရားနာလာရောက်ကြကုန်သော နတ် ဗြဟ္မာတို့၏ ကိုယ်ရောင်၊ ကြယ် လ နက္ခတ်တို့၏အရောင်၊ မြတ်စွာဘုရား၏ ရောင်ခြည်တော်တို့ဖြင့် ဇမ္ဗူဒိပ်ကျွန်းလုံးကို အလှဆုံးတန်ဆာဆင်ထားသည့်ပမာ အလွန်သာယာသော ညအခါဖြစ်၏၊ ဘုရားဟုတ်သလော၊ မဟုတ်သလောဟု တွေးတောယုံမှား စိတ်များမနေပါလင့်၊ လာ - သွားကြပါစို့၊ ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားကို သွားရောက်ဖူးမြော်ကြပါစို့။ 

အဆွေတော် သာတာဂိရ - သင်ဖူးတွေ့ခဲ့ရသော မြတ်စွာဘုရား၏ စိတ်တော်သည် သတ္တ၀ါအားလုံးတို့၌ ချစ်ခြင်း၊ မုန်းခြင်း အလျှင်းမရှိ၊ ပကတိသော တာဒိဂုဏ်နှင့် ပြည့်စုံပါ၏လော၊ သင် ဖူးတွေ့ခဲ့ရသော ဘုရားဂေါတမသည် ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၌ ချစ်ခြင်း၊ မုန်းခြင်းဖြစ်ပါသေးသလော၊ ကာမ၀ိတက် ဗျာပါဒ၀ိတက် ၀ိဟိံသာ ၀ိတက်တို့ကို ပယ်ရှားနိုင်သူ ဖြစ်ပါသလော၊ အခြားသော မည်သည့် ဂုဏ်ထူး များနှင့်လည်း ပြည့်စုံပါသေးသနည်း။ 

အဆွေတော် ဟေမ၀တ - ဂေါတမမြတ်စွာဘုရားသည် တာဒိဂုဏ်နှင့် ပြည့်စုံသူဖြစ်ပါ၏၊ မြတ်စွာဘုရားသည် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတို့၌ ချစ်ခြင်း၊ မုန်းခြင်း ကင်းတော်မူပါ၏၊ ၀ိတက်တရားတို့ကို ပယ်ရှားကင်းရှင်း နိုင်နင်းအောင် ပြုအပ်ပြီးသူ ဖြစ်ပါ၏၊ အခြားသူတို့ ကိုယ်နူတ်ဖြင့်မပေးသော ပစ္စည်းဥစ္စာကိုလည်း ယူတော်မမူ၊ သတ္တ၀ါတို့၌ သတ်ဖြတ်ညှဉ်းဆဲခြင်း ဒုစရိုက်မူမှ ကင်းဝေးတော်မူ၏၊ ငါးဖြာသောအာရုံ ကာမဂုဏ်တို့၌ ခုံမင်ငြိကပ်တွယ်တာတတ်သော စိတ်လည်း မရှိ၊ နီဝရဏငါးပါး စွန့်ပယ်ရှားလျက် ဈာန် သမာပတ်ကို အမြဲဝင်စားတော်မူ၏၊ မဟုတ်မမှန်သောစကား၊ ကြမ်းတမ်း ယုတ်မာသောစကား၊ ကုန်းတိုက်စကားများကိုလည်း မပြောကြားပေ၊ အကျိုးရှိ မှန်ကန်သော စကားကိုသာ ပြောကြားတော်မူလေ့ရှိ၏၊ ၀တ္ထုအာရုံ ကာမဂုဏ်တို့၌ ခုံမင် တပ်မက်ခြင်းတည်းဟူသော အဘိဇ္ဈာတရားများမှလည်း လွန်မြောက်ပြီးသူဖြစ်၏၊ ခပ်သိမ်းသော တရားတို့ကို ကိုယ်တိုင်ထိုးထွင်း သိမြင်တော်မူသောကြောင့် စက္ခုငါးပါးနှင့် ပြည့်စုံတော်မူ၏၊ ရှေးရှေးက ပွင့်တော်မူပြီးသော ဘုရားတကာ ပြည့်စုံရာသော ၀ိဇ္ဇာမျက်စိနှင့်လည်း ပြည့်စုံတော်မူ၏၊ နိဗ္ဗာန်သွားကြောင်း ခြေကောင်းသဖွယ် စင်ကြယ်သော စရဏတရား တဆယ့်ငါးပါးနှင့်လည်း ပြည့်စုံတော်မူပါ၏၊ မြတ်စွာဘုရား၏ သန္တာန်တော်ဝယ် ကိလေသာ အာသဝေါတရား အလုံးစုံ ကုန်ခန်းပြီး ဖြစ်တော်မူပါ၏၊ သံသရာဝယ် နောက်ထပ် တဖန် ပဋိသန္ဓေနေရခြင်း ဘ၀သစ်၌ ဖြစ်ရခြင်း မရှိတော့ပါ။ 

