ဒီနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့နေ့လည်း ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက ဒီနေ့ဟာ မြတ်စွာဘုရားရှင် ၀ါတွင်းသုံးလ ကာလပတ်လုံး တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက် ကြွရောက်တော်မူတဲ့ နေ့လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာ မြန်မာများက အဘိဓမ္မာ အခါတော်နေ့လို့ ထူးထူးခြားခြား အမည်ထားကြခြင်း ဖြစ်ပါတယ်။
မြန်မာပြည်မှာ ဆိုရင်တော့ အခုလို သီတင်းကျွတ်လပြည့်နေ့ ညမှာ ကျောင်းတိုင်း၊ အိမ်တိုင်းနီးပါး ဆီးမီးဖယောင်းတိုင်လေးတွင် ထွန်းညှိထားတတ်ကြပါတယ်။ ဒီအလေ့အထဟာ နတ်ပြည်က ဆင်းသက်တော်မူလာတဲ့ ဗုဒ္ဓမြတ်စွာကို ကြိုဆိုတဲ့ အနေနဲ့ ဆီးမီးဖယောင်းတိုင် စသဖြင့် ထွန်းညှိကာ ပူဇော်ကြတဲ့ အလေ့အထပဲ ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ခုနှစ်ဝါမြောက်ဝါကို တာဝတိံသာ နတ်ပြည်မှာ ကပ်ဆိုတော်မူပါတယ်။ ၀ါဆိုရတဲ့ အကြောင်းရင်းကတော့ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သား အမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာ ဒေသနာတော် ဟောတော်မူလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားလောင်းကို မွေးဖွားပြီး (၇)ရက်မြောက်မှာ နတ်ရွာစံကာ တာဝတိံသာ နတ်ပြည်မှာ သန္တုသိတ အမည်ရတဲ့ နတ်သားတစ်ပါးအဖြစ် ပြန်လည်မွေးဖွားခဲ့ပါတယ်။ ဘုရားဖြစ်တော်မူပြီးတဲ့ မြတ်စွာဘုရားဟာ မိခင်ကျေးဇူးကို တရားနဲ့ ဆပ်လိုတဲ့အတွက် အမိနတ်သားရှိတဲ့ နတ်ပြည်ကို ကြွတော်မူကာ ဒီလိုအဘိဓမ္မာ ဒေသနာတော်ကို ဟောတော်မူခြင်း ဖြစ်ပါတယ်။
အဘိဓမ္မာ ဒေသနာတော်ဟာ သိမ်မွေ့နက်နဲကာ ရှည်လျားလှပြီး တစ်နာရီ နှစ်နာရီလောက်နဲ့ ပြည့်စုံအောင် ဟောကြားပေးဖို့ မဖြစ်နိုင်တဲ့အတွက် ၀ါတွင်းသုံးလပတ်လုံး ၀ါဆိုဝါကပ်ရင်း ဟောတော်မူရခြင်း ဖြစ်ပါတယ်။ ၀ါတွင်းကာလ တာဝတိံသာ နတ်ပြည်မှာ သုံးလလုံးလုံး သီတင်းသုံး နေတော်မူပေမယ့် နတ်တို့ရဲ့ အချိန်နဲ့ကျတော့ သုံးလဟာ မိနစ်၊နာရီပိုင်း လောက်ပဲရှိပါတယ်။ ဒါပေမယ့် လူသားဖြစ်တဲ့ ဘုရားရှင်ကတော့ ဒီသုံးလအတွင်းမှာ လူ့ပြည်ကို နေ့စဉ်ကြွကာ ဆွမ်းခံပြီး ဘုဉ်းပေးတော်မူပါတယ်။ ဘုရားရှင် လူ့ပြည်ဆင်းတဲ့ အခိုက်အတန့်မှာဆိုရင် ဘုရားရှင်က ကိုယ်တော်မြတ်နဲ့ ထပ်တူထပ်မျှ တူညီလှတဲ့ နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းပြီး နတ်သဘင် တရားပွဲကို ဆက်လက်ဟောကြား စေတော်မူပါတယ်။
နေ့စဉ်လူ့ပြည်ဆင်းပြီး ဥတ္တရကုရုကျွန်းမှာ ကြွရောက်ကာ ဆွမ်းခံဆွမ်းဘုဉ်း ပေးတော်မူလေ့ရှိတဲ့ ဘုရားရှင်ဟာ တပည့်ဖြစ်တော်မူတဲ့ ပညာအရာ ဧတဒဂ်ရ အရှင်သာရိပုတ္တရာ မထေရ်မြတ်နဲ့ ဆန္ဒကူးတောမှာ တွေ့ဆုံကာ အရှင်သာရိပုတ္တရာကို နတ်ပြည်မှာ ဟောကြားတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်အကြောင်း အကျဉ်းအနေနဲ့ ပြန်လည်ဟောကြားတော် မူပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်ဟာ ပညာဉာဏ်ကြီးမားတော် မူလှတဲ့အတွက် မြတ်စွာဘုရား အကျဉ်းဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ကို အကျယ်ဆင်ခြင် နားလည်သဘောပေါက် တော်မူပါတယ်။ ပြီးတော့ အရှင်သာရိပုတ္တရာ မထေရ်ဟာ မိမိဘုရားရှင်ထံက နာယူတော်မူခဲ့တဲ့ အဘိဓမ္မာဒေသနာတော်ကို တပည့်ဖြစ်တဲ့ ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောပြတော်မူပါတယ်။
ဒီနေ့ အသုံးပြုနေတဲ့ ပိဋကတ်သုံးပုံရဲ့ အဘိဓမ္မာ ပိဋကဟာ မြတ်ဗုဒ္ဓရဲ့ အကျဉ်းဟောကြားချက်ကို အကျယ်သိရှိပြီး တပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောကြားတော် မူထားတဲ့ အဘိဓမ္မာ ဒေသနာတော်ပဲ ဖြစ်ပါတယ်။ တာဝတိံသာ နတ်ပြည်မှာ ၀ါဆိုရင်း အဘိဓမ္မာ ဒေသနာတော်ကို နေ့စဉ်ဟောကာ လူပြည်မှာလည်း ပြန်လည် မိန့်ကြားတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာ ဒေသနာတော်ဟာ ၀ါကျွတ်လို့ အဘိဓမ္မာ ခုနှစ်ကျမ်းလည်းကုန် လူ့ပြည်မှာလည်း အပြီးတိုင် ဟောကြားပို့ချပြီးဖြစ်ကာ တကယ့်ကို အနှစ်သာရ ပြည့်ဝတဲ့ ဒေသနာတော်တစ်ရပ် ဖြစ်တော်မူခဲ့ပါတယ်။ အဘိဓမ္မာ ဓမ္မသဘင်ပြီးဆုံးတဲ့အခါ မယ်တော်အမိနတ်သား ဖြစ်တဲ့ သန္တုသိတ နတ်သားဟာ သောတာပတ္တိဖိုလ်၌တည်ပြီး အခြားမြောက်များစွာသော နတ်ဗြဟ္မာ အပေါင်း ဟာလည်း တရားရကာ ကျွတ်တမ်းဝင်ခဲ့ကြပါတယ်။
တရားပွဲလည်းပြီး ၀ါလည်းကျွတ်ပြီဖြစ်လို့ သီတင်းကျွတ်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဟာ လူပြည်ကို ဆင်းကြွတော်မူပါတယ်။ လူပြည်ကြွတဲ့ အခါမှာလည်း တပည့်ဖြစ်တဲ့ အရှင်သာရိပုတ္တရာကို ချီးမြှောက်လိုတဲ့အတွက် အရှင်သာရိပုတ္တရာ ရှိတဲ့ သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူပါတယ်။ ဘုရားရှင် သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူမှာသိတဲ့ လူအများဟာ ဘုရားရှင်ကို အမျိုးမျိုးသော ပူဇော်မူများ၊ ပန်းမာလ်များ၊ ဆီးမီးများ ထွန်းညှိကာ ပူဇော်ရင်း ကြိုဆိုကြပါတယ်။ ဒီအစဉ်အလာကို ယူပြီး မြန်မာပြည်မှာ သီတင်းကျွတ်လပြည့်နေ့မှာ ဆီးမီးထွန်းရင်း ဘုရားရှင်ကို ပူဇော်ကြိုဆိုကာ အဘိဓမ္မာ ဒေသနာတော်ကိုလည်း ရွတ်ပွားသရဇ္ဈာယ်ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သီတင်းကျွတ်လပြည့်နေ့ဟာ ဘုရားရှင်လူ့ပြည်ကို ကြွတော်မူတဲ့နေ့၊ ဒါမှမဟုတ် အဘိဓမ္မာ ဒေသနာတော် ဟောကြားမှု ပြီးဆုံးတဲ့ အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ်တဲ့ နေ့ဖြစ်ပြီး ဒီနေ့မှာ ဗုဒ္ဓဘာသာများဟာ ကုသိုလ်ကောင်းမှု အစုစုကို ပြုကြခြင်း ဖြစ်ပါတယ်။ ဒါက သီတင်းကျွတ်လပြည့်နေ့နဲ့ အဘိဓမ္မာ အခါတော်နေ့ အကြောင်း တစ်စေ့တစ်စောင်း ဖြစ်ပါတယ်။
စကားစပ်လို့ ဒီနေရာမှာ အဘိဓမ္မာအကြောင်း နဲနဲလောက် မိတ်ဆက်တင်ပြလိုပါတယ်။ ဘုရားရှင်ရဲ့ ဓမ္မဒေသနာများကို ပိဋကအနေနဲ့ အစုသုံးစု ခွဲခြားထားရာမှာ သုတ္တန္တပိဋကို သတ္တ၀ါတွေရဲ့ အသိဉာဏ်နဲ့ သင့်တော်မယ့် ဝေါဟာရများကို အသုံးပြု ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ ဝေါဟာရဒေသနာ၊ ၀ိနယပိဋကကို ဘုရားတပည့် သာဝကများ လိုက်နာကျင့်ကြံရန် အာဏာကို အများဆုံးသုံးကာ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ အာဏာဒေသနာ၊ အဘိဓမ္မာပိဋကကို မဖောက်မပြန် မှန်ကန်တဲ့ သဘောတရား (ပရမတ္ထတရား) များကို အကြွင်းမရှိ ပြည့်ပြည့်စုံစုံ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ ပရမတ္ထဒေသနာ လို့ ဖွင့်ပြပါတယ်။ ဒီမှာဖွင့်ပြတဲ့ အဘိဓမ္မာအဖွင့်အရ အဘိဓမ္မာဆိုတာ လောကသုံးပါးနဲ့ နိဗ္ဗာန်တို့ရဲ့ အကြောင်းအရာများကို တကယ်အစစ်အမှန်ရှိတဲ့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရားလေးပါးနဲ့ ခွဲခြမ်းစိပ်ဖြာ ဟောကြားထားခြင်းကို ဆိုလိုတာဖြစ်ကြောင်း သဘောပေါက် မှန်ယူနိုင်ပါတယ်။
အဘိဓမ္မာ ဒေသနာတော်မှာ လောကကြီးကို လွှမ်းမိုးချယ်လှယ်နေတဲ့ စိတ်၊ စေတသိက်တို့ရဲ့ သဘောသဘာဝများကို မခြွင်းမချန် မှန်ကန်ပြည့်စုံအောင် ဟောကြားထားတဲ့အတွက် ဒီအဘိဓမ္မာဟာ လူတိုင်းအတွက် မှန်ကန်တည့်မတ်တဲ့ ဘ၀အမြင်ကို ဖြစ်စေပါတယ်။ ပြီးတော့ အဘိဓမ္မာမှာ် လူတို့အား ဆိုးသွမ်းယုတ်ညံ့ ဆင်းရဲစေတတ်တဲ့ အကုသိုလ် စေတသိက်များ၊ လူတို့ရဲ့ ဘ၀ကို မြင့်မြတ်စေတတ်တဲ့ သောဘဏ စေတသိက်များ၊ ကောင်းမြတ်တဲ့ လုပ်ငန်းများတွင် အောင်ပန်းဆင်စေတတ်တဲ့ ဗလအင်းအားနှင့် အဓိပတိတရားများ၊ ၀ဋ်ဆင်းရဲမှ လွတ်မြောက်စေပြီး အချမ်းသာဆုံး သန္တိသုခကို ရရှိစေနိုင်တဲ့ ကျင့်စဉ်အမှန်တရားများ စသည်တို့ကို တိတိကျကျ ဖော်ညွန်းထားတဲ့အတွက် အဘိဓမ္မာဒေသနာဟာ တန်ဘိုးမဖြတ်နိုင်တဲ့ ဘ၀ပညာပေး တရားလို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။ ပိုပြီးထူးခြားစေနိုင်တာက အဘိဓမ္မာရဲ့ သဘောကို ကောင်းစွာသိရှိပြီး စိတ်၊ စေတသိက် စတဲ့ ပရမတ္ထတရားများရဲ့ အလုပ်လုပ်ပုံကို သိရှိနားလည်လာပါက ငါ ငါလို့ စွဲတတ်တဲ့ အသက်ကောင်၊ ၀ိညာဉ်ကောင်၊ လိပ်ပြာကောင်တို့ မရှိကြောင်း ရှင်းရှင်းလင်းလင်း သိမြင်သွားနိုင်ကာ မှားယွင်းတဲ့ အမြင်အယူတို့ကို ပယ်ခွာရင်း နိဗ္ဗာန်အထိ မျက်မှောက်ပြုရေးကို အထောက်အကူ ပေးနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဒီလိုအကျိုးတရားနဲ့ သဘောတရားများကို အဘိဓမ္မာဒေသနာတော်က ထုတ်ဖော်ပြသပေးထားတဲ့ အတွက် အဘိဓမ္မာဒေသနာတော်ဟာ အမှန်ကန်ဆုံး ဘ၀ပညာပေး ပရမတ္ထ ဒေသနာတော် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ဒါက စကားစပ်လို့ အဘိဓမ္မာ ဒေသနာရဲ့ ထူးခြားချက်ကို အကျဉ်းအနေနဲ့ မိတ်ဆက် တင်ပြခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ ပြောလိုတာက သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့ရဲ့ ထူးခြားမှု အကြောင်းပဲ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီများကို ဗုဒ္ဓဘာသာရဲ့ ထူးခြားမှုများနဲ့ တင်စားဖော်ပြခြင်းဖြင့် လစဉ်လတိုင်း ကုသိုလ်တရားများ တိုးပွားစေနိုင်တဲ့အပြင် ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ်များကိုလည်း သိရှိမှတ်သားခွင့် ရနိုင်တဲ့အတွက် ထူးခြားတဲ့ သဒ္ဓါတရားများ ပွားတိုးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို သီတင်းကျွတ်လပြည့် နေ့မျိုးမှာ ဗုဒ္ဓမြတ်စွာ တာဝတိံသာမှာ အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားပြီး လူ့ပြည်သို့ ပြန်လည်သက်ဆင်းတဲ့ ပုံရိပ်ကို နိမိတ်ယူကာ ဘုရားရှင်ကိုလည်း ပူဇော်ရင်း ဘုရားဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ရဲ့ အနှစ်ရှိပုံကိုလည်း လေ့လာကြည်ညိုရင်း ဥပုသ်နေ့ဖြစ်တဲ့အတွက် ဥပုသ်သီလလည်း စောင့်သုံးကာ ကုသိုလ်တရား ပွားနိုင်ကြဖို့ သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့အကြောင်း ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ် တစ်ခုအနေနဲ့ ဗဟုသုတဖြစ်ဖွယ် ရေးသားတင်ပြလိုက်ရပါတယ်။
စာရေးသူ - မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
အပြည့်အစုံဖတ်ရန်
Popular Posts
-
"အထွဋ်စိန်" ဟုခေါ်သည်၊ ရွှေတိဂုံစေတီတော်ရဲ့ အမြင့်ဆုံးနေရာပါ။ အရွယ်အစားကတော့ (၇၆) ကာရက်ရှိပါတယ်။ ရင်ပြင်တော်မှ အမြင့်ပေ (၃၂၆) ပေခန့်...
-
ကျွန်တော်တို့ ဂါထာတွေရွတ်တဲ့အခါ အရှေ့ကဥုံခံပြီး ရွတ်ကြတာ တွေ့ဖူးကြမယ်ထင်ပါတယ်။တစ်ချို့ဆို ဥုံမပါ ဂါထာမဖြစ်ဆိုပြီးတောင် ပြောဆိုနေကြတာ ကြားဖူး...
-
ဒီနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့ေ...
-
ဤအခန်းတွင်ပြဆိုထားသော သမထ၀ိပဿနာရူပွားနည်းအတိုင်း ကြိုးစားအားထုတ်ပါက အားထုတ်မူနှင့်လျော်ညီစွာ သက်ဆိုင်ရာတရားထူးများကို ရရှိခံစားရမည်ဖြစ်သည်။...
-
တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထား...
-
ကမ္မဟူသော ပုဒ်သည် အပြုအမူ၊ ပြုလုပ်ခြင်း 'အလုပ်' ဟူသော အနက်ဖြစ်သည်။ ဝေဒခေတ်အခါက ကမ္မဟူသည်မှာ ယဇ်ပူဇော်မှု ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ယဇ္ပူေ...
-
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ် နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့် ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ အရိယာ၏ ဖော်ည...
-
အခုတစ်လော ရေပန်းစားနေတဲ့စကားလုံးကတော့ ၉၆၉ ဆိုတဲ့ ဂဏန်းသုံးလုံးပါ။ဒါကြောင့် ၉၆၉ အကြောင်းကို ဗုဒ္ဓဘာသာဝင်တွေ သိရှိစေဖို့ ရှာပြီးတင်ပေးလိုက်ပါတယ...
-
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ) အလှူမှန်သမျှတွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏ (မဟာသုတကာရီ မဃဒေ၀ လင်္ကာသစ် ဆဌမပိုင်း၂၊ နိမိရာစစရိယခန်းအပိုဒ် ၅၀၇၊ စာမ...
-
မမေ့မလျော့ရှိပြီး ပွားများရမည့် ကုသိုလ်တရား (၁၀)ပါး ရှိလေ၏။ ထိုကုသိုလ်တရား (၁၀)ပါးကို စာရိတ္တအကျင့်တရား-ဟုလည်း ခေါ်လေသည်။ ပုညကိရိယာဝတ္ထု-ဟုလ...
credit
- ယခုဘလော့ခ်ကို ဗုဒ္ဓဘာသာပြန့်ပွားစေရန် ရည်ရွယ်၍ ကျွန်တော်တို့ ဖတ်မှတ်၊စုစည်း၊သိမ်းဆည်းထားသည်များကို အများသိရှိစေရန် ပြန်လည်ဖြန့်ဝေခြင်းသာလျှင် ဖြစ်ပါသည်။
- တစ်ချို့သော စာစုများမှာ မူရင်းရေးသားသူကို မမှတ်မိတော့ပါသဖြင့် credit မပေးနိုင်တော့သည့်အတွက်
မူရင်းရေးသားသူကို ဤနေရာမှ အနူးအညွတ်တောင်းပန်အပ်ပါသည်။ - အကယ်၍ စာဖတ်သူများမှ သိရှိပါကလည်း သက်ဆိုင်ရာပို့စ်အောက်တွင်လည်းကောင်း၊
thewordsofbuddha@gmail.com သို့လည်းကောင်း အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်။ - " ပို့စ်အသစ်တင်တိုင်း gmailကိုအကြောင်းကြားစေလိုပါက" အောက်တွင် မိမိတို့၏ gmail လိပ်စာကို ဖြည့်သွင်းထားပါက ပို့စ်အသစ်တင်တိုင်း မိမိတို့၏ gmail သို့ အကြောင်းကြားပေးပါသည်။
Saturday, October 19, 2013
Tuesday, August 20, 2013
Special Thanks to Domain donator
ဒီ blog လေး(http://wisdomsofbuddha.blogspot.com/) ကို domain လှူမယ့် အလှူရှင် ပေါ်လာပါပြီ။ အလှူရှင်ဖြစ်တဲ့ ကျွန်တော်သူငယ်ချင်း Nyein Chan
ကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်ပါတယ်။
အပြည့်အစုံဖတ်ရန်
Friday, June 28, 2013
အနတ္တ၏ အနက်၎-ချက်
၁။ အ၀သ၀နဋ္ဌ။
အလိုသို့ မလိုက်ပါခြင်း။ မိမိဖြစ်ချင်သလို မဖြစ်ခြင်းသဘော။
၂။ အသာမိကဋ္ဌ။
ပိုင်ဆိုင်သူမရှိခြင်း အနက်သဘော။
၃။ သုညတဋ္ဌ။
ပြုစီမံတတ် ဖန်တီးတတ်သောတရားမှ ဆိတ်သုဉ်းခြင်း အနက်သဘော။
၎။ အတ္တပဋိက္ခေပဋ္ဌ။
မပျက်မစီး အမြဲတည်တံ့သည်ဟု ယူဆထားသော အတ္တကို ပယ်ခြင်း
အနက်သဘော။
န + အတ္တ = အနတ္တ။
န = မဟုတ်။
အတ္တ = ငါ၊ အလိုသို့လိုက်ပါခြင်း၊ အစိုးတရ မိမိဖြစ်ချင်သလို ဖြစ်ခြင်း။
အနတ္တ = ငါမဟုတ်၊ အလိုသို့ မလိုက်ပါခြင်း၊ အစိုးမရ မိမိဖြစ်ချင်သလို
မဖြစ်ခြင်း
ဟု အဓိပ္ပါယ်ရသည်။
( အရှင်ဇနက )
credit to 3 Treasures: Buddha, Dhamma & Sanga အပြည့်အစုံဖတ်ရန်

