Popular Posts

credit

ဤဘလော့ခ်သည် ဗုဒ္ဓမြတ်စွာဘုရား၏မေတ္တာရိပ်အောက်တွင် တည်ရှိပါသဖြင့် ရောက်လာသူအားလုံး စိတ်နှလုံးချမ်းမြေ့ကြပါစေ....


  • ယခုဘလော့ခ်ကို ဗုဒ္ဓဘာသာပြန့်ပွားစေရန် ရည်ရွယ်၍ ကျွန်တော်တို့ ဖတ်မှတ်၊စုစည်း၊သိမ်းဆည်းထားသည်များကို အများသိရှိစေရန် ပြန်လည်ဖြန့်ဝေခြင်းသာလျှင် ဖြစ်ပါသည်။
  1. တစ်ချို့သော စာစုများမှာ မူရင်းရေးသားသူကို မမှတ်မိတော့ပါသဖြင့် credit မပေးနိုင်တော့သည့်အတွက်
    မူရင်းရေးသားသူကို ဤနေရာမှ အနူးအညွတ်တောင်းပန်အပ်ပါသည်။
  2. အကယ်၍ စာဖတ်သူများမှ သိရှိပါကလည်း သက်ဆိုင်ရာပို့စ်အောက်တွင်လည်းကောင်း၊
    thewordsofbuddha@gmail.com သို့လည်းကောင်း အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်။
  3. " ပို့စ်အသစ်တင်တိုင်း gmailကိုအကြောင်းကြားစေလိုပါက" အောက်တွင် မိမိတို့၏ gmail လိပ်စာကို ဖြည့်သွင်းထားပါက ပို့စ်အသစ်တင်တိုင်း မိမိတို့၏ gmail သို့ အကြောင်းကြားပေးပါသည်။

Wednesday, June 27, 2012

“အနတ္တလက္ခဏာတရားတော်”