အဆွေတော် သာတာဂိရနတ်မင်း - သင် ယနေ့ည ဖူးတွေ့ရသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားသည်ကား သင်ပြောခဲ့သော ဂုဏ်တို့နှင့် ပြည့်စုံပါမူ ဘုရားစင်စစ် ဧကန်ဖြစ်ပေပြီ၊ ဘုရားစစ် ဘုရားမှန်ဟူသည် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူမြဲဖြစ်၏၊ ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးလုံး သန့်ရှင်းစင်ကြယ်တော်မူမြဲ ဖြစ်၏၊ ၀ိဇ္ဇာသုံးပါး ၀ိဇ္ဇာရှစ်ပါး စရဏတဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူမြဲ ဖြစ်၏။ 

အဆွေတော် သာတာဂိရနတ်မင်း - လာ သွားကြစို့၊ မြတ်စွာဘုရားသည် လက္ခဏာတော်ကြီးငယ်တို့နှင့် ပြည့်စုံတော်မူပြီး ကိုယ်တွင်းကိုယ်ပ ရန်ဟူသမျှ တိုက်ဖျက်ခြင်းငှါ စွမ်းနိုင်သော လုံ့လ ၀ီရိယ ရှိတော်မူ၏၊ ခန္ဓာကိုယ် မျှတရုံအတွက် ဆွမ်းတထပ်တည်းကိုသာ ဘုဉ်းပေးတော်မူ၏၊ အစာအာဟာရ၌ လောလုပ္ပတဏှာကို ပယ်သတ်ပြီးဖြစ်၏၊ မဂ်ဉာဏ်လေးပါးနှင့် ပြည့်စုံတော်မူကာ ဆိတ်ငြိမ်ရာတောအရပ်၌ ဈာန်ဝင်စား၍ နေလေ့ရှိတော်မူ၏၊ လောကဓံတရားတို့ကိုလည်း ခံနိုင်တော်မူပြီး တစ်သောင်းသော လောကဓာတ်၌ တစ်ဆူတည်းသာ ပွင့်ပေါ်တော်မူလာသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားထံမှောက်သို့ သွားရောက်ချဉ်းကပ်ခါ သေမင်း၏ကျော့ကွင်းနှင့်တူသော တေဘူမက ၀ဋ်ဒုက္ခမှ လွတ်မြောက်ရာအမှန် နိဗ္ဗာန်တရားတော်မြတ်ကို လျှောက်ထားမေးမြန်းကြပါကုန်စို့။ 

အထက်ပါအတိုင်း နတ်မင်းကြီးနှစ်ဦးတို့သည် ဘုရားစစ်ဘုရားမှန်တို့၏ ဂုဏ် အင်္ဂါ လက္ခဏာတို့ကို ဖော်ပြဆန်းစစ်ကာ ကျေနပ်အားရလှသဖြင့် မြတ်စွာဘုရားရှင်ရှိရာ ဣသိပတန မိဂဒါဝုန်တောသို့ နတ်ဘီလူးတစ်ထောင် ခြံရံလျက် ဘုရားဖူး တရားနာရန် သန်းခေါင်ယံအချိန်တွင် ရောက်ရှိလာကြ လေသည်။ ထိုနတ်ဘီလူးတို့ ရောက်ရှိလာချိန်တွင် ဘုရားရှင်မှာ ဓမ္မစကြာတရား ဟောကြားတော်မူစဉ်က သီတင်းသုံးတော်မူသည့် တင်ပလ္လင်ကိုပင် မဖျက်ရသေးချေ၊ နတ်မင်းနှစ်ဦး တို့သည် ဘုရားရှင်အား ရှိခိုးခွင့်ပန်၍ ဟေမ၀တနတ်မင်းက အမေးပုစ္ဆာပြဿနာရပ်များကို လျှောက်ထားသဖြင့် မြတ်စွာဘုရားက ဟေမ၀တသုတ္တန်ကို ဟောကြားတော်မူရာ အခြွေအရံနတ်သား တစ်ထောင်နှင့်တကွ နတ်ဘီလူးနှစ်ဦးလုံး သောတာပန် တည်သွားကြလေသည်။ 

(ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။)
အပြည့်အစုံဖတ်ရန်

“ပုညကိရိယာဝတ္ထု (၁၀)ပါး”

မမေ့မလျော့ရှိပြီး ပွားများရမည့် ကုသိုလ်တရား (၁၀)ပါး ရှိလေ၏။
ထိုကုသိုလ်တရား (၁၀)ပါးကို စာရိတ္တအကျင့်တရား-ဟုလည်း ခေါ်လေသည်။
ပုညကိရိယာဝတ္ထု-ဟုလည်း ခေါ်၏။
ထို(၁၀)ပါးကား -  
(၁) ဒါန - စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊ 
(၂) သီလ - (၅)ပါး၊ (၈)ပါး အစရှိသည့် ရှောင်ကြဉ်မှုများကို စောင့်ထိန်းခြင်း၊ 
(၃) ဘာဝနာ - သမထ၊ ဝိပဿနာ ကမ္မဋ္ဌာန်းများ အားထုတ်ခြင်း၊ 
(၄) အပစာယန - ရိုသေ လေးစားထိုက်သူများအား ရိုသေ လေးစားခြင်း၊ 
(၅) ဝေယျာဝစ္စ - သူတစ်ပါးတို့၏ ကုသိုလ်ကိစ္စများ၌ ဝိုင်းဝန်းကူညီခြင်း၊ 
(၆) ပတ္ထိဒါန - မိမိ ကုသိုလ် ကောင်းမှုအဖို့ကို အမျှပေးဝေခြင်း၊ 
(၇) ပတ္တာနုမောဒနာ - သူတစ်ပါး ပြုသော ကောင်းမှု ကုသိုလ်အဖို့ကို ဝမ်းမြောက်သာဓုခေါ်ခြင်း၊ 
(၈) ဓမ္မသဝန - တရားနာခြင်း၊ တရားစာပေဖတ်ခြင်း၊ တရားစာပေ လေ့လာသင်ယူခြင်း၊ 
(၉) ဓမ္မဒေသနာ - တရားဟောခြင်း၊ တရားစာပေပို့ချခြင်း၊ တရားစာပေ ကျမ်းဂန်များ ရေးသားခြင်း၊ 
(၁၀) ဒိဋ္ဌိစုကမ္မ - ကံ၊ ကံ၏ အကျိုးမှစ၍ မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် ယုံကြည်ချက် ရှိစွာဖြင့် ကောင်းသော အယူကို ဖြူစင် ဖြောင့်မှန်အောင် ပြုလုပ်ခြင်း။
အပြည့်အစုံဖတ်ရန်