Saturday, May 11, 2013
ဗုဒ္ဓ၏ကမ္မဝါဒ (ကံဆိုသည်မှာ)
ကမ္မဟူသော ပုဒ်သည် အပြုအမူ၊ ပြုလုပ်ခြင်း 'အလုပ်' ဟူသော အနက်ဖြစ်သည်။ ဝေဒခေတ်အခါက ကမ္မဟူသည်မှာ ယဇ်ပူဇော်မှု ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ယဇ်ပူဇော်မှုကို သတ်မှတ်ထားသော နည်းလမ်းများအတိုင်း တိကျကောင်းမွန်စွာ ပြုလုပ်နိုင်လျှင်၊ ကောင်းကျိုးခံစားရသည်ဟု ဝေဒကျမ်းများကို အလေးထားစဉ်က ယူဆခဲ့ကြသည်။ ဝေဒခေတ်နောက်ပိုင်း အရညကကျမ်းများနှင့် ဥပနိသျှဒ်ကျမ်းများ ခေတ်စားလာသောအခါ ကိုယ်ကျင့်သီလကို "ကမ္မ" "ကံ" ဟု ယူဆလာကြသည်။ သို့ရာတွင် အတွေးအခေါ်အရ ကိုယ်ကျင့်သီလကို ကံအဖြစ်လက်ခံလာသော်လည်း ဗြဟ္မဏဝါဒ၌မူကား "ကမ္မ" သည် ယဇ်ပူဇော်မှုသာဖြစ်သည်ဟု ယူမှတ်ထားဆဲ ဖြစ်သည်။ ဗုဒ္ဓဘာသာအရ "ကမ္မ" "ကံ" ဆိုသည်မှာ သာမန်အပြုအမူသက်သက်မျှသာမဟုတ်ဘဲ စေတနာပါသည့် စေတနာ အခြေခံသည့် အပြုအမူဖြစ်သည်။
"စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ"
(ရဟန်းတို့ စေတနာကို ကံဟု ငါဘုရားဆိုလို၏)
အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊နိဗ္ဗေဓိကသုတ်။
အထက်ပါစကားအရ အသိနှင့် ယှဉ်၍ပြုသော စေတနာပါသော အပြုအမူကိုသာ ကံအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ စေတနာပါသော အပြုအမူဟုဆိုရာ၌ ကိုယ်၊ နှုတ်၊ စိတ်သုံးပါး၏ အပြုအမူအားလုံးအကျုံးဝင်သည်။ ထိုကံသုံးပါးလုံးတွင် စေတနာသည် အရင်းခံ ဖြစ်သည်။
စေတနာအရင်းခံသည့် အပြုအမူ၊ အသိနှင့် ယှဉ်သည့်ကံကို အပြစ်ကင်းသော ကောင်းသောကံ(ကုသလ)၊ အပြစ်မကင်းသော မကောင်းသောကံ (အကုသလ)၊ နှင့် အပြစ်ကင်းသည် မကင်းသည်ဟု မသတ်မှတ်နိုင်သော ကြားဖြစ်သောကံ(အဗျာကတ) ဟုသုံးမျိုးခွဲခြားနိုင်သည်။ အလောဘ၊ အဒေါသ၊ အမောဟ ကို အခြေခံသည့် စေတနာပါသောကံကို ကောင်းမှုကံဟု ခေါ်သည်။ လောဘ၊ ဒေါသ၊ မောဟ တို့ကို အခြခံသည့် စေတနာပါသောကံကို မကောင်းမှုကံဟုခေါ်သည်။ အလောဘ၊ အဒေါသ၊ အမောဟ တို့ကို အခြေခံသည့် စေတနာလည်း မပါ။ လောဘ၊ ဒေါသ၊ မောဟ တို့ကို အခြေခံသည့် စေတနာလည်း မပါ။ ပြုကာမတ္တမျှသာဖြစ်သော ကံကို အဗျာကတ ဟု သတ်မှတ်သည်။
ကံသည် စေတနာအရင်းခံပါသော တွေးကြံ၊ ပြောဆို၊ ပြုမူမှုဖြစ်ပေရာ ထိုကဲ့သို့ လက်ရှိ အခြေအနေ၊ လက်ရှိဘဝက ပြုလုပ်သောကံနှင့် လွန်ခဲ့သော အချိန်အခါ လွန်ခဲ့သောဘဝက ပြုလုပ်ခဲ့သော အတိတ်ကံဟု နှစ်မျိုးပိုင်းခြားနိုင်သည်။ ကံဟု သာမန်ပြောဆိုလျှင် ပစ္စုပ္ပန်ကံ အတိတ်ကံ နှစ်မျိုးစလုံး အကျုံးဝင်နိုင်သည်။ ထိုနှစ်မျိုးစလုံးသည် မျက်မှောက်ဘဝ၊ လက်ငင်းအခြေအနေ၌ အကျိုးပေးနိုင်သည်။ ဗုဒ္ဓဘာသာ အယူအဆအရ ထိုနှစ်မျိုးအနက် ပစ္စုပ္ပန်ကံကိုသာ အလေးအနက်ထားရမည်ဖြစ်သည်။
အတိတ်ကံသည် ပြုပြင်၍လည်း မရနိုင်။ မျက်မှောက်လူသားတို့စွမ်းဆောင်ကြိုးစားမှုနှင့် တိုက်ရိုက်မဆိုင်။ ပစ္စုပ္ပန်ကံသာလျှင် မျက်မှောက်လူသားတို့ စွမ်းဆောင်ကြိုးစားမှုနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ဗုဒ္ဓသည် ပစ္စုပ္ပန်ကံကိုသာ အလေးအနက်ထားခဲ့သည်။ အင်္ဂုတ္တရနိက္ကာယ်၊ တိကနိပါတ်၊ တိတ္ထာယတနသုတ်၌ ပါရှိသော အောက်ပါစကားဖြင့် ပစ္စုပ္ပန်ကံအပေါ် ဗုဒ္ဓအလေးအနက်ထားမှုကို ထင်ရှားစေနိုင်ပါသည်။ ဗုဒ္ဓက အောက်ပါကဲ့သို့ မိန့်တော်မူခဲ့သည်။
"ရဟန်းတို့...အကိရိယဒိဌိသုံးမျိုးရှိသည်။ သုံးမျိုးဆိုသည်မှာ ချမ်းသာမှု၊ ဆင်းရဲမှုအားလုံးသည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာလျှင် ဖြစ်၏ဟူသော အယူ(ပုဗ္ဗေကတဟေတုဒိဌိ) တစ်ပါး။ ချမ်းသာမှု ဆင်းရဲမှုအားလုံးသည် လောကကို အစိုးရသော ဗြဟ္မာ(ထာဝရဘုရား) က ဖန်ဆင်းမှုကြောင့် ဖြစ်၏ဟု ယူဆသောအယူ (ဣဿရနိမ္မာနိကဒိဌိ) တစ်ပါး။ ချမ်းသာမှု ဆင်းရဲမှု အားလုံးသည် အကြောင်းရင်မရှိဘဲ အလိုအလျောက် ဖြစ်ပေါ်၏ဟု ယူသောအယူ (အဟေတုကဒိဌိ) တစ်ပါး။ဤသုံးပါးတို့ ဖြစ်ကြသည်။ဤအယူသုံးပါး မှန်ကန်သည်ဆိုပါက လူတို့အဖို့ ပြုဖွယ်ကိစ္စ တစ်စုံတစ်ရာရှိတော့မည်မဟုတ်။အလိုရှိအပ်သော ဆန္ဒ၊ စွမ်းအင်၊ လုံ့လဟူ၍လည်း ဖြစ်ပေါ်တော့မည် မဟုတ်။ သူတော်သူမြတ်သမဏတို့၏ အယူဝါဒသည်လည်း ဖြစ်ပေါ်လာတော့မည်မဟုတ်ချေ။" အပြည့်အစုံဖတ်ရန်

Friday, May 3, 2013
ဗုဒ္ဓဝင်အကျဉ်းချုပ်ကဗျာ
ငယ်ငယ်က ယဉ်ကျေးမှုသင်တန်းတက်တုန်းက ရွတ်ခဲ့ကြတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။မမှတ်မိတဲ့လူတွေလည်း ပြန်အမှတ်ရအောင် ဗုဒ္ဓကမ္ဘာမှာတွေ့လို့ ပြန်မျှဝေပေးလိုက်ပါတယ်။
ကြာသပတေးနေ့ ။ ။
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဋ္ဌာ၊
နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊
ရတုနဂို၊ ရွှန်းရွှန်းဆိုသည်၊
ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊
ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊
နတ်လူငြိမ်းဘို့ ကိန်းပါကို။
သောကြာနေ့ ။ ။
သန္ဓေယူကာ၊ ဆယ်လကြာသော်၊
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊
ချမ်းမြေ့စုံစီ၊ လုမ္ဓိနီ၌၊
မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊
နတ်လူအောင်ဖို့၊ လမ်းပါကို။
တနင်္လာနေ့ ။ ။
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊
သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊
ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊
လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ၊
ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊
ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊
စုံမြိုင်ပင်ရိပ် ခမ်းမှာကို။
ဗုဒ္ဓဟူးနေ့ ။ ။
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍ ခါတော်တပုံ၊ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊
မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊
မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမိုက်သင်းကို၊
အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊
ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊
သုံးဖော်လူတို့ ငြိမ်းပါကို။
စနေနေ့ ။ ။
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊
ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊
ဝါဆိုလပြည့်၊ စနေနေ့တွင်၊
ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊
မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊
တရားနတ်စည် ရွမ်းတယ်ကို။
အင်္ဂါနေ့ ။ ။
တရားနတ်စည်၊ ဆော်ရွမ်းလည်က၊
သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊
ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊
ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးကာ၊
ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊
စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊
သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊
ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊
ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊
ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊
ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။
တနင်္ဂနွေနေ့ ။ ။
နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊
ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊
ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊
ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊
လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊
မွေတော်ရှစ်စိတ်၊ ကြွင်းတယ်ကို။
ဆုတောင်း ။ ။
ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊
ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊
သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊
ကိုယ်တော်ဖျားကို၊ သုံးပါးမှန်စွာ၊ ၀န္ဒနာနှင့်၊
သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။
credit to buddhismworld.ning.com

Monday, April 22, 2013
LET's SAVE OUR BUDDHA's BIRTHPLACE
URBAN DEVELOPMENT - “NEW WORLD PEACE CITY” PLAN -
THREATENS THE BUDDHA’S BIRTHPLACE & ITS WORLD HERITAGE STATUS
- Lumbini is the Buddha’s birthplace - an archaeologically rich and sacred site located in southern Nepal. It is one of the four major pilgrimage sites of Buddhism (one of the world’s great religions), which the Buddha himself identified in the Mahaparinibbana Sutta.
- At such a significant site, devoted pilgrims have come to Lumbini over the centuries and continue to do so into the present time. Here they pay homage at the place where the Buddha was born - a place that now contains important archaeoligical evidence about the nature of Buddhist pilgrimage centers from the very earliest times.
- A Master Plan for the Development of Lumbini, which was prepared by the Japanese architect Kenzo Tange, emphasises the pilgrimage aspect of Lumbini. This was approved by the UN and the Government of Nepal in 1978. The plan includes a buffer zone of twenty two square miles to support the serenity and protection of Lumbini.
- In 1997 Lumbini was inscribed on UNESCO’s List of World Heritage Sites in recognition of its unique importance.
WHAT IS HAPPENING NOW ?
- On January 20, 2012 the Government of Nepal and the Government of the Republic of Korea signed a Memorandum of Understanding (MoU) for the preparation of the Lumbini World Peace City Preservation and Development plan. This new plan is to be designed within one and a half years by KWAAK E.S.P.R.I. and Korea International Cooperation Agency (KOICA).
- This World Peace City for 200,000 inhabitants will be built inside the Buffer Zone.
- This agreement has been signed without informing UNESCO’s World Heritage Centre.
WHAT ARE LIKELY CONSEQUENCES OF THE WORLD PEACE CITY BEING BUILT ?
- A Negative impact on the Outstanding Universal Value of the World Heritage site, particularly in terms of identity, authenticity, and integrity. Lumbini could most likely be placed on UNESCO’s danger list, threatening its World Heritage listing.
- Lumbini will be affected by increased air pollution, water pollution, and noise pollution.
- The loss of twenty two square miles of a restricted and agricultural buffer zone, with human encroachment and the impact of urbanization on the ecosystem.
- An increasing emphasis of the future development of Lumbini as a population centre - “World Peace City” - rather than as the Birthplace of the Buddha. Resources will be directed towards this urban development, and its ongoing infrastructure maintenance needs, neglecting the preservation of the sacred and historic qualities of Lumbini.
- We strongly urge the UN Secretary General Mr. Ban Ki-moon and the Government of Nepal to drop the Lumbini World Peace City plan and continue to support Kenzo Tange’s master plan. This Lumbini World Heritage Site must be preserved for future generations.
***We need 100,000 people signing to save the heritage of the Buddha's Birthplace.But we get only about 15,000 people now.
To sign,enter the link provided below.
http://www.change.org/petitions/un-secretary-general-ban-ki-moon-nepal-government-preserve-the-world-heritage-lumbini-the-buddha-s-birthplace
And then fill the required field, First Name; Last Name; Email; Why important?, etc and click Sign, the red button. အပြည့်အစုံဖတ်ရန်