ရဟန်းတို့ ----- ရုပ်သည် အတ္တမဟုတ်၊ ရုပ်မှာ အတ္တမရှိ၊ ရုပ်သည် အတ္တဖြစ်ခဲ့လျှင် ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏ရုပ်သည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် ရုပ်တို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - ရုပ်သည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏ရုပ်သည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု ရုပ်တို့၌ တောင့်တ၍လည်း မရနိုင်ပေ။ ရဟန်းတို့ ----- ဝေဒနာသည် အတ္တမဟုတ်၊ ဝေဒနာမှာ အတ္တမရှိ၊ ဝေဒနာသည် အတ္တဖြစ်ခဲ့လျှင် ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏ဝေဒနာသည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် ဝေဒနာတို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - ဝေဒနာသည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏ဝေဒနာသည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု ဝေဒနာတို့၌ တောင့်တ၍လည်း မရနိုင်ပေ။ ရဟန်းတို့ ----- သညာသည် အတ္တမဟုတ်၊ သညာမှာ အတ္တမရှိ၊ သညာသည် အတ္တဖြစ်ခဲ့လျှင် ဤသညာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏သညာသည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် သညာတို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - သညာသည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏သညာသည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု သညာတို့၌ တောင့်တ၍လည်း မရနိုင်ပေ။ ရဟန်းတို့ ----- သင်္ခါရသည် အတ္တမဟုတ်၊ သင်္ခါရမှာ အတ္တမရှိ၊ သင်္ခါရသည် အတ္တဖြစ်ခဲ့လျှင် ဤသင်္ခါရသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏သင်္ခါရသည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် သင်္ခါရတို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - သင်္ခါရသည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏သင်္ခါရသည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု သင်္ခါရတို့၌ တောင့်တ၍လည်း မရနိုင်ပေ။ ရဟန်းတို့ ----- ၀ိညာဉ်သည် အတ္တမဟုတ်၊ ၀ိညာဉ်ရမှာ အတ္တမရှိ၊ ၀ိညာဉ်သည် အတ္တဖြစ်ခဲ့လျှင် ဤ၀ိညာဉ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏၀ိညာဉ်သည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် ၀ိညာဉ်တို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - ၀ိညာဉ်သည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏၀ိညာဉ်သည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု ၀ိညာဉ်တို့၌ တောင့်တ၍လည်း မရနိုင်ပေ။ ရဟန်းတို့ ----- ရုပ်သည် မြဲသလော၊ မမြဲသလောဟု မေးတော်မူရာ “မမြဲပါ အရှင်ဘုရား”ဟု လျှောက်ထားကြကုန်၏။ မမြဲသောရုပ်သည် ဆင်းရဲလော၊ ချမ်းသာလောဟု မေးတော်မူရာ “ဆင်းရဲဖြစ်ပါသည် အရှင်ဘုရား”ဟု လျှောက်ထားကြကုန်၏၊ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ဤရုပ်သည် ငါ၏ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏အတ္တတည်း”ဟု စွဲယူခြင်းငှါ သင့်လျော်ပါမည်လောဟု မေးတော်မူပြန်ရာ “မသင့်လျော်ပါ အရှင်ဘုရား”ဟု လျှောက်ထားကြကုန်၏။ ထို့အတူပင် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ် တို့ကိုလည်း အမေးအဖြေ ပြုလုပ်တော်မူသည်။ ရဟန်းတို့ ----- ထို့ကြောင့် အတိတ်ရုပ်၊ အနာဂတ်ရုပ်၊ ပစ္စုပ္ပန်ရုပ်၊ မိမိသန္တာန်၌ ဖြစ်သောရုပ်၊ သူတပါးသန္တာန်၌ ဖြစ်သောရုပ်၊ ကြမ်းတမ်းသောရုပ်၊ နူးညံ့သောရုပ်၊ ယုတ်ညံ့သောရုပ်၊ ကောင်းမြတ်သောရုပ်၊ အနီး၌ဖြစ်သောရုပ်၊ အဝေး၌ဖြစ်သောရုပ် တည်းဟူသော ဤရုပ်အလုံးစုံကို “ငါ၏ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်”ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ပညာဖြင့် ရူမြင်ရမည်။ ထို့အတူပင် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ မိမိသန္တာန်၊ သူတပါးသန္တာန်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အနီး၊ အဝေးဖြစ်သော ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်တို့ကိုလည်း “ငါ၏ ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်”ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ပညာဖြင့် ရူမြင်ရမည်။ ရဟန်းတို့ ----- ဤသို့ ရူမြင်သည်ရှိသော် အကြားအမြင် ဗဟုသုတရှိသော အရိယာသာဝကသည် ရုပ်၌လည်းငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ၀ိညာဉ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့ခြင်းကြောင့် ခန္ဓာငါးပါးတို့၌ တပ်မက်ခြင်း ကင်း၏၊ မတပ်မက်ခြင်းကြောင့် ကိလေသာတို့မှ လွတ်မြောက်၏။ ကိလေသာမှ လွတ်မြောက်ပြီးသည်ရှိသော် “ကိလေသာမှ လွတ်မြောက်ပြီ”ဟု ပစ္စဝေက္ခဏာဉာဏ် ဖြစ်ပေါ်လာ၏။ နောက်ထပ် တဖန် ပဋိသန္ဓေနေမူကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးအပ်ပြီးပြီ၊ မဂ်ကိစ္စကို ပြုအပ်ပြီးပြီ၊ ဤမဂ်ဉာဏ် ရရှိရေးအတွက် အခြားတပါး အားထုတ်ပြုလုပ်ဖွယ် ကိစ္စ မရှိတော့ပြီဟု သိ၏။ ဤသို့ မြတ်စွာဘုရားသည် ဟောကြားတော်မူသည်။ မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ်တော်ကို ဟောကြားတော်မူပြီးသည်ရှိသော် ပဉ္စ၀ဂ္ဂီရဟန်းတို့သည် လွန်စွာနှစ်သက်ကြကုန်၏၊ ၀မ်းမြောက်ဝမ်းသာဖြစ်ကြကုန်၏၊ ဤဒေသနာတော်ကို ဟောကြားပြီးဆုံးသည်ရှိသော် ပဉ္စ၀ဂ္ဂီရဟန်းတို့သည် စွဲလမ်းမူမရှိဘဲ အာသဝေါတရားတို့မှ လွတ်မြောက်ကြလေကုန်၏။ ထိုအခါဝယ် ဤလောက၌ ဘုရားအပါအ၀င် ရဟန္တာခြောက်ဆူ ဖြစ်ထွန်းပေါ်ပေါက်၍ လာကုန်၏။ 

(ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။)
အပြည့်အစုံဖတ်ရန်

“အနတ္တလက္ခဏသုတ်တော်အကြောင်း”

လောဘစသော ကိလေသာတို့သည် အာရုံ (၆)ပါးတို့ကို စွဲလမ်းတတ်ကြ၏။ ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ ကိလေသာတရားတို့ ထူပြောများပြားလျက် ရှိကြသည်။ အစွဲတရားပြင်းထန်ကြသည်၊ မိမိကိုယ်ခန္ဓာကို အသက်၊ လိပ်ပြာ၊ ၀ိညာဉ်ကောင်ဟု စွဲလမ်းသော အတ္တစွဲသည် အခွာရ အခက်ခဲဆုံး အပြင်းထန်ဆုံးသော အစွဲဖြစ်သည်။ သတ္တ၀ါတို့ကို ဒုက္ခအပေးဆုံးလည်း ဖြစ်သည်။ ဘုရားမပွင့်မီက ဘုရားဟု အမည်ခံနေသူများလည်း အတ္တ၀ါဒ ရှိသူချည်းသာ ဖြစ်ကြ၏။ အတ္တစွဲကို ခွာပစ်နိုင်ဖို့မှာ သစ္စာလေးပါးတရားကို ကိုယ်တိုင် သိရှိမှသာ ဖြစ်နိုင်သည်။ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားသည် သစ္စာလေးပါး တရားကို ကိုယ်တော်တိုင်လည်းထိုးထွင်း၍ သိတော်မူခဲ့ပြီး သူတပါးကိုလည်း သိအောင် ဟောပြောနိုင်လေသည်။ 

ထို့ကြောင့် မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် (၂)လအကြာ ၀ါဆိုလပြည့်နေ့တွင် သစ္စာလေးပါး တရားကို ဟောကြား ဖော်ပြရာဖြစ်သော ဓမ္မစကြာသုတ်တော်ကို ထုတ်ဖော် ဟောကြားတော်မူခဲ့ရာ အရှင်ကောဏ္ဍညမထေရ်နှင့် ဗြဟ္မာ (၁၈)ကုဋေ၊ နတ်ပေါင်းများစွာတို့ သောတာပန်ဖြစ်ခဲ့ကြသည်။ ၀ိစိကိစ္ဆာနှင့် သက္ကာယဒိဋ္ဌိအတ္တစွဲတို့ ပြုတ်သွားခဲ့ကြသည်။ ၀ါဆိုလပြည့်နေ့ည မဇ္ဈိမယာမ်တွင် သာတာဂိရနှင့် ဟေမ၀တနတ်မင်းတို့သည် အခြံအရံ နတ်ဘီလူးတစ်ထောင်နှင့်အတူ ရောက်လာကြကာ ပုစ္ဆာ(၁၀)ချက်ကို မေးလျှောက်ကြသည်။