Tuesday, June 26, 2012

တရားကို တေးလိုဆို

အဖကို သားကဆဲ၊

ဆွေမျိုးထဲက ဓားပြတိုက်၊

မိုက်ရဲလျှင် သောတပန်၊

မကောင်းကြံက သမာဓိ၊

ရွှေရှိမှ လူလိမ္မာ၊

လိမ်နိုင်မှ သစ္စာရှင်၊

ရိုးသားသူကို အရူးလို့ထင်၊

အင်္ကျီပါးနှင့် ဥပုသ်သည်၊

ဇရပ်အလည် ကို့ယိုးကားယား၊

လူဆင်းရဲက သူဌေးယောင်ဆောင်၊

အ၀တ်ပြောင်မှ လူရိုသေ၊


ရွှေရှိဘုရားမှ ရှိခိုးချင်၊

ဇာတ်သမားမှ လူခေါ်ချင်၊

အပျိုငယ်က၊ လင်နေစော၊

အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊

လင်ရှိမယားက အပျိုလုပ်၊

ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊

ဖိုးသူတော်က ဘိုစတောက်ချ၊

အပျိုပေါက်စ နှစ်လင်ယူ၊

လူရင်းနှီးတော့ အတိုးချ၊

ခိုးဓားပြက လူလို့အော်၊

ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊

မယ်သီလက အနုဆေးဖေါ်၊

မရှောင်တမ်းတိုးတာ တစ်ခုလပ်၊

အမှန်ပြောတော့ အမုန်းပွား၊

ဥပုသ်စောင့်ရင်း အတင်းပြော၊

ခေတ်ကြီးကိုတော့ အပြစ်ဆို၊

ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊

အလှူပေးရင်း ထမင်းရောင်း၊

မသာပို့ရင်း အပျိုလှည့်၊

သူတော်ကောင်းတို့ တရားပျက်ကြပြီ။


(ဗန်းမော်ဆရာတော်)
အပြည့်အစုံဖတ်ရန်

Sunday, June 17, 2012

လူချင်းတူပါလျှက် ဘာ့ကြောင့် ကွဲပြားရသနည်း

လူချင်းတူပါလျက် အသက်ရှည်ခြင်း မရှည်ခြင်း၊ အနာရောဂါ များခြင်း နည်းခြင်း၊ ရုပ်အဆင်းလှပခြင်း မလှခြင်း၊ မိတ်ဆွေ အခြံအရံ အရှိန်အ၀ါ ရှိခြင်း မရှိခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၊ အမျိုးကောင်း၌ ဖြစ်ခြင်း မဖြစ်ခြင်း၊ ပညာဉာဏ် ကောင်းခြင်း မကောင်းခြင်း ဟူသော အချက်(၁၄) ချက်သည် မတူညီကြပေ။ အဘယ့်ကြောင့် ထိုကဲ့သို့ လူသားချင်း တူပြီး ကွဲပြားနေကြပါ သနည်း။(၁) သူတစ်ပါးအသတ်ကို မသတ်ဘဲ ရှောင်ကြဉ်သောသူသည် ဖြစ်လေရာဘ၀၌ အသက်ရှည်ပြီး သူများအသတ်ကို သတ်လေ့ ရှိသူသည် အသက်တိုကြပေသည်။

(၂) သူတစ်ပါးအား တုတ်ဓါး လက်နက်ဖြင့် နာကျင်အောင် ဒဏ်ရာရအောင် စိတ်ထိခိုက်ခံစားရအောင် ပြုလုပ်သော သူသည် ဖြစ်လေရာဘ၀၌ အနာရောဂါများ၍ ထိုအရာများကို ရှောင်ကြဉ်သောသူသည် ဖြစ်လေရာဘ၀၌ အနာရောဂါ နည်း ပေသည်။

(၃) ဒေါသကြီးခြင်း၊ စိတ်ဆိုးလွယ်ခြင်းတို့သည် ဖြစ်လေဘ၀၌ ရုပ်ရေအဆင်း မလှခြင်းတို့ကို ဖြစ်စေ၍ သူတစ်ပါးတို့က စိတ် ဆိုးစရာ အမျက်ဒေါသ ဖြစ်စရာများနဲ့ ပြောဆိုစေကာမှု စိတ်မဆိုး ဒေါသ မထွက်အောင် ထိန်းနိုင်ပြီး သည်းခံသော ပုဂ္ဂိုလ်တို့သည် ဖြစ်လေရာ ဘ၀၌ ရုပ်ရည်အဆင်း လှပ ကြ ပေသည်။

(၄) သူတစ်ပါး ချမ်းသာခြင်း၊ ရုပ်ရေလှပခြင်း၊ ကျော်စောခြင်း တို့ကို မနာလိုဖြစ်သော ပုဂ္ဂိုလ်တို့သည် ဖြစ်လေရာဘ၀၌ မိတ်ဆွေ အခြံအရံ အရှိန်အ၀ါ နည်းပါး၍ ထိုဖော်ပြပါ အချက် များကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်သည် ဖြစ်လေရာ ဘ၀၌ မိတ်ဆွေ အခြံအရံ များပြီး အရှိန်သြဇာ ကြီးမားပေသည်။ ထို့ကြောင့် မိမိ၏ စကားကို သားသမီ ညီအကို မောင်နှမ သူငယ်ချင်း မိတ်ဆွေ၊ တပည့်များက နားမထောင်လျှင် ဤအချက်ကို လိုက်နာ ကျင့်ဆောင်ပါလေ။