Friday, March 29, 2013
ဗုဒ္ဓဘာသာဝင်တို့ အမြတ်တနိုးထားရမည့် ဂုဏ်တော်များ (သို့) ၉၆၉
အခုတစ်လော ရေပန်းစားနေတဲ့စကားလုံးကတော့ ၉၆၉ ဆိုတဲ့ ဂဏန်းသုံးလုံးပါ။ဒါကြောင့် ၉၆၉ အကြောင်းကို ဗုဒ္ဓဘာသာဝင်တွေ သိရှိစေဖို့ ရှာပြီးတင်ပေးလိုက်ပါတယ်။အထူးပြောချင်တာက ဒီပို့စ်ဟာ ၉၆၉ အကြောင်း ကောင်းတယ် ဆိုးတယ် ဝေဖန်ရန်မဟုတ်ဘဲ ၉၆၉ ဟု ပါးစပ်မှပြောသည့်အဆင့်မှ ဂုဏ်တော်များကို သိရှိပွားနိုင်စေရန်သာ ရည်ရွယ်ပါတယ်။
မူရင်းပို့စ်ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
ဗုဒ္ဓဘာသာ လူမျိုးတို့ရဲ့ ဆိုင်တွေ၊ အိမ်တွေ၊ ယာဉ်တွေ စတဲ့ နေရာတွေမှာ အမှတ်အသား တစ်ခုအနေနဲ့ရော ဘေးအန္တရာယ်ကင်းရှင်း စေဖို့ အတွက် ဆရာတော်ကြီးများ ကိုယ်တိုင် စီစဉ်ဆောင် ရွက်ထားတဲ့ အမှတ်တံဆိပ်လေးပါ ...။ နောက်ခံအနေနဲ့ ဗုဒ္ဓဘာသာ သာသနာ့အလံတော် ကို ထည့်သွင်းထားပါတယ်။
ပြီးတော့ (၂၄) ပစ္စည်း စက်ဝိုင်းကို လည်း ထည့်သွင်းထားပါတယ် ...။
အပေါ်မှာ ဘုရားဂုဏ်တော် (၉) ပါး၊ တရားဂုဏ်တော် (၆) ပါး နှင့် သံဃာ့ဂုဏ်တော် (၉) ပါး တို့ကို ကိုယ်စားပြုတဲ့ ၉၆၉ ဆိုတဲ့ ကိန်းဂဏန်းကိုလည်း ထည့်သွင်းပေးထားပါတယ် ...။
အလယ်မှာတော့ အာသောကမင်းကြီး ရဲ့ အမှတ်တံဆိပ်ကို ထည့်သွင်းပေးထားပါတယ် ....။
ဘုရားဂုဏ်တော် ကိုးပါး
၁။အရဟံ =ဗြဟ္မာ-နတ်-လူ ပူဇော်အပ်တဲ.၊ ဂုဏ်တော်မြတ်နဲ.ပြည်စုံပါသောမြတ်စွာဘုရား
၂။သမ္မာသဗ္ဗုဒ္ဓေါ =တရားအလုံးစုံ ဆရာမရှိ ကိုယ်တိုင်သိတဲ.
မြတ်စွာဘုရား
၃။ဝိဇ္ဇာစရဏသမ္ပန္နော =သုံးရှစ်ဝိဇ္ဇာ စရဏများ။ဆယ်.ငါးပါးနဲ.ပြည်.စုံပါသောမြတ်စွာဘုရား
၎။သုဂတော = ကောင်းတဲ.စကားကို မိန်.ဆိုတက်လို.။ နိဗ္ဗာန်မြတ်သို.ကြွသွားတော်မူသော မြတ်စွာဘုရား
၅။လောက၀ိဒူ = လောက သုံးပါးကို ခွဲခြားသိမြင်တော် မူသော မြတ်စွာဘုရား
၆။အနုတ္တရောပုရိသ =မယဉ်ကျေးသူ ယဉ်ကျေးအောင် ဆုံးမတွင် ဓမ္မသာရထိ အတုမရှိသောမြတ်စွာဘုရား
ရ။သတ္ထာဒေ၀ မနုဿာနံ =လူ-နတ်-ဗြဟ္မာ သတ္တ၀ါများရဲ. ဆရာတဆူဖြစ်တော် မူသောမြတ်စွာဘုရား
၈။ဗုဒ္ဓေါ =သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရား
၉။ဘဂ၀ါ = ဘုန်တော်ခြောက်စုံ ဂုဏ်တော်မြတ်နှင်.ပြည်.စုံတော် မူသောမြတ်စွာ ဘုရား
တရားဂုဏ်တော် ၆ ပါး
၁။သွာက္ခာတော ။ ဘုရားမြတ်စွာ ဟောညွန်ပြတဲ့ အမှန်မြတ်တဲ့ ဂုဏ်တော်
၂။သန္ဒိဋ္ဌိကော ။ကိုယ်တိုင်ကျင်.ရင် ကိုယ်တိုင်သိရတဲ. သန္ဒိဋ္ဌိကော ဂုဏ်တော်
၃။အကာလိကော ။ ချက်ချင်းအမြန် အကျိုးရလို့ အကာလိက ဂုဏ်တော်
၎။ဧဟိပဿိကော ။လာပါ ၊ကျင့်ပါ ဖိတ်ခေါ်အပ်တဲ့ အမှန်မြတ်တဲ့ ဂုဏ်တော်
၅။သြပနေယျိကော ။ ကိုယ်နဲ.စိတ်မှာ၊အမြဲဆောင်ကပ်လို့ အမှန်မြတ်တဲ့ ဂုဏ်တော်
၆။ပပစ္စတ္တံ ဝေဒိတဗ္ဗော ။အရိယဆို၊ ကိုယ်စီ သိလို့ ခံစားအပ်တဲ့ ဂုဏ်တော်
သံဃာဂုဏ်တော် ၉ ပါး
၁။သုပ္ပဋိပန္နော ။ ကောင်းမွန်မှန်စွာ ၊အကျင်.မြတ်ကျင်.ကျန်တက်တဲ. ဂုဏ်တော်
၂။ဥဇုပ္ပဋိန္နော ။ဖြောင်.မတ် မှန်စွာ၊ အကျင်.မြတ်ကို ကျင်.ကြံတက်တဲ. ဂုဏ်တော်
၃။ဥာယပ္ပဋိပန္နော။ နိဗ္ဗာန် ရောက်ရန် အကျင်.မြတ်ကို ကျင်.ကြံ တက်တဲ. ဂုဏ်တော်.
၎။သာမိစိပ္ပဋိပန္နော။ ရိုသေထိုက်အောင်၊အကျင်.မြတ်ကို ကျင်.ကြံ တတ်တဲ. ဂုဏ်တော်
၅။အာဟုနေယျော။အဝေးကယူလာ၊ပစ္စည်းများကို ခံယူထိုက်တဲ.
ဂုဏ်တော်
၆။ပါဟုနေယျော။ လက်ဆောင်အလို.ငုာ၊ပစ္စည်းများကို ခံယူထိုက်တဲ.ဂုဏ်တော်
ရ။ဒက္ခိဏေယျော။ နောင်အကျိုးကို မျှော်ကာပြုတဲ. ကောင်းမှူ. ကံထိုက်၊ ဂုဏ်တော်
၈။အဉ္စလိကရဏီယျော။လက်အုပ်ချီကာ ရှိခိုးအပ်ဖို. ကျင်.ကြံအပ်တဲ. ဂုဏ်တော်
၉။အနုတ္တရံ ပုညခေတ္တံ လောကဿ ။ကောင်း မှူ.စိုက်ရာ မြေယာကောင်းသို. နိုင်း ယှဉ်တူကြောင်း ဂုဏ်တော် အပြည့်အစုံဖတ်ရန်

Tuesday, March 19, 2013
ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော် နှင့် ရွှေထီးတော်
"အထွဋ်စိန်" ဟုခေါ်သည်၊ ရွှေတိဂုံစေတီတော်ရဲ့ အမြင့်ဆုံးနေရာပါ။ အရွယ်အစားကတော့ (၇၆) ကာရက်ရှိပါတယ်။ ရင်ပြင်တော်မှ အမြင့်ပေ (၃၂၆) ပေခန့်တွင်ရှိပါတယ်။

ပန်းလည်တိုင်တွင်ပတ်ကာ စိတ်ကူကောင်းကောင်းဖြင့် လှပသပ္ပယ်စွာ လှူတန်းထားသော "ရွှေစင်ရွှေသား လေးဆူမြတ်ဘုရား" များမှတစ်ခုပါ။အစောဆုံးစတင်လှူတန်းမှုမှာ (၁၉၃၁) ခုနှစ်ကဖြစ်တယ်။ ဘုရားလေးဆူပါ ပန်းလည်တိုင်ကာတစ်ခုလျှင် ရွှေစင် (၆) ကျပ်သားအလေးချိန်ရှိတယ်။ ကြာကလပ်တော် မှ စိန်ဖူးတော်အထိ အားလုံး (၄၅) ခုရှိပါတယ်။

၁၉၉၉ ခုနှစ် မတ်လ (၁) ရက်နေ့ ရွှေတိဂုံစေတီတော် ထီးတော်သစ် တင်လှူပွဲကာလအတွင်း ငှက်မြတ်နားတော်ရှိ ရုပ်ပွားတော်အား ရောင်တော်ဖွင့်အပြီး မတ်လ (၁၉) ရက်နေ့တွင် ရောင်ခြည်တော်ကွန့်မြူးစဉ်။

ငှက်မြတ်နားတော် အဖျားပိုင်းတွင် သံမဏိချုပ်တန်းသစ် (၂) ခု တတ်ဆင်ထားပြီး ဒဏ်ခံစပရိန်သံမဏိဆိုင်းကြိုး (၄) ကြိုးဖြင့် ဘေးတစ်ဖက်တစ်ချက်ဆီမှ ထိန်းချုပ်ထားသည်။ ငှက်မြတ်နားတော်နှင့် ခေါင်းလောင်းပဒေသာ ချောမွေ့စွာ လည်ပတ်နိုင်စေရန် Steel ball များ အသစ်လဲ၍ Hard crease အပြည့်ဖြည့်တင်းထားသည်။

ရွှေတိဂုံစေတီတော် ငှက်မြတ်နားတော် အနောက်ဖက်ရှိ ရွှေစင်ရွှေသား စေတီတော် ပုံစံငယ်ကို တွေ့ရစဉ်။

ထီးတော်၏ စုစုပေါင်း ရွှေအလေးချိန် - (၁၄၄.၈၉) ပိဿာ
ထီးတော်ပေါ်ရှိ ရတနာပစ္စည်းမျိုးစုံ - (၈၃၈၅၀) ခု - ရွှေ (၃၂၆) ပိဿာ
ထီးတော်ပေါ်ရှိ ရွှေညောင်ရွက် - (၁၈၀၅) ရွက် - အလေးချိန် (၁၃.၅၉) ပိဿာ
ထီးတော်ပေါ်ရှိ ရတနာရွှေကြုတ် - (၉) ခု - အလေးချိန် (၄.၅) ပိဿာ
ထီးတော်ပေါ်ရှိ ရွှေခေါင်းလောင်း - (၄၇၄) လုံး
ထီးတော်ပေါ်ရှိ ရွှေ၊ ငွေ၊ ကြေး စပ် ခေါင်းလောင်း - (၇၉၃) လုံး
ထီးတော်၏ သံမဏိအလေးချိန် ၊ ထီးခွေ နှင့် ထီးဒေါက်အပါအဝင် - (၄.၄၇) တန်
ထီးတော်၏ ကြေးအလေးချိန် - (၀.၈၃) တန်

ဒီနေရာကတော့ ရွှေငွေပေါင်းကူး ဆပ်သွားဖူးလို့ခေါ်ပါတယ်၊ အောက်ခံငွေသားပေါ်မှာ (၃၄) ဂိတ်ထူတဲ့ရွှေသားကိုအုပ်ပြီး ပူဇော်ထားပါတယ်။ ပုံမှာမြင်တဲ့အတိုင်းပဲ ရွှေဆည်းလည်း၊ ရွှေခေါင်းလောင်း၊
ရွှေကြေးစည်၊ ရွှေညောင်ရွက်များနဲ့ လက်ဝတ်ရတနာများ ချိပ်ဆွဲလှူတန်းထားရာ နေရာဖြစ်ပါတယ်။

ရွှေတိဂုံစေတီတော် ရွှေထီးတော်သစ်၏ ပဉ္စမ ၊ ဆဋ္ဌမ ၊ သတ္တမ ဘုံဆင့်များ။

"အားလုံးဖူးမြှော် ရွှေထီးတော် ပူဇော်ထူးမြတ် အနီးကပ်"
အသစ်တင်လှူမည့် ရွှေထီးတော်အား ရွှေချပူဇော်ခြင်း မပြုလုပ်မှီ ဖူးမြင်ရပုံ။

"တစ်ဘုံမှာ တစ်ဖုံဆန်း ထုံမွှန်းလျက်ပူဇော်ကာ မြန်မာ့ပန်းပညာ"
ယနေ့ တင်လှူပူဇော်ထားသော ရွှေထီးတော်သစ်။

ထီးတော်အသစ် အတွင်းပိုင်းတွင် ကိန်းဝတ်စံပယ်လျှက်ရှိသော ရတနာစီခြယ် ဗုဒ္ဓရုပ်ပွားတော်။

ထီးတော်အသစ်၏ နေရာအသီးသီးတွင် ရှုမကုန် အံ့မခန်း ပန်းထိမ်လက်ရာဆန်းများကို တွေ့မြင်နိုင်လေသည်။ အနုပညာရတနာသိုက်ကြီးဟု တင်စားလောက်အောင်ပင် စုံလင်လှပေသည်။ နဝရတ်ကိုးပါးစီခြယ်ထားသည့် ရတနာရွှေကျောင်းဆောင် ရတနာမျိုးစုံစီခြယ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်များကို ထီးတော်သစ်တွင် မြင်တွေ့ဖူးမြှော်နိုင်ပါသည်။

ထီးတော်သစ် ပဉ္စမဘုံ ၊ ဆဋ္ဌမဘုံ အတွင်းပိုင်းရှိ သံမဏိ Frame ပေါ်တွင် အများပြည်သူတို့ လှူတန်းထားသော ဆည်းလည်း ခေါင်းလောင်းများ ၊ လက်ဝတ်ရတနာများ ၊ ရုပ်ပွားတော်များအား တွေ့မြင်ရစဉ်။

ထီးတော်သစ် တည်ငြိမ်မှုရှိစေရန် ပထမဘုံဆင့်နှင့် ဖေါင်းရစ်တော်များကြား အားဖြည့်ထောက်ပံ့ထားသော သံမဏိဒေါက်တိုင်များ ပတ်လည်တွင် အများပြည်သူ လှူတန်းထား သည်များကို တွေ့ရစဉ်။ ဤနေရာတွင် ပြုပြင်ပြီးစီး၍ ရွှေသင်္ကန်း ကပ်လှူပူဇော်ထားသော ကြာကလပ်တော် ကိုလည်း တွေ့မြင်နိုင်သည်။

"သံသေခေါင်းလောင်း မရွှေ့ပြောင်း"
"ပြဒါးသေ တစ်ဆွေဝ ၊ သံသေ တစ်ပြည်ဝ" ဟု ရှေးက ဆိုရိုးရှိခဲ့လေသည်။
သာယာဝပြောသော နိမိတ်ကိုဆောင်သည့် သံသေခေါင်းလောင်းတို့ကို မပြောင်းမလဲ ရှိမြဲနေရာမှာပင် သိဒ္ဓိမပျက်စေရန် ပြန်လည်းထားရှိခဲ့သည်။

ဇွန်းလေးဘုံတွင် ကြည်လင်တောက်ပ ခိုင်မာလှဖို့ ပြင်ကြ ဆင်ကြ ကြိုးစားကြ ...
ဇွန်းလေးဘုံဟုခေါ်ပါတယ်။ပိန္နဲတိုင်အဆက် Muff Coupling ကို ငုံပြီးတန်ဆာဆင် ပူဇော်ထားပါတယ်။ ပြင်ပမှကြည့်လျှင်တော့ လုံးဝမမြင်ရပါဘူး။

၁၉၉၉ ခုနှစ် ရွှေတိဂုံစေတီတော် ထီးတော်သစ်တင်လှူပွဲမှ မှတ်တမ်းပုံများ ရှိပါတယ်။
မတ်လ(၂၂)ရက်နေမှ(၂၆)ရက်နေ့အထိညစဉ်(၇)နာရီတွင် ရွှေတိဂုံစေတီတော်အရှေ့ဘက်ခေတ္တရာကွင်းတွင်
တရားပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မတ်လ(၂၂)ရက်နေ့တွင် ဗဟန်းမြို့နယ်၊ ညောင်တုန်းကျောင်းတိုက်၊ လှရတနာကျောင်းမှ
သ.စ.အဓမ္မာစရိယဝဋံသကာပါဠိပါရဂူ ပထမကျော်အဂ္ဂမဟာအကျော် အဋ္ဌကထာပြန်အကျော်
ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)၊
မတ်လ(၂၃)ရက်နေ့တွင် နေပြည်တော်၊တပ်ကုန်း၊ငွေတောင်တောရမှ သာသနဓဇဓမ္မာစရိယ
ဘဒ္ဒန္တကောဏ္ဍည၊
မတ်လ(၂၄)ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ ကံသုံးဆင့်စာသင်တိုက်မှနိုင်ငံတော် သံဃမဟာနာယကအဖွဲ့
(တွဲဖက်အကျိုးတော်ဆောင်) အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တ ဂုဏိကာဘိဝံသ၊
မတ်လ(၂၅)ရက်နေ့တွင် ဒလမြို့နယ်၊ဇေယျဝတီကျောင်း မှဂန္ထဝါစကဓမ္မကထိကလယ်တီဘဒ္ဒန္တစန္ဒာဝရနှင့်
မတ်လ(၂၆)ရက်နေ့၊တပေါင်းလပြည့်နေ့တွင် မရမ်းကုန်းမြို့နယ်၊ကလေးဝတောရ ကျောင်းတိုက်မှ
ဒွိပိဋကဓရ၊ဒွိပိဋကကောဝိဒအဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာကမ္မဌာနစရိယလယ်တီဘဒ္ဒန္တဇာဂရာဘိဝံသ
(ကလေးဝတောရ ဆရာတော်)တို့ကတရားချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
တရားချစ်ခင်သူတော်စင်အပေါင်း တရားဓမ္မများ နာယူနိုင်ရန် နိုးစော်အပ်ပါသည်။
ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ (၂၆၀၁) ကြိမ်မြောက်ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အား ဤ post လေးဖြင့်
ပူဇော်ပါသည်။
လေးစားစွာဖြင့် .... မောင်မြင့်
Credit to http://satekuupuyar.blogspot.com

Monday, February 25, 2013
သြ၀ါဒပါတိမောက်
မြတ်စွာဘုရားရှင်သည် သူ၏ တပည့်သာဝက သံဃာ့အဖွဲ့အစည်းကြီး အဓွန့်ရှည်စွာ ကျစ်လစ်ခိုင်မာရေး၊ စည်းလုံးညီညွတ်ရေး၊ စိတ်နှလုံးအေးချမ်းသာယာစွာ တရားဓမ္မ ကျင့်သုံးနိုင်ရေး၊ သာသနာတော်မြတ်ကြီး အရှည်ခန့်၍ တည်တန့်ရေးအတွက် အာဏာပါတိမောက် ၀ိနည်းစည်းကမ်းချက်များကို ပညတ်တော်မူခဲ့ပါသည်။ ၀ိနည်းစည်းကမ်းများကို မပညတ်မီ ပထမဦးဆုံး ၀ါတော် (၂၀)အတွင်း၌ သြ၀ါဒပါတိမောက် ဒေသနာတော်ဖြင့်သာ လမ်းညွှန်ဆုံးမတော်မူပါသည်။
လက်ယာရံ လက်ဝဲရံ အဂ္ဂသာဝကကြီးများဖြစ်ကြသော အရှင်မဟာသာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးများ ဘုရားသာသနာတော်အတွင်းသို့ ၀င်ရောက်လာပြီး ရဟန္တာဖြစ်တော်မူ သည့်အချိန်တွင် သာဝကသန္နိပါတ အစည်းအဝေးကြီးတစ်ခု ကျင်းပတော်မူသည်။ ဘုရားရှင်၏ တပည့်သာဝက အားလုံးစုံညီ
တက်ရောက်သော အစည်းအဝေးဖြစ်သောကြောင့် သာဝကသန္နိပါတ အစည်းအဝေး ဟုခေါ်သည်။ ထိုအစည်းအဝေးကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်
ကျောင်းတိုက်ကြီးအတွင်း၌ ကျင်းပတော်မူသည်။
ထိုအစည်းအဝေးကြီး၌ မြတ်စွာဘုရားရှင်က -
အရှင်မဟာသာရိပုတ္တရာကို ပညာဉာဏ်ကြီးသည့်အရာတွင် အသာဆုံး အမြတ်ဆုံး လက်ျာရံ ဧတဒဂ်အရာကို ပေးသနားတော်မူသည်။
အရှင်မဟာမောဂ္ဂလာန်ကို တန်ခိုးကြီးသည့်အရာတွင် အသာဆုံးအမြတ်ဆုံး လက်ဝဲရံ ဧတဒဂ်အရာကို ပေးသနားတော်မူသည်။
ထိုအစည်းအဝေးကြီး၌ သြ၀ါဒပါတိမောက် ဒေသနာတော်ကို ဘုရားရှင်ကိုယ်တော်တိုင် ပြတော်မူသည်။
•••
သြ၀ါဒပါတိမောက် ပထမဂါထာ။
---------------------------------
ခန္တီ ပရမံ တပေါ တိတိက္ခာ ၊ နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇ္ဖိတော ပရူပဃာတီ ၊ န သမဏော ဟောတိ ပရံ ၀ိဟေဌယန္တော။
လွန်စွာ ချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း။
နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏။
သူတပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။
သူတပါးကို ညှဉ်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။
•••
သြ၀ါဒပါတိမောက် ဒုတိယဂါထာ။
----------------------------------
သဗ္ဗပါပဿ အကရဏံ ၊ ကုသလဿူပသမ္ပဒါ။
သစိတ္တ ပရိယောဒါပနံ ၊ ဧတံ ဗုဒ္ဓါန သာသနံ။
မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ။
ကောင်းမှုဟူသမျှကို ပြည့်စုံစေရာ၏။
မိမိစိတ်ကို သန့်ရှင်း ဖြူစင်စေရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။
•••
သြ၀ါဒပါတိမောက် တတိယဂါထာ။
-----------------------------------
အနုပ၀ါဒေါ အနုပဃာတော ၊ ပါတိမောက္ခေစ သံဝရော။
မတ္တညုတာစ ဘတ္တသ္မိံ ၊ ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ ၊ ဧတံ ဗုဒ္ဓါန သာသနံ။
သူတပါးကို မစွပ်စွဲ မပြစ်မှားရာ။
သူတပါးကို မညှဉ်းဆဲ မနှိပ်စက်ရာ။
မြတ်သောသီလ၌ စောင့်စည်း လုံခြုံရာ၏။
စားသုံးဖွယ်၌ ပမာဏကို သိရာ၏။
အစွန်အဖျား ကျောင်းအိပ်ရာ၌ နေရာ၏။
ထူးမြတ်သောစိတ်၌ လွန်စွာ အားထုတ်ရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။ အပြည့်အစုံဖတ်ရန်

တပို့တွဲလပြည့် - သြ၀ါဒပါတိမောက် အခါတော်နေ့
တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထားပါသည်။
တပို့တွဲလပြည့်နေ့၏ ထူးခြားချက်များမှာ …
- အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့၊
- အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန် ဧတဒဂ်ရသောနေ့၊
- အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့၊
- ဘုရားရှင်တိုင်း သြ၀ါဒပါတိမောက် ပြတော်မူသောနေ့ တို့ ဖြစ်ပါသည်။
ဘုရားရှင်တို့၏ အဆုံးအမ သြ၀ါဒါနှင့် ပညတ်တော်မူသော သိက္ခာပုဒ်များကို ပါတိမောက်ဟုခေါ်ပါသည်။
ပါတိမောက်တွင် -
• သြ၀ါဒပါတိမောက်နှင့်
• အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရှိသည်။
သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြခွင့်ရှိသည်၊ တပည့်သာဝကတို့ ပြခွင့်မရှိပါ။
ဘုရားတစ်ဆူနှင့်တစ်ဆူ သြ၀ါဒပေးပုံ ကွဲပြားခြားနားမှု မရှိ၊
ပြတော်မူသည့် အချိန်ကာလသာ ကွဲပြားသည်။
ဥပမာ ...
ဝိပဿီမြတ်စွာဘုရားသည် ၇-နှစ်လျှင်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို
ပြတော်မူသည်။ တစ်ကြိမ်ပြလျှင် သြ၀ါဒ ၇-နှစ် ကြာ တည်တံ့သည်။
သိခီနှင့် ဝေဿဘူမြတ်စွာဘုရားတို့သည် ၆-နှစ်လျှင်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။
တစ်ကြိမ်ပြလျှင် သြ၀ါဒ ၆-နှစ်ကြာ တည်တံ့သည်။
ကကုသန်နှင့် ကောဏာဂုမ်မြတ်စွာဘုရားတို့သည် ၁-နှစ်လျှင် တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။
တစ်ကြိမ်ပြလျှင် သြ၀ါဒ ၁-နှစ်ကြာ တည်တံ့သည်။
ကဿပမြတ်စွာဘုရားသည် ၆-လလျှင်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။
တစ်ကြိမ်ပြလျှင် သြ၀ါဒ ၆-လကြာတည်တံ့သည်။
သက်တမ်းရှည်သော ဘုရားတို့မှာ သြ၀ါဒပါတိမောက်ကို သာသနာခေတ်ဆုံးတိုင် ပြတော်မူကြသည်။
သက်တမ်းတိုသော ဘုရားရှင်တို့မှာ ပထမဗောဓိ ခေါ်သော ၀ါတော် ၂၀ အတွင်း၌သာ သြ၀ါဒ ပါတိမောက်ကို ပြတော်မူလေ့ရှိပါသည်။ သိက္ခာပုဒ်တော် ပညတ်ချိန်မှစ၍ သြ၀ါဒ ပါတိမောက်ကို ပြတော်မမူဘဲ အာဏာပါတိမောက်ကိုသာ ပြစေတော်မူပါသည်။
ဘုရားရှင်တို့သည် သြ၀ါဒပါတိမောက်ကို ...
- တပို့တွဲလပြည့်နေ့ ကြုံကြိုက်ခြင်း၊
- ဧဟိဘိက္ခုရဟန်းချည်းသာဖြစ်ခြင်း၊
- ဆဠာဘိည ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာချည်းဖြစ်ခြင်း၊
- မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း ...
ဤ အင်္ဂါ လေးချက်နှင့် ပြည့်စုံမှ ပြမြဲ ဖြစ်ပါသည်။
ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော -
ကဿပညီနောင် ရှင်တစ်ထောင်၊
အရှင်သာရိပုတ္တရာ၊
အရှင်မဟာမောဂ္ဂလန်နှင့် တပည့် ၂၅၀၊
စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား . .
ဂါထာသုံးပုဒ်ဖြင့် သြ၀ါဒပါတိမောက်ကို ပြတော်မူပါသည်။
သြ၀ါဒပါတိမောက်ဂါထာသည် သီလ, သမာဓိ, ပညာကို ဟောကြားထား၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ခေါ်ပါသည်။ သြ၀ါဒပါတိမောက်ဂါထာအတိုင်း လိုက်နာကျင့်ကြံပါက ကိုယ်, နှုတ်, စိတ် ယဉ်ကျေးလိမ္မာပြီး အို, နာ, သေ လွတ်ရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည်
ဖြစ်ပါသည်။
Credit to 3 Treasures:Buddha,Dhamma & Sangha

Wednesday, January 30, 2013
သူရဿတီနတ်သမီးအကြောင်း
သူရဿတီနတ်သမီးကိုးကွယ်မှု၊ သူရဿတီဂါထာရွတ်ဆိုမှု၊ သူရဿတီသည် ပိဋကတ်သုံးပုံကို စောင့်သည်ဟူသော ယုံကြည်မှု၊ ယင်းတို့ကို အစဉ်အလာအရ လက်ခံဆောင်ရွက်နေကြခြင်းမှာ ထေရဝါဒ ပိဋကတ်တော်များနှင့် လျော်ညီခြင်းမရှိပါ။ ပိဋကတ်သုံးပုံကို သူရဿတီနတ်သမီး စောင့်သည်မှာလည်း လုံးဝမမှန်ပါ။ ထေရဝါဒပိဋကတ်တော်နှင့် သူရဿတီနတ်သမီးသည် ဘာမျှ မပတ်သက်ပါ။ သို့စင် လျက် ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ် ထွန်းလင်းတောက်ပရာ မြန်မာ့ရေမြေတောတောင်တွင် သူရဿတီကိုးကွယ်မှု၊ သူရဿတီဂါထာ ရွတ်ဆိုမှုများကို ကိုယ်တိုင်ပြုခြင်း၊ သူတစ်ပါးအား ပြုမှုစေရန် ဖြားယောင်းသွေးဆောင်လျက် ဟောပြောခြင်း၊ ရေးသားခြင်းများ ရှိနေဆဲဖြစ်သည်မှာ အံ့ဩဖွယ်ရာလည်းဖြစ်၊ ဝမ်းနည်းဖွယ်ရာလည်း ဖြစ်ပါ၏ ။
သူရဿတီနတ်သမီးပုံတော်ကို ရေးစား၊ ရိုက်စား၊ ရောင်းစားခြင်းဖြင့် စီးပွါးရှာနေကြသူများသည်လည်း မိမိတို့၏ စီးပွါးရှာမှုသည် သာသနာတော်ကို ပြုရာရောက်သလော၊ ဖျက်ရာရောက်သလောဟု ဆန်းစစ်သင့်ကြပေပြီ။ လွဲမှားသော ကိုးကွယ်ရာဖြစ်သည့် "သူရဿတီနတ်သမီး ကိုးကွယ်မှု" ကို မြန်မာ့ရေမြေတောတောင်တွင် လုံးဝချုပ်ငြိမ်းပပျောက်စေရန် ဗုဒ္ဓဘာသာဝင်တိုင်းတွင် တာဝန်ရှိပါသည်။ သူရဿတီနတ်သမီးနှင့် ပတ်သက်၍ ဘဒ္ဒန္တ တိလောကသာရ ဆရာတော်ဘုရား (ရဝေထွန်း) က အောက်ပါအတိုင်း ရှင်းလင်းပြတ်သားစွာ ဟောကြားတော်မှုချက်ကို အလေးအနက် ဂရုဓမ္မပြုအပ်လှပါ၏။
"သူရဿတီဟူသည်မှာ အိန္ဒိယမြောက်ပိုင်း၊ ပန်ဂျပ်ပြည်နယ်အတွင်းရှိ မြစ်တစ်ခု၏ နာမည်ဖြစ်သည်။ ထိုမြစ်ကို ရှေးဟိန္ဒူအာရိယန်များ အထွတ်အမြတ်ထားရာမှ မြစ်ကို နတ်တစ်ပါးအနေဖြင့် ကိုးကွယ်လာကြကြောင်း၊ က္ကတ္တိလိင် (သဒ္ဒါ)၊ မြစ်နဒီမှ နတ်သမီးဖြစ်လာကာ သူရဿတီမြစ်သည် သူရဿတီနတ်သမီး မဟုတ်တော့ဘဲ ဗြဟ္မာကြီး၏ဇနီး နတ်ဘုရားမတစ်ပါးဖြစ်လာပြီး ဝါစာ=စကားကို အစိုးရသည်၊ ကဗျာ၊ လင်္ကာ၊ စာပေ၊ ပညာတို့ကို ပေးစွမ်းနိုင်သည်ဟု ယူဆလာကြလျက် ယင်းတို့အတွက် ဗြဟ္မာဏဝါဒီတို့က ပိုမိုကိုးကွယ်လာခဲ့ကြောင်းဖြင့် မှတ်သားရပါသည်။
ထို့ကြောင့် သူရဿတီမှာ ဗုဒ္ဓဘာသာနှင့် လုံးဝမသက်ဆိုင်၊ ဗြဟ္မာဏဝါဒီတို့ဆိုင်ရာ နတ်သာ ဖြစ်သည်။ ဗြဟ္မာဏတို့၏ တန္တရ၊ မန္တရတို့ကိုလက်ခံသော မဟာယာနဗုဒ္ဓဘာသာတို့ကလည်း သူရဿတီကို လက်ခံခဲ့သဖြင့် မြောက်ပိုင်းဗုဒ္ဓဘာသာတွင် အတန်ကြာကပင် သူရဿတီကိုးကွယ်မှု ရှိလာသည်။ နီပေါပြည်တွင် ယခုအထိ ဟိန္ဒူဘာသာဝင်များနှင့်အတူ မဟာယာနဗုဒ္ဓဘာသာဝင်များလည်း သူရဿတီကို ကိုးကွယ်မှုပြုခဲ့ကြောင်း သိရသည်။
မြန်မာဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ပိဋကတ်သုံးပုံစောင့်မယ်တော်ကြီးဟု ဖြစ်လာရသည်မှာ ဤသို့ဖြစ်ပါသည်။ သက္ကတ အလင်္ကာကျမ်းကို အမှီပြု၍ သီဟို၌ကျွန်း၊ အရှင်မဟာသံဃရက္ခိမထေရ်သည် သုဗောဓာ (ပါဠိအလင်္ကာ) ကျမ်းကို စီရင်ရာတွင် သက္ကတအလင်္ကာကျမ်းက ဝါဏီ-ဗေဒင်သုံးပုံစောင့် သူရဿတီနတ်သမီးကို ရှိခိုးပဏာမပြုသကဲ့သို့ "သရဏံ ပါဏိနံ ဝါဏီ မယှံပိဏယတံမနံ" ဟုဘုရားစကားတော် ပိဋကတ်တော်တည်းဟူသော သူရဿတီနတ်သမီးသည် အကျွန်ုပ်၏ စိတ်နှလုံးကို နှစ်သိမ့်ပါစေဟု တင်စားသုံးလိုက်သည်။ ထိုစကားအမြွက်ဖြင့်ပင် သူရဿတီသည် ထေရဝါဒဗုဒ္ဓဘာသာနယ်ပယ်သို့ ရောက်လာပြီးလျှင် ပိဋကတ်သုံးပုံကို စောင့်ကြပ်သော သူရဿတီမယ်တော်ဟူ၍ ဖြစ်လာရတော့သည်။ အမှန်အားဖြင့် ပိဋကတ်သုံးပုံကို မည်သည့်နတ်သား၊ နတ်သမီး၊ နတ်ဗြဟ္မာများမှ မစောင့်။ ပိဋကတ်အာဇာနည် ဗုဒ္ဓသားကျော် ရဟန်းတော်၊ သံဃာတော်များသာ စောင့်ကြပ်နေပါသည်။ ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် သူရဿတီဂါထာတို့ကိုလည်း ရွတ်ဆိုနေရန်မလို။ သူရဿတီဂါသာအစစ်ဟူ၍လည်း ဗုဒ္ဓစာပေ၌ မရှိ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာ မရှိပါ။"
......................................................
the eXistence မှ မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ် (စာမျက်နှာ- ၂၅၈) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
credit to Buddhism Beams(myanmar)