(၅) သူတစ်ပါးတို့အား အထူးသဖြင့် သီလ သမာဓိ ပညာ သုံးပါးဖြင့် ပြည့်စုံသော အလှူခံ ပုဂ္ဂိုလ်တို့အား တစ်စုံတစ်ခု သော ပစ္စည်းကိုမျှ မပေးလှူသော ပုဂ္ဂိုလ်သည် ဖြစ်လေရာ ဘ၀၌ ဆင်းရဲ၍ ပေးလှူစွန့်ကြဲ ပေးကမ်းသော ပုဂ္ဂိုလ်များ သည် ဖြစ်လေရာ ဘ၀၌ ချမ်းသာစွာ နေရပေသည်။

(၆) မိမိထက် အသက်ကြီးသူကို လည်းကောင်း၊ ပညာဥာဏ် ကြီးမားသော သူကိုလည်းကောင်း၊ သီလရှိသော သူကို လည်းကောင်း ရိုသေ လေးစားခြင်း၊ ဆည်းကပ်ခြင်း မရှိဘဲ မာန်မာန ထောင်လွှားသော ပုဂ္ဂိုလ်များ သည် ဖြစ်လေရာ ဘ၀၌ အမျိုးယုတ်၍ မိမိထက် အသက်သော် လည်းကောင်း၊ ပညာသော် လည်းကောင်း၊ သီလသော် လည်းကောင်း ကြီးမားသော ပုဂ္ဂိုလ်တို့ကို မာန်မာန မထောင်လွှားဘဲ မာန် မာန ချ၍ ရိုသေ လေးစားသော ပုဂ္ဂိုလ်သည် ဖြစ်လေရာ ဘ၀၌ အမျိုးမြတ်သော ဘ၀၌ ဖြစ်ရပေသည်။

(၇) ပညာရှိ သူတော်ကောင်း တို့ထံ၌ ဘယ်အရာသည် ကောင်းသော ကုသိုလ်တရား ဘယ်တရားသည် မကောင်း သော အကုသိုလ်တရား၊ ဘယ်အရာသည် ကျင့်သုံးရမည့် အရာ၊ ဘယ်အရာသည် မကျင့်သုံး သင့်သောတရား၊ မည်သို့သော အရာသည် အပြစ်ရှိ၍ မည်သို့သော အရာသည် အပြစ်မရှိ ပါသနည်း စသည်ဖြင့် မိမိသိသင့် သိထိုက်သည့် တရားများကို မစူးစမ်း မလေ့လာ မမေးမြန်း မဆွေးနွေး မကျင့်သုံးသော ပုဂ္ဂိုလ်သည် ဖြစ်လေရာ ဘ၀၌ ဉာဏ်ပညာ နည်းပါး၍ ထိုအရာများကို ပညာရှိ သူတော်ကောင်းတို့ထံ ချဉ်းကပ်ပြီး စူးစမ်းလေ့လာ ဆွေးနွေး မေးမြန်းခြင်း တို့ကို ပြုလုပ်သော သူသည် ဖြစ်လေရာ ဘ၀၌ ဉာဏ်ပညာ ကြီးမား ပေသည်။

အထက်ပါ အချက်အလက် များကို သိရှိပြီးပြီ ဆိုလျှင် မိမိ၌ သော်လည်းကောင်း တစ်ပါးသော သူ၌ လည်းကောင်း ထို အချက်များထဲက တစ်ခုခု ချို့ယွင်းလျှင် လည်းကောင်း ပြည့်စုံလျှင် လည်းကောင်း တိုက်ဆိုင် ကြည့်ပါက မည်သည့် အချက်ကြောင့် မည်ကဲ့သို့ ဖြစ်နေသည်ဟု ဆန်းစစ် ကြည့်လိမ့် မည် ထင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူသားများသည် ယခု ဘ၀၌ အထက်ပါ အချက်များထဲမှ မကောင်းသော အချက်များ ဖြစ်နေလျှင် နောက်နောင် ဘ၀များ၌ မဖြစ်ရလေ အောင် ယခုကတည်းက ရှောင်ကြဉ်သင့်တာ ရှောင်ကြဉ်ပြီး လိုက်နာ ကျင့်သုံး သင့်တာ လိုက်နာ ကျင့်သုံးရန် လိုအပ်လှ ပေသည်။