Friday, January 25, 2013
ဒေါက်တာဝါပိုလာရာဟုလာအရှင်သူမြတ်ရဲ့ မြတ်ဗုဒ္ဓဒေသနာစာအုပ်
ဒေါက်တာဝါပိုလာရာဟုလာအရှင်သူမြတ်ရဲ့ မြတ်ဗုဒ္ဓဒေသနာစာအုပ် ဒီမှာဒေါင်းပါ
အပြည့်အစုံဖတ်ရန်
Friday, December 28, 2012
ဥုံဆိုတာ ဘာလဲ
ကျွန်တော်တို့ ဂါထာတွေရွတ်တဲ့အခါ အရှေ့ကဥုံခံပြီး ရွတ်ကြတာ တွေ့ဖူးကြမယ်ထင်ပါတယ်။တစ်ချို့ဆို ဥုံမပါ ဂါထာမဖြစ်ဆိုပြီးတောင် ပြောဆိုနေကြတာ ကြားဖူးပါတယ်။အဲဒီ့ "ဥုံ" ဆိုတာ ဘာလဲ။သူ့ရဲ့အဓိပ္ပါယ်ကကော ဘာလဲ။
ဥုံဆိုတာ ဘာလဲ။
တကယ်တော့ ဥုံ ဆိုတဲ့စကားလုံးဟာ ကျွန်တော်တို့ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ဥုံ ခံထားတဲ့ဂါထာတွေဟာလည်း ဗြဟ္မဏဝါဒလောင်းရိပ်မကင်းတဲ့ အပယ်ခံဗုဒ္ဓဘာသာဝင်တစ်ချို့ရဲ့ လောကီအစီအရင်ဆိုင်ရာ ဂါထာမန္တန်တွေဖြစ်ပါတယ်။ဥုံ ဆိုတာဟာ ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာတွေနဲ့ လားလားမှမသက်ဆိုင်ဘဲ ဟိန္ဒူဗြဟ္မဏဘာသာဝင်တို့ရဲ့ ဝေဒလေးပုံက ထွက်လာတဲ့ အက္ခရာစကားလုံးသက်သက်သာ ဖြစ်ပါတယ်။ဟိန္ဒူဗြဟ္မဏဘာသာဝင်တွေအတွက်ကတော့ ဥုံဟာ တကယ့်ကို အလေးအမြတ်ထားရာ အထွတ်အထိပ် အက္ခရာတစ်ခုပါပဲ။
တစ်ချို့သော စာစောင်တွေမှာ ဥုံ ဆိုတာ ကမ္ဘာဦးနတ်မင်းကြီးသုံးပါးကို ရှိခိုးတဲ့အက္ခရာဖြစ်ကြောင်း၊ဒါကြောင့် အလွန်မြင့်မြတ်တဲ့ အကျိုးထူးကို ခံစားရရှိနိုင်ကြောင်း၊ အမွှမ်းတင် ဖော်ပြထားတာ ဖတ်ရပါတယ်။အဲဒီ့နတ်မင်းကြီးသုံးပါးကတော့ မဟာဗြဟ္မာ၊ဗိဿနိုးနဲ့ ပရမေသွာ တို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓမြတ်စွာရဲ့တရားတော်အရဆိုရင် လောကမှာ အဲဒီ့နတ်မင်းကြီးသုံးပါးဆိုတာ မရှိတဲ့အပြင် ဒီအယူအဆကို လုံးဝပစ်ပယ်သင့်ကြောင်း အကြိမ်ကြိမ် ဟောကြားခဲ့ဖူးပါတယ်။
ဘာကြောင့် ဒီအယူအဆကို ပစ်ပယ်သင့်ရတာလဲ။
ဘာသာအယူဝါဒတော်တော်များများမှာ ရတနာမြတ်သုံးပါး အယူအဆတွေ ရှိကြပါတယ်။ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာဆိုရင် ဘုရား၊တရား၊သံဃာ ဆိုတဲ့ ရတနာမြတ်သုံးပါးပေါ့ဗျာ။ဟိန္ဒူဘာသာမှာဆိုရင် ခုနက နတ်မင်းကြီးသုံးပါးဟာ သူတို့ရဲ့ ရတနာမြတ်သုံးပါးပါ။ခရစ်ယာန်ဘာသာမှာဆိုရင် အဖဘုရားသခင်၊သားတော်သခင်ယေရှု နဲ့ သန့်ရှင်းတဲ့ဝိညာဉ်တော်တို့ဟာ ခရစ်ယာန်တွေရဲ့ ရတနာမြတ်သုံးပါးပဲ ဖြစ်ပါတယ်။
ရတနာမြတ်သုံးပါးချင်း တူပေမယ့် ဗုဒ္ဓဘာသာနဲ့ ကျန်တဲ့ဘာသာတွေရဲ့ အယူအဆကတော့ လုံးလုံးလျားလျား ကွဲပြားတာကိုတွေ့ရပါတယ်။ဟိန္ဒူဗြဟ္မဏဝါဒီတွေက မဟာဗြဟ္မာ၊ဗိဿနိုး၊သီဝ(ပရမေသွာ)တို့ သုံးပါးပေါင်းမှ အတ္တ (ဝါ)အတမန် လို့ခေါ်တဲ့ တစ်ဆူတည်းသော ထာဝရဘုရားလို့ ယုံကြည်ကြပါတယ်။ဟိန္ဒူဗြဟ္မဏဝါဒဟာ လောကမှာ ကိုယ့်ကိုယ်ကို အစဉ်အစိုးရပြီး ဘယ်တော့မှ မဖောက်မပြန် ထာဝရတည်မြဲနေတဲ့ အမာခံ အနှစ်သာရ (အတ္တ) ရှိတယ်လို့ယူဆတဲ့ အတ္တဝါဒ၊တစ်နည်းထပ်ပြောရရင် အဲဒီအတ္တကပဲ လောကကို ဖန်ဆင်းတဲ့ ထာဝရ ဘုရားသခင်ဖြစ်တယ်လို့ယုံကြည်တဲ့ ဣဿရဝါဒပဲဖြစ်ပါတယ်။
ဗုဒ္ဓဝါဒကတော့ လောကမှာ ကိုယ့်ကိုယ်ကို အစဉ်အစိုးရနေပြီးဘယ်တော့မှ မဖောက်မပြန် ထာဝရတည်မြဲနေတဲ့ အမာခံ အနှစ်သာရ(အတ္တ)ဆိုတာ မရှိဘူးလို့ အတ္တကို ငြင်းပယ်တဲ့ အနတ္တဝါဒပဲဖြစ်ပါတယ်။ဒါကြောင့် အတ္တဆိုတာ မရှိလို့ အနိဿရဝါဒ လို့ ဆိုနိုင်ပါတယ်။
ဥုံ ရဲ့အဓိပ္ပါယ်
ဟိန္ဒူဗြဟ္မဏတွေရဲ့ အယူအဆအရ လောကရဲ့ဖန်ဆင်းရှင်ဟာ ရဂျစ်(ရာဇဂုဏ်)၊ဆက်တွ(သတွဂုဏ်)၊တမတ်ခ်(တမဂုဏ်) ဆိုတဲ့ ဂုဏ်သတ္တိသုံးပါးနဲ့ ပြည့်စုံတဲ့ အတ္တကြီးပဲဖြစ်ပါတယ်။တစ်နည်းပြောရရင် ဖန်ဆင်းခြင်း၊ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ဖျက်ဆီးခြင်းဆိုတဲ့ အစွမ်းသတ္တိတွေနဲ့ ပြည့်စုံပြီး အစဉ်မဖောက်မပြန်တည်မြဲနေတဲ့ ထာဝရဘုရားသခင်ပဲဖြစ်ပါတယ်။အဲဒီဂုဏ်သတ္တိသုံးပါးထဲက တစ်ပါးစီဟာ အခုနက နတ်မင်းကြီးသုံးပါးကို ကိုယ်စားပြုပါတယ်။မဟာဗြဟ္မာက ရဇဂုဏ်ကို ကိုယ်စားပြုပြီး လောကကို ဖန်ဆင်းတယ်။ဗိဿနိုးက သတွဂုဏ်ကို ကိုယ်စားပြုပြီး လောကကို ထိန်းသိမ်းစောင့်ရှောက်တယ်။ပရမေသွာလို့ခေါ်တဲ့ သီဝကတော့ တမဂုဏ်ကို ကိုယ်စားပြုပြီး လောကကို ဖျက်ဆီးဖို့ တာဝန်ယူတယ်။နတ်မင်းကြီးသုံးပါးရယ်လို့ ကွဲပြားနေပေမယ့် တကယ်တော့ ဖန်ဆင်းရှင် ထာဝရဘုရားလို့ခေါ်ဆိုနိုင်တဲ့ မဟာအတ္တကြီးရဲ့ ဂုဏ်အင်္ဂါသုံးရပ်သာဖြစ်ပါတယ်။အဲဒီ မဟာအတ္တကြီးကိုပဲ ပရမအတ္တလို့ခေါ်ပါတယ်။မဟာအတ္တကြီးရဲ့ ဂုဏ်တော်သုံးပါးစလုံးကို တစ်ချိန်တည်းမှာ ရွတ်ဖတ်သရဇ္ဈယ် ပွားများပူဇော်မယ်ဆိုရင်တော့ အ-ဥ-မ ဆိုတဲ့ အက္ခရာသုံးလုံးထဲနဲ့ ပြီးပြည့်စုံနိုင်တယ်ဆိုပြီးတော့ ဟိန္ဒူတို့ရဲ့ ဥပနိသျှဒ်ကျမ်း တွေမှာ ဆိုထားပါတယ်။
အ-ဆိုတာ ဂုဏ်အင်္ဂါအားဖြင့် ရဇဂုဏ်၊အသွင်သဏ္ဍန်အားဖြင့် မဟာဗြဟ္မာကြီးရဲ့ အထိမ်းအမှတ်၊ဥ-ဆိုတာ ဂုဏ်အင်္ဂါအားဖြင့် သတွဂုဏ်၊အသွင်သဏ္ဍန်အားဖြင့် ဗိဿနိုးနတ်မင်းကြီးရဲ့ အထိမ်းအမှတ်၊မ-ဆိုတာ ဂုဏ်အင်္ဂါအားဖြင့် တမဂုဏ်၊အသွင်သဏ္ဍန်အားဖြင့် သီဝနတ်မင်းကြီးရဲ့ အထိမ်းအမှတ်ပဲ ဖြစ်ပါတယ်။ဥုံဆိုတာဟာ အ-ဥ-မ ကို တစ်ဆက်တစ်စပ်တည်း အသံထွက်ပြီး ဂုဏ်တော်သုံးပါးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရားသခင်(ခေါ်)မဟာအတ္တကြီးကို ရှိခိုးပူဇော်ပါသည်လို့ အဓိပ္ပါယ်ရပါတယ်။ဟိန္ဒူဗြဟ္မဏဝါဒီတွေအတွက်ကတော့ ဥုံကို ရွတ်ဖတ်ခြင်းဟာ ထာဝရဘုရားသခင်ဆီ သွားရာလမ်းလို့ဆိုရမှာဖြစ်ပါတယ်။
အနတ္တလက္ခဏသုတ်တော်ကို ဟောပြီးလောကမှာ အစဉ်မဖောက်မပြန်ဘဲ မိမိကိုယ်ကို အစိုးရနေတဲ့ အတ္တဆိုတာ မရှိပါဘူးလို့ မြွက်ကြားခဲ့တဲ့ ဗုဒ္ဓဒေသနာနဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ဥုံဆိုတာဟာ တစ်ကယ်တော့ အတ္တကို အာရုံပြု လက်ခံယုံကြည်သူတွေ ရွတ်ဆိုရမယ့် အက္ခရာပဲ ဖြစ်ပါတယ်။ဒါကြောင့် ဗုဒ္ဓဟောကြားခဲ့တဲ့ ဘယ်ဂါထာတော်မဆို ဥုံကို ထည့်ပြီး မရွတ်ဖတ်သင့်ပါဘူး။အရှေ့နဲ့ အနောက်လို ဆန့်ကျင်နေတဲ့ အယူအဆနှစ်ခုကို ပေါင်းစပ်လက်ခံပြီး ရွတ်ဖတ်မယ်ဆိုရင် အဓိပ္ပါယ်လည်း ရှိတော့မှာမဟုတ်ပါဘူး။
ဝင်းသိန်းဦး၏ ရှေးဘဝ နောက်ဘဝ ဗုဒ္ဓမဝေဖန်နှင့် ဓမ္မစာစုများ စာအုပ်မှ အပြည့်အစုံဖတ်ရန်

Saturday, October 13, 2012
ဘိုးဘိုးအောင်ကိုးကွယ်ခြင်းနဲ့ပတ်သတ်၍(ဆန်နီနေမင်း)
ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် ကိုးကွယ်ခြင်းနဲ့ပတ်သတ်၍ ပို့စ်တွင် သိချင်တာများ ဆက်လက်မေးလာတာကို အားလုံးသိရအောင် ထပ်မံဖြေရှင်းပေးလိုက်ပါတယ်။
မေး။ ။ တပည့်တော် အမေက အဲဒါတွေကို ဘုရားစင်ပေါ်တင်ထားပါတယ်ဘုရား။ တပည့်တော်က ဘုရားရှိခိုးတဲ့အခါ သူတို့က ဘုရားစင်ပေါ်ရောက်နေတယ်ဆိုတော့ သူတို့ကိုပါ ရှိခိုးသလို ပုံစံပေါက်နေပါတယ် ဦးဇင်းဘုရား။ တပည့်တော်စိတ်ထဲမှာတော့ အဲလို ရှိခိုးချင်စိတ် အရှင်းမရှိပဲ မြတ်စွာဘုရားနဲ့ တရားတော် သံဃာတော် ရတနာသုံးပါးကိုသာ ဦးထိပ်ထား ရှိခိုးတာပူဇော်တာပါဘုရား။ ထို့ ကြောင့် အဲလို သူတို့ကို ဘုရားစင်ပေါ်တင်ထားတာဟာ အပြစ်ဖြစ်စေပါသလား။
နောက်တစ်ခါ တပည့်တော်က ပဌာန်းကျမ်း (ကျမ်းစာအုပ် ၅အုပ်) ကို ရွတ်ဖတ်ပူဇော်ပါတယ် ဦးဇင်း။ တပည့်တော်က ရွတ်ဖတ်ပူဇော်ပြီးတဲ့အခါ စာအုပ်ကို ဘုရားစင်ပေါ်တင်ထားခဲ့ပါတယ်။ ဘုရားစင်ပေါ်မှာ ခုနကပြောသလို ဘိုးဘိုးအောင်တို့ ဘာညာသာတကာတွေက ရှိနေတော့ တပည့်တော် ပဌာန်းကျမ်းစာအုပ်များနဲ့ တန်းတူဖြစ်နေခြင်းဟာလည်း မသင့်တော်ဟု တပည့်တော်ယူဆပါသည်။ ထို့ ကြောင့် မည်သို့ ပြုလုပ်သင့်သည်ကို စေတနာရှေ့ထား ရှင်းပြပေးတော်မူပါ ဦးဇင်းဘုရား။
ဖြေ။ ။ ဘယ်ရာမဆို သူ့အဆင့်တန်းနဲ့သူ၊ သူ့နေရာသူ နေရာထားပေးကြတာ လက်တွေ့မျက်မှောက်လောကမှာလည်း တွေ့မြင်ကြမယ် ထင်ပါတယ်။ အဆင့်တန်းကြီးတဲ့သူကို အဆင့်တန်းငယ်တဲ့နေရာမှာ မထားသလို အဆင့်တန်းငယ်တဲ့လူကလည်း အဆင့်တန်းကြီးတဲ့သူရဲ့နေရာကို မထိုင်ရဲကြပါဘူး။
အဲဒီလိုပဲ လောကမှာအမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးနဲ့မည်သည့်ပုဂ္ဂိုလ်၊ အရာပစ္စည်းမဆို မထားသင့်ဘူးဆိုတာ သဘောပေါက်နားလည်သင့်ပါတယ်။ မြတ်ဗုဒ္ဓသီတင်းသုံးတဲ့ ဘုရားခန်းမှာ၊ တရားစာအုပ်၊ သံဃာတော်များဓာတ်ပုံ ဒါတွေကတော့ ရတနာသုံးပါးဝင်တွေမို့ အတူတကွ ထားလို့ရပါတယ်။
ကျန်တဲ့ပုဂ္ဂိုလ်များကိုတော့ အတူတကွ မထားသင့်ပါ။ မိမိတို့က ယုံကြည်မှုရှိလို့ ကိုးကွယ်ချင်တယ်၊ ပူဇော်ချင်တယ်ဆိုရင်တော့ တခြားတစ်နေရာမှာ ထားစေချင်ပါတယ်။ မည်လောက်ပင် အစွမ်းတွေရှိနေပါစေ ရတနာသုံးပါးထက်တော့ မသာလွန်နိုင်ဘူးဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဆို သိနားလည်လိမ့်မယ် ထင်ပါတယ်။
မိမိတို့က ရတနာသုံးပါးနဲ့အတူတကွထားမယ်၊ ယုံကြည်ကိုးကွယ်နေမယ်ဆိုရင် ဦးဇင်းရှင်းပြခဲ့တဲ့ ကျမ်းဂန်များအလို အရ ထေရ၀ါဒဗုဒ္ဓဘာသာ ဖြစ်ပါဦးမလားဆိုတာ စဉ်းစားကြည့်ကြပေါ့လေ။
ဦးဇင်းအနေနဲ့ကတော့ မည်သူ့ကိုမျှ မကိုးကွယ်နဲ့၊ မယုံကြည်နဲ့လို့ မပြောလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့ရဲ့ မြတ်ဗုဒ္ဓကိုယ်တိုင်က အဲဒီလို မပြောဆိုခဲ့သလို ၀ိဘဇ္ဇ၀ါဒ-ကိုယ်တိုင် ခွဲခြားဝေဖန် လေ့လာစဉ်းစားပြီးမှ ကိုးကွယ်ယုံကြည်ပါလို့ မိန့်တော်မူခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ပိုမိုပြုလုပ်ရမဲ့အရာနဲ့ သဘောလောက်လုပ်ရမဲ့အရာ (အဓိကနဲ့သာမည)ကိုတော့ ခွဲခြားသိစေချင်လို့ ခုလို ပြောဆိုရေးသားပေးနေတာပါ။ ဦးဇင်းသဘောအရတော့ ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်ဖို့နဲ့ ရတနာသုံးပါးရဲ့ အဆုံးမတွေကို လိုက်နာကျင့်သုံးဖို့တောင် အကုန်မလုပ်နိုင်သေးသလို လိုက်နာကျင့်သုံးဖို့ အချိန်မလောက်၊ ပြည့်စုံအောင် မလုပ်နိုင်သေးတာကြောင့် ကျန်တဲ့အရာများ ကိုးကွယ်ဖို့၊ လိုက်နာကျင့်သုံးဖို့ဆိုတာ အချိန်မပေးနိုင်ပါ။
ဒါကြောင့် သဗ္ဗေသတ္တာ ကမ္မသကာ၊ အတ္တာဟိ အတ္တနော နာထောဆိုတာလို မိမိကံကို မိမိတို့ပြုလုပ်တဲ့အတိုင်း ခံစားရမှာဖြစ်သလို မိမိကိုယ့်ကို ကိုးကွယ်ရာမို့ မိမိကိုယ်တိုင်က အဓိကနဲ့သာမညမှာ ဘယ်ဟာကို ဦးစားပေး လုပ်ဆောင်သင့်သလဲ၊ ဘယ်ဟာနဲ့ မိမိဘ၀ အချိန်တွေကို ကုန်လွန်စေမလဲဆိုတာ စဉ်းစားကြပေါ့လေ။
မူရင်းပို့စ်

Wednesday, September 26, 2012
ဗုဒ္ဓဘာသာခေါင်းဆောင်းထားသော အရှင်ဒေဝဒတ်၏တပည့်များ(စာအုပ်)
မေတ္တာရှင်(ရွှေပြည်သာ)ရဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်းထားသော အရှင်ဒေဝဒတ်၏တပည့်များ ဆိုတဲ့စာအုပ်ပါ။
ဒီမှာ ဒေါင်းပါ။ အပြည့်အစုံဖတ်ရန်
ဒီမှာ ဒေါင်းပါ။ အပြည့်အစုံဖတ်ရန်
ငရဲပြည်၌ ဒုက္ခခံရပုံ
ငရဲဘုံ၌ ဖြစ်ရသောသတ္တဝါတို့၏ ကိုယ်ထည်သည် သုံးဂါဝုတ်ပမာဏရှိ၏။မြန်မာတိုင်အားဖြင့် ၄တိုင်နှင့်တာ ၈၀၀ ရှိ၏။ ငရဲထိန်းတို့သည် ထိုမျှခန္တာကိုယ်ကြီးမားသော ငရဲသားကို အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပေါ်၌ ပက်လက်အိပ်စေ၏။ထို့နောက် ညာဘက် လက်ဖဝါး၌ ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံတစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။ဘယ်ဘက်လက်ဝါး၌လည်း နည်းတူပင် ရိုက်နှက် သွင်းကုန်၏။ညာဘက်ခြေ၊ ဘယ်ဘက်ခြေ၊ ခါး၊ လက်တို့၌လည်း နည်းတူပင် ရိုက်နှက်သွင်းကုန်၏။
ထို့အတူ မှေက်လျက် အိပ်စေ၍ လည်းကောင်း၊စောင်းလျက် အိပ်စေ၍လည်းကောင်း၊ ငါးပါးသော ဌာနတို့၌ သံတစို့ကြီးများကို ရိုက်နှက်၍ ညှင်းဆဲ နှိပ်စက်ကုန်၏။အကုသိုလ်ကံ မကုန်သေးမချင်း ငရဲသားကား မသေနိုင်။ဤသို့ အညှင်းဆဲခံရသော ငရဲသားသည် ရဲရဲတောက်သော သံမြေပြင်ကို မြင်ရုံမျှဖြင့်လည်း များစွာ စိတ်ဆင်းရဲရ၏။ အလွန်ကြမ်းတမ်းရက်စက်စွာ ကြိမ်းမောင်း ပြောဆိုသော ငရဲထိန်းတို့၏ အသံကို ကြားရ၍လည်း စိတ်ဆင်းရဲရ၏။ သံမြေပြင်ပေါ်၌ အတင်းတွန်းလှဲ သိပ်ခြင်း၊ မီးလောင်ခံရခြင်း၊ သံစို့ နှက်ခံရခြင်းတို့ကြောင့်လည်း အတိုင်းမသိ ကြီးစွာသော ကိုယ်ဆင်းရဲ၊စိတ်ဆင်းရဲတို့ကို ခံစားရ၏။
ထိုသို့သောကာလ၌ ကယ်ပါ၊ သနားပါ၊ ချမ်းသာပေးပါ စသည်ဖြင့် မျက်ရည်ယိုစီး ငိုကြွေး မြည်တမ်းလျက် တောင်းပန်သော်လည်း မည်သူကမျှ မသနား၊ ချမ်းသာမပေးချေ။မိမဲ့ဖမဲ့၊ဆွေမျိုးမဲ့၊ ဆွေခင်ပွန်းမဲ့၍ တစ်ကိုယ်တည်းသာ ဖြစ်လျက် ညိုးငယ်စွာနှင့် အလွန်ကြီးမားသော ဆင်းရဲတွေကို အော်မြည် ယောင်ယမ်းလျက် မိနစ်စက္ကန့် မခြားဘဲ ခံစား၍ နေရရှာလေတော့၏။ထိုသို့သော ကာလ၌ ဝိပဿနာ အလုပ်ကို အားထုတ်ခွင့် မရနိုင်တော့ချေ။
ထို့ပြင် သံစို့ ငါးချက်နှက်၍ မသေသေးသော ငရဲသားကို ငရဲထိန်းတို့သည် အိမ်မိုးတစ်ဖက်ခန့် ရှိသော တံစည်းပေါက်ပြားကြီးတို့ဖြင့် ရှစ်မြှောင့်ပုံ၊ ခြောက်မြှောင့်ပုံ စသည်ဖြစ်အောင် မျဉ်းပစ်၍ ရွေခုတ်ကြပြန်၏။သွေးတို့သည် မြစ်ဖြစ်၍ စီးလေကုန်၏။ထိုသွေးတို့မှ မီးထတောက်ပြန်၍ ကိုယ်၌ စွဲလောင်လေ၏။အတိုင်းမသိသော ဆင်းရဲကို ခံစားရလေ၏။ထိုစဉ်အခါ၌ ဝိပဿနာအလုပ်ကို အားထုတ်ခွင့် မရနိုင်တော့ချေ။
ထိုမျှဖြင့် မသေသေးလျှင် ဇောက်ထိုး တွဲလဲဆွဲထား၍ ဗန်းကြီးခန့်ရှိပဲကွပ်တို့ဖြင့် ပါးပါးလွှာလျက် ရွေခုတ်ကြပြန်၏။ထိုမျှဖြင့်လည်း မသေသေးလျှင် မီးလျှံရဲရဲတောက်သော သံရထား၌ နွား၊မြင်းတို့ကဲ့သို့ တပ်၍ မီးကျီခဲတောင်ကြီးပေါ်သို့ တက်စေကုန်၏။မတက်ဘဲနေလျှင် ရဲရဲတောက်သော သံတုတ်ကြီးများဖြင့် အပြင်းရိုက်၍ တက်စေကုန်၏။တောင်ထိပ်သို့ ရောက်လျှင် တစ်ဖန်ဆင်းစေကုန်၏။ဤသို့ တက်ချည်ဆင်းချည် အဖန်ဖန် ပြုစေကုန်၏။ထိုမျှဖြင့်လည်း မသေသေးလျှင် ကျိုက်ကျိုက်ဆူပွက်လျက် ရဲရဲတောက်သော လောဟကု မ္ဘီ ခေါ် သံရည်ပူထဲ၌ ရှဲခနဲကျ၍ အမြှုပ်တစီစီထလျက် နစ်မြုပ်သွားရှာလေ၏။
အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အောက်ဝသို့ ရောက်၏။တစ်ဖန် အနှစ်သုံးသောင်း ကြာမှ ငရဲအိုး၏ အောက်နှုတ်ခမ်းသို့ ရောက်လျက် ပေါ်လာ၏။အရပ်မျက်နှာများသို့လည်း ဖီလာသွား၏။ထမင်းအိုးပွက်သောအခါ၌ ဆန်စေ့ကလေးများကဲ့သို့ပင်တည်း။အတိုင်းမသိသော ဆင်းရဲမှုနှင့် ရင်ဆိုင် တွေ့နေရလေ၏။
ကံမကုန်သေး၍ ထိုမျှဖြင့်မသေပြန်လျှင် သံရည်ပွက်ထဲမှ ငရဲသားကို ထုတ်ယူ၍ ငရဲထိန်းတို့သည် မီးတဟုန်းဟုန်း အမြဲတောက်လောင်လျက် ရှိသော ငရဲကြီးထဲသို့ ပစ်သွင်းလိုက်ကြပြန်၏။ထိုငရဲသည်ကား အလျား၊အနံ၊အမြင့် တစ်ယူဇနာ ရှိလေ၏။လေးထောင့်ညီသော သံသေတ္တာကြီးနှင့်တူ၏။အရှေ့ဘက်နံရံမှ မီးလျှံသည် အနောက်ဘက်နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင် ပူလောင်၏။အနောက်နံရံ၊တောင်နံရံ၊ မြောက်နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာတစ်ရာတိုင်အောင် ပူလောင်၏။
အနောက်နံရံ၊ တောင်နံရံ၊ အထက်သံမိုး၊အောက်သံမြေပြင်တို့မှ မီးလျှံတို့သည်လည်း နည်းတူချည်း ပူလောင်၏။ထိုငရဲကြီးအတွင်း၌ ထိုမှဤမှ ပြေးလွှား လူးလိမ့် ဟစ်အော် မြည်တမ်းလျက် ကြီးစွာသော ဆင်းရဲဒုက္ခတို့ကို ခံစားရလေ၏။
နှစ်ပေါင်းများစွာကြာသော် တစ်ခါတစ်ရံ၌ ထိုငရဲကြီး၏တံခါးဝဆီသို့ အတင်း ပြေးကြ၏။အချို့မှာလည်း လမ်းခရီးတွင် မောပန်း လူးလိမ့်လျက်ရှိကုန်၏။အချို့မှာ တံခါးဝသို့ ရောက်ကုန်၏။အနှစ်သိန်းပေါင်းများစွာ ကြာလျှင် ထိုတံခါးကြီးသည် ပိတ်သွားလေသည်။ထွက်နိုင်သော ငရဲသားသည်လည်း အပြင်သို့ ရောက်သည်နှင့် တပြိုင်နက် ဘင်ပုပ်ငရဲထဲသို့ ကျသွားလေ၏။မစင်ဘင်ပုပ်ထဲ၌နစ်မြုပ်နေစဉ် ဆင်၏လည်ပင်းခန့်ရှိသော ပိုးလောက်တို့က ကိုက်ခဲစားကြလေ၏။
ထိုဘင်ပုပ်ငရဲမှ လွတ်ပြန်လျှင် ပြာပူငရဲထံသို့ ကျရောက်သွားပြန်၏။ထိုငရဲ၌ အိမ်ထွတ်ခန့်ရှိသော မီးကျီခဲ၊ရဲရဲတောက်သော ပြာပူတို့ဖြင့် လောင်ကျွမ်း၍ ဆင်းရဲကြီးစွာကို ခံစားရပြန်၏။
ထိုငရဲမှ လွတ်ပြန်လျှင် လက်ပံတောငရဲသို့ ရောက်ပြန်၏။လက်ပံပင်တို့မှာ ၁၆လက်မရှည်သော ဆူးရှိကုန်၏။ငရဲထိန်းတို့က ရိုက်နှက်၍ ထိုလက်ပံပင်တို့၌ တက်ချည်ဆင်းချည် ပြုလုပ်စေ၏။လက်ပံဆူးတို့သည် တက်သောအခါ၌ အောက်ကို လှည့်၍နေကုန်၏။ဆင်းသောအခါ၌ အထက်သို့ လှည့်၍ နေကုန်၏။ကြောက်လန့်တကြား လျင်စွာတက်ရ ဆင်းရသော ငရဲသားတို့၏ ကိုယ်သည် ထိုလက်ပံဆူးတို့ဖြင့် ထိုးမိ၍ စုတ်ပြဲလျက် ရှိလေ၏။
ထိုငရဲမှ လွတ်ပြန်လျှင် သံလျက်တောငရဲသို့ ရောက်ပြန်၏။ရောက်သည်နှင့်တပြိုင်နက် သံလျက်နှင့်တူစွာ နှစ်သွား ရှိသော အရွယ်တို့သည် ကြွေ၍ ငရဲသား၏ကိုယ်၌ ကျလေကုန်၏။လက်၊ ခြေ၊ နား၊ လျှာ၊ ကိုယ်အင်္ဂါတို့သည် အပိုင်းပိုင်း ပြတ်လေကုန်၏။ထ၍ ပြေးပြန်လျှင် သံမြေပြင်၌ သင်တုံးသွားတို့သည် ထွက်ပေါ်လျက် ရှိလေကုန်၏။ရှေ့မှသံတံတို့လည်း ကာရံလျက် ရှိလေ၏။
ထိုငရဲမှ လွတ်ပြန်လျှင် ဝေတ္တရဏီ မည်သော ကြိမ်ချောင်းငရဲသို့ ကျရောက်ပြန်၏။ထိုငရဲမှာ ကျစ်ကျစ်ဆူသော အရည်အတိပြည့်၏။နွယ်များ၊ကြာရွက်များနှင့်တူသော သင်တုန်းသွားများ ရှိ၏။အောက်မြေပြင်၌ သင်တုံးသွားခင်းလျက် ရှိ၏။ကမ်းပါးတို့၌လည်း သင်တုံးသွားကဲ့သို့ ထက်သော ကြိမ်နွယ်များ သမန်းမြက်များရှိ၏။ငရဲသားတို့သည် ထိုချောင်းကို ဆင်းမိလျှင် မြေပြင်မှ သင်တုန်းသွားရှသောကြောင့်လည်းကောင်း၊အပူရည်ဖြင့်လောင်းခြင်း၊စပ်ခြင်းကြောင့်လည်းကောင်း ဘိုင်းခနဲ လဲလေ၏။လဲလျှင် ကျစ်ကျစ်ဆူလျက် ပူစပ်သော အရည်ထဲ၌ စုန်ချည်ဆန်ချည် မျောနေလေ၏။ကမ်းပါး၌ ရှိသော ကြိမ်သမန်းမြက်တို့ဖြင့်လည်း ရှ၏။ချောင်းထဲ၌ရှိသော ကြာရွက်တို့ဖြင့်လည်း ရှ၏။ငရဲသားတို့၏ကိုယ်သည် အစုတ်စုတ်အပြတ်ပြတ် ဖြစ်လေ၏။
စုန်ချည်ဆန်ချည် မျောလျက် အတိဒုက္ခရောက်နေသော ထိုငရဲသားကို ငရဲထိန်းတွေ့လျှင် ငါးမျှားချိတ်ကြီးဖြင့် ဆွဲတင်၍ ဘာအလိုရှိသလဲ ဟုမေး၏။ထမင်းဆာသည်ဟုဆိုလျှင် ရဲရဲတောက်နေသော အတုံးအခဲဖြင့် ပြည့်သော သံခြင်းတောင်းကြီးကို ယူလာကုန်၏။ငရဲသားသည် ကြောက်လှသောကြောင့် ပါးစပ်ကြီး အတင်းပိတ်၍ ထားလေ၏။ထိုအခါ ငရဲထိန်း တစ်ယောက်က ပေါက်ချွန်ကြီးနှင့် အတင်းပေါက်၍ ပါးစပ်ကို ဖွင့်၏။အခြားငရဲထိန်းကလည်း နည်းတူပင် တစ်ဖက်မှ ပေါက်၍ ဖွင့်၏။ထိုသို့ ဖွင့်၍ ပါးစပ်ဟင်းလင်းပွင့်နေသောအခါ၌ ရဲရဲတောက်နေသော ထိုသံတုံးသံခဲတို့ကို တစ်ခုပြီးတစ်ခု ပစ်ထည့်၍ ကျွေးကြလေ၏။ထိုသံတုံးသံခဲတို့သည် နှုတ်ခမ်း၊လျှာ၊အာခေါင်၊လည်ချောင်း၊အူတို့ကို လောင်ကျွမ်းပြီးလျှင် အောက်ဒွာရမှ ထွက်သွားကုန်၏။
ရေငတ်သည်ဟုဆိုပြန်လျှင် ကျိုက်ကျိုက်ဆူပွက်သော သံရည်တို့ကို လောင်းထည့်၍ ပေးကုန်၏။ထိုသံရည်ပူတို့သည်လည်း နည်းတူပင်လောင်ကျွမ်း၍ အောက်ဒွာရမှ ထွက်သွားကုန်၏။ငရဲသားသည် မလှုပ်နိုင်ဘဲ ဆင်းရဲကြီးစွာကို ခံစားရလေသည်။ကံမကုန်၍ မသေသေးပြန်လျှင် ထိုငရဲသားကို ငရဲကြီးထဲသို့ တစ်ဖန် ပစ်သွင်းလိုက်ပြန်လေ၏။
(မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာ ရှုနည်း အကျဉ်းချုပ် စာအုပ်မှ)

Tuesday, September 18, 2012
အနတ္တဆိုတာ ဘာတွေလဲ၊ဘာကြောင့် ဘာဖြစ်လို့ အနတ္တမည်တာလဲ
ဒကာ။ ။ဗုဒ္ဓဘာသာဝင်တိုင်း အနတ္တ အနတ္တနဲ့ ပါးစပ်က ပြောကြတယ်။အနတ္တဆိုတာ ဘယ်ဟာတွေလဲ။ဘာကြောင့် ဘာဖြစ်လို့ အနတ္တ ခေါ်တာလဲ။တိုတိုနဲ့ နားလည်အောင် ရှင်းပြပေးပါဦးဆရာတော်။
(ပန်းမောင်-သုဓမ္မဝတီ)
ဆရာ။ ။သဗ္ဗေ ဓမ္မာ အနတ္တာ-တဲ့။ဘယ်ဟာမဆို ဘာမဆို ရှိသမျှဟာ အနတ္တချည်းပဲ။ကုန်အောင်စုံ တရားဓမ္မတွေဟာ အနတ္တတွေသာဖြစ်တယ်လို့ မှတ်ရမယ်။
၁။အ သာရကတ္တေန အနတ္တာ။ ။အနှစ်သာရ အခိုင်အမာ အားထားမှီခိုစရာ တစ်တိုတစ်စမျှမရှိသောကြောင့် မရှိလို့ အနတ္တ ခေါ်တယ်။
၂။အ ဝသဝတ္တနတော အနတ္တော။ ။ငါလည်း မဟုတ်၊ ငါ့ဥစ္စာလည်း မရှိ၊ငါ့အလိုမလိုက်၊ငါ့အကြိုက်မပါ၊ငါလိုရာမပြီး အချည်းနှီး အပျက်သဘောကိုသာဆောင်နေသောကြောင့်၊ အနတ္တခေါ်တယ်။
၃။အ နိဿရေန အနတ္တာ။ ။စိုးရပိုင်ဆိုင် ကိုယ်ပိုင်ဆိုတာ ဘာတစ်ခုမျှ မရှိသောကြောင့်၊ မရှိလို့ အနတ္တခေါ်တယ်။
၎။ယံ ဒုက္ခံ တံ အနတ္တော။ ။ဆင်းရဲဒုက္ခ အစု အစုသဘောတွေမှန်သမျှ အားလုံးကုန်အနတ္တချည်းပဲ။အနတ္တလို့ခေါ်တယ်မှတ်။
အဲဒါ အတိုဆုံး အသိရလွယ်နိုင်ဆုံးအဖြေပဲ၊သဘောပေါက်ကြပါ။မြတ်ဘုရားကိုခံတိုက်တဲ့အထဲမှာ အနတ္တမကြိုက်တဲ့သူတွေဟာ အများဆုံးပဲ။နေရာတကာ အတ္တချည်းယူနေကြတာ ဒကာကြီးတို့ရဲ့။
နိဗ္ဗာန်ဟာ နိစ္စ သုခရှိနေတဲ့ အတ္တလော
ဒကာ။ ။သည်လိုဆို အနှစ်သာရ အခိုင်အမာ နိစ္စ သုခသဘောကိုဆောင်ပြီး မပျက်မစီးဘဲ အမြဲတစေ ငြိမ်းအေးချမ်းသာနေတဲ့ နိဗ္ဗာန်တရားဟာ အတ္တမည်တာပေါ့ ဆရာတော်။ဘယ်လိုယူဆပါသလဲ။
ဆရာ။ ။နိဗ္ဗာန်တရားမြတ်ဟာ နိစ္စ-မြဲသော၊သုခ-ငြိမ်းအေးချမ်းသာတာတော့အမှန်ပဲ။ဒါပေမယ့် ဒကာကြီးတို့ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ပစ္စည်း အတ္တဟုတ်ကဲ့လား။သူ့ကို အစိုးတရ ရယူသုံးခံစားနိုင်သလား။
အကယ်၍ ငါ့ဥစ္စာ၊ငါ့ဟာပိုင် အစိုးတရအနေနဲ့ ဆွဲယူသုံးစွဲနိုင်တဲ့ အတ္တဖြစ်ရင် အခုပဲ နိဗ္ဗာန်ကိုထုတ်ယူပြီး သုံးစွဲခံစားပြစမ်းပါ ဒကာကြီးတို့။ဆရာတော် ကြည့်ချင်လို့ပါ။
နောအတ္တ-ငါမဟုတ်လို့၊နမေ သိယာ-ငါ့ဟာမဖြစ်တာပေါ့။ဒါကြောင့် သဗ္ဗေ ဓမ္မာ အနတ္တာ လို့ ဟောတာလို့မှတ်ရမယ်။
ဒကာ။ ။မှန်ပါ့။သဘောပေါက်ပါပြီ ဆရာတော်။
(အရှင်ဩဘာသာဘိဝံသ၏ သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်းမှ) အပြည့်အစုံဖတ်ရန်