သတ္တ၀ါတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်သည်။ ကံ၏ အမွေခံ တို့ ဖြစ်ကုန်သည်။ ကံသာလျှင် အကြောင်း ရှိကုန် သည်။ ကံသာလျှင် ဆွေမျိုး ရှိကုန်သည်။ ကံသာလျှင် မှီခိုရာ ရှိကုန်သည်။ ကံသာလျှင် သတ္တ၀ါတို့ကို အယုတ်အမြတ် စသည်တို့ ခွဲခြား၍ ဖန်တီး ပေးပါသည်။ ထို့ကြောင့် ကျွန်ုပ် တို့ လူသားများသည် မိမိတို့၏ အကြံအစည် အပြောအဆို အလုပ်အကိုင် တို့ကို ကောင်းသော အရာများ ဖြစ်အောင် ကြိုးစားကြရန် အထူး လိုအပ်ပါပေသည်။ ထို မိမိ ကြံစည်မှု ပြောဆိုမှု လုပ်ကိုင်မှုတို့သည် ကောင်းလျှင် ကောင်းကျိုးဖြစ်၍ ကောင်းကျိုး ခံစားရပေမည်။ မကောင်းလျှင် မကောင်းကျိုး ဖြစ်၍ မကောင်းကျိုးကို ခံစားကြရပေမည်။

ထို့ကြောင့် မိမိသည် မိမိကိုယ်ကို ချစ်တယ် နှစ်သက်တယ် ဆိုလျှင် အကြံအစည် (မနောကံ) အပြောအဆို (၀စီကံ) အလုပ်အကိုင် (ကာယကံ)တို့ကို ကောင်သော အရာများ ဖြစ်အောင် လုပ်ဆောင်ပေးဖို့ရန် လိုအပ်လှပေသည်။ သို့မှသာလျှင် မိမိကိုယ်ကို ချစ်ရာ ရောက်ပေမည်။ လူသားအားလုံး မိမိကိုယ်ကို ချစ်နိုင်ကြပါစေလို့ ဆန္ဒပြုလျှက်............။

(မဇ္ဈိမနိကယ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ ၀ိဘင်္ဂ၀ဂ်၊ စူဠကမ္မ၀ိဘင်္ဂသုတ်)
မြန်မာနိုင်ငံသားများဆိုင်ရာ ဗုဒွ့ဘာသာအဖွဲ့(ဆွီဒင်နိုင်ငံ)(bbfse.org)
အပြည့်အစုံဖတ်ရန်

ဓမ္မဒါနအကျိုး

(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
အလှူမှန်သမျှတွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏ (မဟာသုတကာရီ မဃဒေ၀ လင်္ကာသစ် ဆဌမပိုင်း၂၊ နိမိရာစစရိယခန်းအပိုဒ် ၅၀၇၊ စာမျက်နှာ ၄၀၆နှင့် ဓမ္မပဒတွင်ပါရှိသည့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ အလုံးစုံသောဒါနတို့တွင် ဓမ္မဒါနသာလျှင် အမြတ်ဆုံးဆိုသည့်အတိုင်း)
စကြာဝဠာ တစ်တိုက်လုံး ဗြဟ္မာပြည်အထိ အပြည့်အကျပ်ရှိနေသည့် ဘုရားပစ္စေက ဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့ကို တစ်ပါးလျှင် သင်္ကန်းတစ်စုံကျစီ လှူဒါန်းခြင်းသည် လေးပါဒရှိသော မြတ်စွာဘုရား ဟောကြားတော်မူသည့် ဂါထာတစ်ပုဒ်ကို သင်ကြားပြသ ဖြန့်ဖြူးရသည့် ဓမ္မဒါနကုသိုလ်၏ ၂၅၆ စိတ် စိတ်လျှင် တစ်စိတ်ကိုမျှ မမှီနိုင်ပါ။ ထို့ကြောင့် ဓမ္မဒါနပြုသူများသည် အမြတ်ဆုံး ဒါနရှင်ကြီးများဖြစ်နိုင်ပါသည်။ တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။ 

ဓမ္မမိတ်ဆွေမည်သူမဆို ကုသိုလ်ကောင်းမှုအလို့ငှာ ကူးယူဖြန့်ဝေနိုင်ပါသည်..။

အပြည့်အစုံဖတ်ရန်