Sunday, September 9, 2012
ဘာသာခြားတောင် ကျေးဇူးတင်ယုံကြည်လာအောင် ဖြေပေးခဲ့တဲ့အဖြေလေး (ဆန်နီနေမင်း)
မေး။ ။ တပည့်တော်မသိချင်တာလေးမေးပါရစေဘုရား။ စာရှည်သွားရင်လည်း သည်းခံဖတ်တော်မူပါဘုရား။တပည့်တော်မ၏ မိတ်ဆွေတစ်ယောက်သည် အမည်မသိရောဂါတစ်မျိုး ခံစားနေရပါသည်ဘုရား။ သူ့မိသားစု၏ အပြောအရ သူများပြုစားသည်ဟုဆိုပါသည်ဘုရား။ သူတို့က ဘာသာခြားကိုးကွယ်သူတွေပါဘုရား။ ထိုသူ၏ရောဂါခံစားနေရပုံမှာ သူ့ပတ်ဝန်းကျင်အား ကြမ်းတမ်းစွာပြောဆို ဆက်ဆံခြင်း၊ တုတ် ဓါး ဆွဲ ၍ရန်ရှာခြင်း၊ အစာလုံးဝမစားခြင်း၊ နေ့ညမအိပ်ခြင်း၊အနီးအနားရှိလူများထံမှ ပစ္စည်းများလုယူခြင်းတို့ကို ပြုလုပ်နေပါသဖြင့် လှောင်အိမ်တွင်ထည့်၍ သော့ခတ်ထားရပါသည်ဘုရား။
အမြဲတမ်းထိုသို့ဖြစ်နေခြင်းမဟုတ်ပါ။ ကောင်းနေသည့်အခါ အားလုံးကိုမှတ်မိ၍ လူကောင်းအတိုင်းပါဘုရား။ ပယောဂ ဆရာပေါင်းစုံဖြင့် ကုသသော်လည်းပျောက်ကင်းသက်သာခြင်းမရှိသဖြင့် သူ့မိသားစုမှ ဗုဒ္ဓဘာသာနည်းဖြင့် ကုသလျှင်ရမရမေးလာပါသည်ဘုရား။ မည်သို့ဖြေကြားရမည်ကိုမသိသဖြင့် အရှင်ဘုရားအား မေးလျှောက်ရခြင်းဖြစ်ပါသည်ဘုရား။ ရောဂါခံစားနေရသူအားသနားသဖြင့်
ဖြေကြားတော်မူပါဘုရား။
ဖြေ။ ။ ဒကာမရေးထားတာကို ဖတ်ကြည့်တဲ့အခါ အဲဒီလူဟာ ဘုန်းကံနိမ့်နေလို့ တခြားလူရဲ့ ပြုစားခြင်းကို ခံနေရတာနဲ့ တူနေတယ်။
လူတစ်ယောက်ဟာ ဘုန်းကံနိမ့်နေရင် ပညာတတ်တဲ့ စုန်းကဝေတို့ရဲ့ လုပ်ခြင်းကို ခံရသလို စုန်းကဝေတတ်သူတို့ရဲ့ အစားအစာကို စားမိရင်လည်း ခံစားရပါတယ်။
မြတ်ဗုဒ္ဓလက်ထက်က ရဟန်းတော်တစ်ပါးလည်း မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခင်ကိုခံရတဲ့အတွက် အဲဒီမိန်းကလေးက စုန်းပညာနဲ့ရဟန်းတော်ကိုလောင်းတဲ့ ဆွမ်းထဲမှာ စုန်းပညာနဲ့ ထည့်လောင်းလိုက်တယ်။
အဲဒီရဟန်းဟာ စုန်းပညာကြောင့် မလူးမလဲခံစားရတာကို မြတ်ဗုဒ္ဓသိတဲ့အခါ ထွန်တုန်းခဲက မြေကြီးကို ရေနဲ့ဖျော်တိုက်လိုက်တာ ကောင်းသွားတယ်။ အဲဒီတော့ အခုဖြစ်နေတဲ့လူကိုလည်း ပထမဦးဆုံး မြတ်ဗုဒ္ဓနည်းလမ်းအတိုင်း စုန်းကဝေလုပ်တာ ဟုတ်မဟုတ်သိရအောင် လယ်ထွန်တဲ့ထွန်တုံးခဲက မြေကြီးကိုယူပြီး အဲဒီမြေကြီးကို ရေနဲ့ရောတိုက်ပေးလိုက်ပါ။
မြေကြီးအနည်းငယ်ဖြစ်တဲ့ ရွံ့ကို ရေနဲ့သောက်လို့ ဘာမှမဖြစ်ပါဘူး။ ရွံ့ကို ဦးဇင်းတို့ငယ်တုန်းကလည်း ပါးစပ်ထဲမှာ ရောက်ခဲ့တာ အများကြီးပါ။
ပထမဦးဆုံး ထွန်တုံးခဲရှာပြီး လုပ်ပေးကြည့်ပါ။ အဲဒီလိုမှ မရရင်တော့ စာသင်တိုက်တစ်တိုက်ရဲ့ ကျောင်းဘုန်းကြီးကို အခြေအနေလျှောက်ပြပြီး သံဃာငါးပါးလောက် အိမ်ကိုပင့်ကာ လူနာကို သံဃာငါးပါးရဲ့ အလယ်မှာထားပြီး ပရိတ်တရားများ ရွတ်ပေးခိုင်းပါ။ အဲဒီလိုလုပ်ရင်တော့ သက်သာသွားပါလိမ့်မယ်။ နောက်ပြီး ပရိတ်ရေလည်း တိုက်ပေးလိုက်ပါ။ ဒါဆို စိတ်ချရမဲ့ အခြေအနေ ဖြစ်သွားပါလိမ့်မယ် ဒကာမ။
အခြေအနေထူးရင် စာထပ်ပို့ပေးပါ။ နောက်ထပ် တစ်မျိုးစဉ်းစားပေးပါမယ် ဒကာမ။
အကြောင်းပြန်စာ။ ။ တပည့်တော်မ ရိုသေစွာဖြင့် လျှောက်ထားအပ်ပါသည်ဘုရား။ အရှင်ဘုရားအမိန့်ရှိတဲ့အတိုင်းလုပ်ပေးခဲ့ရာ လူနာမှာသိသာစွာသက်သာလာပါပြီဘုရား။ အရင်လို ဆိုးသွမ်းသောင်းကျန်းမနေတော့ဘဲ တခါတလေ ငိုငိုနေပါတယ်ဘုရား။ သံဃာငါးပါးပင့်၍ ပရိတ်ကမ္မဝါများရွတ်ဖတ်လိုက်သောအခါ အရှင်းပျောက်ကင်းသွားပါတယ်ဘုရား။ သူတို့လည်းဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်လာပါတယ် ဘုရား။ ငါတို့ဘာသာကဒုက္ခရောက်တဲ့ အခါအားကိုးလို့ မရဘူး။ နင်တို့ဘာသာကဒုက္ခရောက်တဲ့အခါ အားကိုးလို့ရတယ်လို့ ပြောပါတယ်ဘုရား။ အရှင်ကို မေးလျှောက်ခဲ့သည်ကိုပြောပြသည့်အတွက် ကျေးဇူးတင်ကြောင်းလျှေက်ပေးပါဟု ဆိုပါသည်ဘုရား။ တပည့်တော်မလည်း အရှင်ဘုရားအားကျေးဇူးတင်စွာဖြင့် လက်အုပ်ချီမိုး ရှိခိုးလိုက်ပါသည်ဘုရား။
credit to www.sanninaymin.com

Monday, September 3, 2012
ဥပုသ်နေ့နဲ့ပတ်သတ်သမျှ သိကောင်းစရာများ
ဥပုသ်ဆိုသည်မှာ ဥပေါသထ-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ ၀သထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
ကိုယ်ကျင့်သီလမပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့ အတွက် နေ့ရက်များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည်ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာကို အောက်ပါ အတိုင်း တွေ့ရပါတယ်။
တစ်လကို (၁) အဋ္ဌမီ လဆန်း၊ လဆုတ်(ရှစ်ရက်မြောက်နေ့)ဥပုသ်။
(၂) စတုဒ္ဒသီ (ရက်မစုံလအတွက် (၁၄)ရက်မြောက်လကွယ်နေ့) ဥပုသ်။
(၃) ပန္နရသီ (၁၅)ရက်မြောက် လပြည့်၊လကွယ်နေ့)ဥပုသ်။
(၄) ပါဋိဟာရိက (အကြိုအပို) ဥပုသ်ဟု အကျဉ်းအားဖြင့် (၄)မျိုးရှိကြောင်း ကျမ်းဂန်များ တွင် ဖော်ပြထားကြပါတယ်။
ပါဋိဟာရိက-အကြိုဥပုသ်နဲ့ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်မရောက်မီ ကြိုတင်စောင့်ရတဲ့ (၇)ရက်မြောက်၊ (၁၃)ရက်မြောက်၊ (၁၄)ရက်မြောက်ဥပုသ်တို့ ဖြစ်ပါတယ်။ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်နောက်တွင် အပိုဖြည့်စွက်ပြီး စောင့်ရသော (၉)ရက်၊ လပြည့်ကျော်(၁)ရက်၊ လဆန်း(၁)ရက်ဥပုသ်၊ ၀ါတွင်းမှာဆိုရင်တော့ (၁၅)ရက်ဖြစ်စေ၊ တစ်ဝါတွင်းလုံးဖြစ်စေ စောင့်ထိန်းကြတဲ့ ဥပုသ်များလည်း ရှိပါတယ်။ အဲဒီလို ဥပုသ်စောင့်ရက်ကို ရှေးရှေးက သတ်မှတ်ထားကြပါတယ်။
ဘာဖြစ်လို့ ဒီလိုရက်ရှည်ကာလများစွာ ဥပုသ်သီလဆောက်တည်ကြတာလဲဆိုတော့ လူများရဲ့ စိတ်အစဉ်မှာ ကိလေသာမြူတွေ နေ့စဉ်တင်နေတဲ့အတွက် ထိုကိလေသာမြူတွေကို ဥပုသ်သီလ စောင့် ထိန်းပြီး ဆေးကြောသုတ်သင်ကြဖို့ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓကိုယ်တိုင်ကလည်း ဥပုသ်စောင့်ခြင်းကို ဦးခေါင်းလျှော်ခြင်းနဲ့ ဥပမာပြပြီး ၀ိသာခါကျောင်းအမကြီးကို ဒီလိုဟောကြားပေးခဲ့ပါတယ်။ လဆန်း (၁)ရက်နေ့ဆို နေရောင်ရှိလို့ ဆံပင်ခြောက်သွေ့မည်ကိုမြင်တဲ့ အမျိုးသမီးဟာ ရေချိုးခေါင်းလျှော်ကြတယ်။ အဲဒီလို ခေါင်းလျှောက်လိုက်တော့ ဦးခေါင်းမှာ အညစ်အကြေးသန့်ရှင်းလိုက်တဲ့အခါ ဆံပင်လည်း သွေ့ခြောက်သွားလို့ ဦးခေါင်းဟာ သန့်ရှင်းပြီးပေါ့ပါး သွားတယ်။ ဒါပေမဲ့ နောက်ရက်များမှာ ဦးခေါင်းပေါ်ဝယ် မြူမှုန်ကျခြင်း၊ အတွင်းက အညစ်အကြေးများ ဦးခေါင်းပေါ်ထွက်လာတဲ့အခါ (၇)ရက်လောက်ကြာတော့ ဦးခေါင်းဟာ လေးလံလာပြန်တယ်။ အဲဒါနဲ့ တစ်ပါတ်လောက်ကြာတဲ့ အခါ နောက်တစ်ကြိမ် ခေါင်းလျှော်ရတယ်။
အဲဒီလိုပဲ လူတို့ရဲ့စိတ်မှာ နေ့စဉ် စီးပွားရှာတဲ့အခါဖြစ်စေ၊ ပျော်ပါးတဲ့အခါဖြစ်စေ၊ ပုံစံမျိုးစုံနဲ့နေထိုင် သွားလာလှုပ်ရှားနေရင်း ရာဂ၊ ဒေါသစတဲ့ ကိလေသာမြူမှုန်တွေဟာ ကပ်ငြိနေတယ်။ သံသရာတစ်လျှောက်လုံးကလည်း ဘ၀မျိုးစုံနဲ့ ကပ်ငြိလာခဲ့ကြတယ်။ အဲဒါကြောင့် မိမိတို့သန္တာန်မှာ ကိလေသာတွေဟာ မရေတွက်နိုင်အောင် များနေတယ်။ တစ်ဦးနဲ့တစ်ဦး တရားထူးရတာချင်း မတူတာ၊ တရားအသိမတူတာ၊ အကျိုးပေးမတူတာတွေဟာ မိမိတို့ရဲ့ ကျင်လည်ခဲ့ရတဲ့ဘ၀တွေမှာ ကိလေသာတွေ ဘယ်လောက်ညစ်ကြေးလာအောင် ပြုလုပ်ခဲ့သလဲဆိုတာ မသိရတဲ့အတွက် မတူကြတာပါ။
တချို့က သူများလို ခဏလေးနဲ့တရားမှတ်ရင် တရားသိမယ်ထင်တယ်။ သူများလို ကောင်းတာလေး တစ်ခုလောက်လုပ်ရင် အကျိုးပေးမယ်ထင်နေတာလေ။ မိမိမှာ ဘ၀များစွာက ကောင်းမှု၊ မကောင်းမှုကို မသိလို့ဖြစ်စေ၊ သိလျက်နဲ့မိုက်ခဲ့လို့ဖြစ်စေ ပြုလုပ်ခဲ့တဲ့ ကိလေသာအညစ်ကြေးတွေက ဘယ်လောက်များ သလဲဆိုတာ မသိရဘူးလေ။ ဒါကြောင့် မိမိတို့က မိမိတို့သန္တာန်မှာရှိတဲ့ ကိလေသာအညစ်ကြေးတွေကို များများပယ်သတ်နိုင်အောင် ကြိုးစားမှ ကိလေသာကင်းရာကိုရောက်မှာဖြစ်သလို မရောက်ခင်မှာလည်း ကိလေသာနည်းတဲ့ အကျိုးပေးကောင်းမှုတွေကို ခံစားရမှာပါ။
အဲဒီလို မိမိတို့ရဲ့စိတ်အစဉ်မှာ ကပ်ငြိမ်နေတဲ့ ကိလေသာမြူမှုန်တွေ သန့်ရှင်းအောင် အိမ်ရာအလုပ်တွေကို အနားပေးပြီး မကောင်းမှုများကိုလည်း ရှောင်ကြဉ်ကာ ဥပုသ်သီလဆောက်တည်ခြင်းနဲ့ ဆေးကြောပေးရပါတယ်။ တစ်ပါတ်တစ်ခါလောက် မိမိသန္တာန်မှာရှိတဲ့ ကိလေသာညစ်ကြေးတွေ မသန့်ရှင်းနိုင်၊ မလျှော့ပါးနိုင်သေးလို့ အကြိုရက်၊ အပိုရက်များမှာပါ ဥပုသ်သီလ စောင့်ထိန်းပေးရခြင်း ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာဆိုရင်တော့ ရုံးပိတ်ရက်များဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့များကို ဥပုသ်နေ့များလို့သတ်မှတ်ပေးပြီး စောင့်ထိန်းကြရင် ပိုမိုကောင်းမွန်ပါလိမ့်မယ်။ တစ်ပါတ်ရဲ့ အစဆုံးနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ တစ်ခါသန့်ရှင်းထားလိုက်ပြီး တစ်ပါတ်ရဲ့အဆုံးဖြစ်တဲ့ စနေနေ့မှာ ထပ်သန့်ရှင်းလိုက်မယ်ဆိုရင် ကိလေသာတွေဟာ ကပ်လိုက်၊ လျှော့လိုက်နဲ့ဆိုတော့ ခံသာသေးတာပေါ့လေ။ အဲဒီလိုမဟုတ်ဘဲ တစ်ပါတ်တစ်ခါလောက်ဆို ကိလေသာကပ်တာကပိုများပြီး လျှော်တာကနည်းနေရင် ကိလေသာက ဘယ်တော့မှ ကင်းမှာမဟုတ်တော့ဘူး။ ပြောသာ ပြောရတာပါ။ ခုခေတ်က တစ်ပါတ်တစ်ခါမပြောနဲ့ ၀ါတွင်းလေး(၃)လကိုတောင်မှ တစ်ပါတ်တစ်ခါ ကိလေသာမလျှော်တဲ့လူတွေက များနေတာပါလေ။
အဓိကကတော့ မိမိစောင့်ထိန်းနိုင်တဲ့ရက်ကို စောင့်ထိန်းရင် အကောင်းဆုံးပါပဲ။ ကောင်းမှုကုသိုလ်ဖြစ်တဲ့ သီလစောင့်ထိန်းမှုကို မြတ်ဗုဒ္ဓက ဘယ်နေ့မှ စောင့်ထိန်းရမယ်လို့ သေချာမပြောခဲ့ဘဲ အနည်းဆုံးတစ်ပါတ်တစ်ခါလောက်တော့ ဦးခေါင်းလျှော်သလို စောင့်ထိန်းသင့်တယ်လို့ပဲ ပြောခဲ့ပါတယ်။ မိမိတို့က နေ့စဉ်စောင့်ထိန်းနိုင်လေ ကောင်းလေပါပဲ။ ငါးပါးသီလကတော့ လူသားတွေ စောင့်ထိန်းရမဲ့ အရာပါ။ ရှစ်ပါးသီလဥပုသ်သီလကတော့ အရိယာသူတော်ကောင်းဖြစ်အောင် စောင့်ထိန်းတဲ့ သီလပါ။ အဲဒီတော့ မိမိက လူသားတစ်ယောက်ဖြစ်ချင်ရင် ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းရမယ်။ အရိယာသူတော်ကောင်းတစ်ယောက်ပါ ဖြစ်ချင်ရင်တော့ ရှစ်ပါးသီလဥပုသ်သီလကို နေ့စဉ် စောင့်ထိန်း ရမယ်။ ဒါမှမဟုတ် မိမိက တစ်ပါတ်တစ်ခါပဲ အရိယာသူတော်ကောင်းဖြစ်ချင်တယ်ဆိုရင်တော့ တစ်ပါတ်တစ်ခါ ဥပုသ်သီလ စောင့်ထိန်းပေါ့။ ဘယ်တော့မှမဖြစ်ချင်ဘူးဆိုရင်တော့ ဘယ်တော့မှဥပုသ် မစောင့်နဲ့ပေါ့လေ။
အဲဒီတော့ ရှစ်ရက်၊ လပြည့်၊ လကွယ်နေ့များကို ဥပုသ်နေ့ဟု သတ်မှတ်ကြတာဟာ လူသားတွေရဲ့ အချိန်အခါအခြေအနေကိုကြည့်ပြီး သတ်မှတ်ကြတာပါ။ ဥပုသ်သီလကို မြတ်ဗုဒ္ဓအလိုကျဆိုရင် အနည်းဆုံးတော့ တစ်ပါတ်တစ်ခါတော့ စောင့်ထိန်းပေးရမှာဖြစ်ပြီး မိမိစောင့်ထိန်းနိုင်ရင် မိမိစောင့်ထိန်းတဲ့နေ့ဟာ ဥပုသ်နေ့ဖြစ်တာမို့ စောင့်ထိန်းနိုင်လေ ကောင်းလေးဆိုတာပဲ မှတ်သားထားကြပါလေ။
တစ်ခါ ဥပုသ်စောင့်တဲ့အခါ ညစာမစားရခြင်းနဲ့ပတ်သတ်ပြီး မြတ်စွာဘုရားရှင်လက်ထက် စတင်ဖြစ်ပေါ်လာပုံကို ပြောပြပေးပါမယ်။ မြတ်စွာဘုရားရှင်လက်ထက်က အစပထမပိုင်းမှာ ရဟန်းသံဃာများပင် ညနေစာအတွက် ဆွမ်းခံထွက်စားခဲ့ကြပါတယ်။ ဒါပေမဲ့ မြတ်စွာဘုရားရှင် ၀ိနည်းသိက္ခာပုဒ်များပညတ်ရာ မြတ်ဗုဒ္ဓ၀ါတော်(၂၀)လွန်တဲ့နောက်ပိုင်းမှာတော့ ၀ိကာလဘောဇန သိက္ခာပုဒ်လည်း ပညတ်ဖို့ရန် အကြောင်းဖြစ်ပေါ်လာတာကြောင့် ပညတ်ခဲ့ရပါတယ်။
ပညတ်ရခြင်းအကြောင်းကတော့ (၁) ရဟန်းတော်တစ်ပါး ညပိုင်းဆွမ်းခံထွက်တဲ့အခါ အိမ်တစ်အိမ်ရှေ့ဆွမ်းခံသွားရပ်ရာ အိမ်ရှင်မက ရဟန်းတော်ရဲ့ သင်္ကန်းရောင်ကိုမြင်ပြီး ရဟန်းတော်ကို အစိမ်းသရဲ၊ မြေပုံဘီလူးလို့ထင်တဲ့အတွက် ဆန်ဆေးရည်နဲ့ ပတ်ခဲ့မိပါတယ်။ အဲဒီတော့ ရဟန်းသံဃာတွေ ညနေဆွမ်းခံတာဟာ လူတွေအတွက် အပြစ်ဖြစ်ကြတယ်။ (၂) ညနေပိုင်းမှာ ရဟန်းတော်များဆွမ်းခံသွားတဲ့ အခါ နွားအုပ်တွေရွာထဲသွင်းချိန်မို့ နွားရောင်နဲ့သင်္ကန်းရောင် ရောနှောနေတဲ့အတွက် လူတွေက ရဟန်းတွေကို နွားတွေထင်ပြီး နွားတွေနဲ့ရောနှော ပြစ်မှားမိကြပါတယ်။ အဲဒီလိုပြစ်မှားမိရင် လူတွေမှာ အပြစ်ဖြစ်ကြရတယ်။ (၃) ရဟန်းတော်များ ညနေပိုင်းမှာ ဆွမ်းခံသွားရခြင်း၊ ဆွမ်းစားပြီးသား သပိတ်တို့ကို ဆေးကြောသန့်ရှင်းရခြင်းစတဲ့ ဗာဟိယအလုပ်တွေကြောင့် ရဟန်းတော်များရဲ့ ပရိယတ္တိ စာသင်၊ စာချ၊ ပရိပတ္တိ တရားအားထုတ်မှုတို့ အချိန်လျှော့နည်းသွားတယ်။ အဲဒီလို အချိန်လျှော့နည်းနေမယ်ဆိုရင် တရားထူးရဖို့ရန် ခက်ခဲမှာဖြစ်သလို သံဃာ့ဝေယျာဝစ္စ၊ လူတွေအား တရားဟောသွန်သင်ပေးဖို့ကိစ္စ၊ စာချ၊ စာသင်ကိစ္စတွေပါ နောင့်နှေးမှုများဖြစ်တာမို့ ညစာမစားကြ ရန် မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီလိုပဲ လူတွေမှာလည်း အရိယာသူတော်ကောင်းတစ်ယောက်ဖြစ်အောင်၊ ကိလေသာများကပ်ငြိနေတာ ကို လျှော့ပါးသွားအောင်ပြုလုပ်တတ်တဲ့ ဥပုသ်ရှစ်ပါးသီလ ဆောက်တည်တဲ့အခါမှာ ညစာမစားခိုင်းခြင်းဟာ အလုပ်ရှုပ်သက်သာပြီး သမထ၊ ၀ိပဿနာတရားများ ပိုမိုပွားများအားထုတ်နိုင်အောင်၊ အစာစားလျှင် အိပ်ချင်စိတ်လျင်မြန်စွာဖြစ်ခြင်း၊ အိပ်ချင်စိတ်နောက်ကနေ ဗိုက်ထဲမှာအစာပြည့်နေရင် ကိလေသာစိတ်တွေ ဖြစ်ပေါ်လာခြင်းတို့ကြောင့် ဥပုသ်သီလဆောက်တည်တဲ့ရက်လေးမှာ ညစာ မစားရခြင်း ဖြစ်ပါတယ်။
အစာစားလျှင် ကိလေသာစိတ်ဖြစ်တယ်၊ ကိလေသာကိုပိုမိုအားပေးတယ်ဆိုတာကို ဦးဇင်းအရင်ကလည်း အမေးအဖြေများမှာ ဖြေပေးထားတာရှိသလို အွန်လိုင်းမှာတင်ထားတဲ့ တရားခွေထဲမှာ လည်း ပြောထားပါတယ်။ ညစာစားထားလို့ရှိရင် စိတ်ကမကောင်းမှုဘက်ကို အာရုံရောက်သွားတတ်ပါ တယ်။ တချို့ဆို ညပိုင်းမှာ ကိလေသာစိတ်တွေ စိတ်တိုင်းကျဖြစ်ပြီး စိတ်တိုင်းကျပျော်ပါးဖို့အတွက် စားသောက်ဆိုင်များမှာ ရှယ်သွားစားကြတာမျိုးတောင် ရှိကြပါတယ်။ ကောင်းစွာစားပြီး ကောင်းစွာပျော်ပါး ချင်ကြလို့ ဖြစ်မှာပါ။ ဒါကြောင့်လည်း တချို့စားသောက်ဆိုင်တွေမှာ နေ့နဲ့ညဆို ညမှာပိုရောင်း ရပြီး နေ့စာထက်ညစာက ပိုမိုတန်ဖိုးများနေတာလည်း ရှိပါတယ်။
နောက်တစ်ခုက မိမိတို့ခန္ဓာကိုယ်ထဲက အစာအိမ်ဟာ နေ့စဉ်စားသောက်သမျှကို အစာချက်နေရတဲ့အတွက် အနားမယူရသလို အညှီအနှောက်၊ အသိုးအပုပ်တွေနဲ့ အမြဲလိုလိုဖြစ်နေလို့ အစာအိမ်ဟာ မနားရတဲ့အပြင် အစာအိမ်လည်း သန့်ရှင်းမှုမရှိဘဲ ဖြစ်နေတာကြောင့် ကျန်းမာရေးလည်း ထိခိုက်ပါတယ်။ ခုလို တစ်ပါတ်တစ်ခါ ဥပုသ်စောင့်တဲ့နေ့မှာ ညစာမစားတဲ့အခါကျတော့ အစာအိမ်လည်း နားရတယ်။ အသိုးအပုပ်တွေလည်း သန့်ရှင်းပေးရာရောက်တာကြောင့် အစာအိမ်ကောင်းတဲ့အတွက် ကျန်းမာရေးလည်း ကောင်းမွန်မှုအကျိုးရလာဒ်တွေ ရရှိပါတယ်။ ဒါဟာ ဥပုသ်စောင့်ရခြင်း မျက်မှောက်ရရှိတဲ့ အကျိုးရလာဒ်ပါ။
ဥပုသ်သီလဆောက်တည်တဲ့နေ့ရက်မှာ ၀ိကာလဘောဇနသိက္ခာပုဒ်-ညစာနဲ့ပတ်သတ်ပြီး သိသင့်ထားတဲ့ အချက်အလက်တွေကို ရေးသားပေးရမယ်ဆိုရင် နေ့မွန်တည့်ချိန်မှစပြီး နောက်နေ့နံနက် လစဉ်အလိုက် အရုဏ်တက်ချိန်ထိအတောအတွင်း ဘောဇဉ် (၅)မျိုးဖြစ်တဲ့ ဆွမ်း၊ မုယောမုန့်၊ ပဲမုန့်လုံး၊ ငါး၊ အသားတွေနဲ့ ခဲဖွယ်ဖြစ်တဲ့ ယာမကာလိက၊ သတ္တာဟကာလိက၊ ယာဝဇီဝိကအစာတွေကို မစားရပါ။ နေမွန်တည့်ချိန်မှ အရုဏ်တက်သည့်အချိန်ထိလို့ ၀ိကာလဘောဇနသိက္ခာပုဒ်က ပြောဆိုထားတဲ့အတွက် နေမွန်တည့်သည် ဆိုတာနဲ့ ဘာမှစားလို့မရတော့ပါ။ စားနေဆဲဖြစ်ရင်လည်း ကားဘရိတ်အုပ်သလို ဘရိတ်အုပ်ပြီးသကာလ ပါးစပ်ထဲရောက်နေတာကို ထွေးထုတ်ပစ်ရပါမယ်။ နေ့မွန်တည့်ကျော်သွားပါလျက် ပါးစပ်ထဲကစားစရာ ကို ထွေးမထုတ်ဘဲ မျိုချလျှင်လည်း အပြစ်ဖြစ်ပါတယ်။ ၀ိကာလဘောဇနသိက္ခာပုဒ်က နေ့မွန်တည့်လျှင်ကို ဘာမှမျိုချလို့ မရတော့ပါ။
နေမွန်တည့်ချိန်မမြင်ရရင် သူ့နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ နေမွန်တည့်ချိန်ကို ယူရပါမယ်။ အရုဏ်တက်ချိန်ကိုလည်း နိုင်ငံအလိုက်၊ လအလိုက်ယူရပါမယ်။ အကောင်းဆုံးနည်းကတော့ မိမိနေထိုင်ရာနိုင်ငံမှာရှိတဲ့ နေ့တည့်တည့်အချိန်(၁၂)နာရီနဲ့ မနက်(၆)နာရီအတွင်း ၀ိကာလဘောဇန သိက္ခာပုဒ်ကို စောင့်ထိန်းတာဟာ အကောင်းဆုံးပါပဲ။ မနက်အရုဏ်တက်ချိန်ကတော့ တချို့လတွေမှာ မနက်(၄)နာရီကျော် အရုဏ်တတ်တာလည်းရှိပါတယ်။ မိမိက ဥပုသ်သီလယူထားလို့ မနက်စောစော ဗိုက်စာနေတဲ့အတွက် မနက်စာကို စောစောစားချင်တယ်ဆိုရင် အရုဏ်တက်ချိန်ကို လေ့လာပြီး စားကြပါလေ။ ခုပြောခဲ့တဲ့ နေမွန်တဲ့ချိန်နဲ့မနက်အရုဏ်တက်ချိန်အတွင်းကလွဲရင် ကျန်တဲ့အချိန် ဘယ်ချိန်ပဲစားစား စားသောက်ပြီးသကာလ ဥပုသ်သီလဆောက်တည်နိုင်ပါတယ်။
ခဲဖွယ်များဖြစ်တဲ့ ယာမကာလိကဆိုသည်မှာ အရုဏ်မတက်မီ မိုးသောက်ယံတိုင်အောင် သောက်ကောင်း တဲ့ သပြေသီး၊ သရက်သီး၊ မုဒရက်သီး၊ စပျစ်သီး၊ ဖက်သက်သီး၊ သစ်မည်စည်သီး၊ တောငှက်ပျောသီး၊ အိမ်ငှက်ပျောသီး၊ ကြာစွယ်တို့ရဲ့ ဖျော်ရည်နဲ့မန်ကျည်း၊ ဆီး၊ ရှောက်ဟူသော အနုလောမဖျော်ရည် များ ဖြစ်ပါတယ်။
သတ္တာဟကာလိကဆိုသည်မှာ (၇)ရက်လုံးလုံးထားပြီးစားသုံးနိုင်တဲ့ ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်းလဲ၊ ထန်းလျက်၊ ကြံသကာ၊ သကြားဆိုတဲ့ ဆေးငါးမျိုးကို သတ္တာဟကာလိကလို့ ခေါ်ပါတယ်။
ယာဝဇီဝိကဆိုသည်မှာ တစ်သက်ပတ်လုံးစားကောင်းတဲ့ ဆား၊ ဂျင်း၊ ဆီးဖြူ၊ ဖန်ခါးစတဲ့ ဆေးဖက်ဝင် အမြစ်၊ အရွက်၊ အသီး၊ အခေါက်များ ဖြစ်ပါတယ်။
ရဟန်းတော်များအတွက် ပညတ်ထားတဲ့ (ဝိ၊ ၂၊ ၁၁၂) ၀ိကာလဘောဇနသိက္ခာပုဒ်မှာတော့ အထက်ပါ ယာမကာလိက၊ သတ္တာဟကာလိက၊ ယာဝဇီဝိက(၃)မျိုးကို ရဟန်းတော်များ အလှူခံရင်ဖြစ်စေ၊ စားသောက်ရင်ဖြစ်စေ ပါစိတ်အာပါတ်မသင့်ဘဲ ဒုက္ကဋ်အာပါတ်သာ သင့်တယ်လို့ အပြစ်လျှော့ပါး သွားတာကို တွေ့ရပါတယ်။ ဒါပြင် မနေနိုင်အောင် ဆာလောင်မွတ်သိပ်လို့ဖြစ်စေ၊ အနာရောဂါ ကျန်းမာရေးကြောင့်ဖြစ်စေ အထက်ပါ ခဲဖွယ်(၃)မျိုးကို အဆာပြေ၊ ကျန်းမာရေးသက်သာရုံ စားသောက်ရင် အပြစ်မရှိပါပေ။ ရူးသွတ်နေသူများလည်း အပြစ်မရှိပါ။
အဲဒီတော့ လူတွေမှာလည်း ဥပုသ်သီလ ၀ိကာလဘောဇနသိက္ခာပုဒ်ကို စောင့်ထိန်းတဲ့ရက်မှာ မနေနိုင်အောင် ဆာလောင်တဲ့အခါ၊ အသက်အန္တရာယ်အတွက် ကျန်းမာရေးထိခိုက်နိုင်တဲ့အခါမျိုး ဆိုရင်တော့ အထက်ပါ ခဲဖွယ်(၃)မျိုးကို အဆာပြေ၊ ကျန်းမာရေးသက်သာရုံ စားသောက်နိုင်ပါတယ်။ အစာပြေမဟုတ်ဘဲ အ၀စားလျှင်၊ ကျန်းမာရေးသက်သာရုံမဟုတ်ဘဲ လွန်လွန်ကဲကဲတော့ မပြုလုပ်ရပါ။ ဆာလောင်မှုလည်းမဖြစ်၊ ကျန်းမာရေးလည်းကောင်းနေရင်တော့ ဘာမှမစားသောက်ရပါ။ စားသောက် လျှင် သီလသိက္ခာပုဒ် မကျိုးပေါက်နိုင်သော်လည်း သီလအကျိုးပေးတော့ လျှော့ပါးနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ ဥပုသ်နေ့နဲ့ပတ်သတ်သမျှ ပြည့်စုံလိမ့်မယ်ထင်ပါတယ်။ ဥပုသ်နေ့နဲ့ဆိုင်တဲ့ တချို့အကြောင်းအရာများကို လူတော်လူကောင်းဆောင်းပါးတွင် သီလအဓိပ္ပါယ်အခန်းမှာ သီလနဲ့ ပတ်သတ်တာများ ရေးထားတာတွေရှိတဲ့အတွက် သိချင်သူများ ၀င်ရောက်လေ့လာနိုင်ပါတယ်။
စာဖတ်ပရိတ်သတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကာ သူတော်ကောင်း များဖြစ်အောင် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်….။
credit to www.sanninaymin.com အပြည့်အစုံဖတ်ရန်

Subscribe to:
Posts (Atom)