 မြတ်စွာဘုရား ဖြေကြားတော်မူပြီးသောအခါ
 သောတာပန်ဘ၀သို့ ရောက်ကြပြန်သည်။ မြတ်စွာဘုရားသည် ကျန် ပဉ္စ၀ဂ္ဂီတို့အား ကမ္မဋ္ဌာန်းတရားအားထုတ်စေပြီး ကိုယ်တော်တိုင် တရားပြတော်မူရာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့တွင် အရှင်ဝပ္ပ၊ ၂-ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃-ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄-ရက်နေ့တွင် အရှင်အဿဇိ မထေရ်တို့ သောတာပန် အသီးသီး ဖြစ်ကြပြန်သည်။ သာသနာပကာလတွင် ဉာဏ်အားကြီးသော သူတို့သည် သာမာန်အားဖြင့် အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာကို သိမြင်နိုင်ကြသော်လည်း အနတ္တလက္ခဏာကိုကား ထိုးထွင်း၍ မသိနိုင်ကြပေ။ အနတ္တတရားသည် လွန်စွာ သိမြင်ရန် ခက်ခဲ နက်နဲ နူးညံ့လှသော တရားဖြစ်သည်။ ဘုရားဖြစ်ရာ ကာလနှင့် ဘုရားသာသနာတော်အတွင်း၌သာ မြင်နိုင်ထင်နိုင်သော တရားဖြစ်သည်။ အနတ္တအမြင် ကြည်လင်စွာထင်မှ အတ္တပြုတ်မည်။ အတ္တကင်းကွာမှ ဘင်္ဂဉာဏ် ဘယဉာဏ် အာဒီန၀ဉာဏ် အဆင့်ဆင့် ရင့်သန်၍ အရဟတ္တမဂ်ဉာဏ်ကို ရနိုင်သည်၊ နိဗ္ဗာန်ကို မြင်နိုင်သည်။ 

အနတ္တလက္ခဏာသုတ်တော်ကို မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၅-ရက်၊ ကြာသပတေးနေ့တွင် ဗာရာဏသီပြည် အနီး မိဂဒါဝုန်တော၌ သီတင်းသုံးတော်မူစဉ် သောတာပန်အရိယာ သာဝကများ ဖြစ်ကြသော ပဉ္စ၀ဂ္ဂီငါးဦး တို့အား ဟောကြားတော်မူခဲ့သည်။ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် အတ္တမဟုတ်၊ အတ္တမဟုတ်ခြင်းကြောင့် ကိုယ့်အလိုသို့မပါ၊ လိုရာမဖြစ်၊ အနိစ္စအစစ်အမှန် ဒုက္ခအစစ်အမှန်တို့သာဖြစ်ကုန်၏။ အနိစ္စအစစ် ဒုက္ခအစစ် ဖြစ်သောကြောင့်လည်း အနှစ်သာရ ရှာမရနိုင်၊ လုံးဝအစိုးမရသည့် သဘောတရားစုတို့သာတည်းဟု အနတ္တလက္ခဏသုတ္တန်ဖြင့် ခန္ဓာငါးပါးကို လက္ခဏာရေး ၃-ပါးတင်၍ ဟောညွှန်ပြသတော်မူခဲ့သည်။ ဤသုတ်တော်ပြီးဆုံးသောအခါ ပဉ္စ၀ဂ္ဂီငါးဦးလုံးပင် တဏှာ၊ မာန၊ ဒိဋ္ဌိတည်းဟူသော ပပဉ္စတရားများကို အကြွင်းမဲ့ ပယ်သတ်၍ ရဟန္တာမြတ်ကြီးများအဖြစ်သို့ ရောက်တော်မူခဲ့ကြသည်။ ဤသုတ်တော်ကြောင့် ဤလောက၀ယ် ဘုရားရှင်အပါအ၀င် ရဟန္တာခြောက်ပါး ပေါ်ထွက်ခဲ့သည်။ “ရဟန္တာ အစ အနတ္တလက္ခဏသုတ်တော်က”ဟု မှတ်တမ်းတင် ကမ္ပည်းထိုးရသည့် သုတ်တော်မြတ်ပင် ဖြစ်ပေသည်။ 

(ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။)
အပြည့်အစုံဖတ်ရန်

“ဘုရားစစ် ဘုရားမှန် ဟုတ်၊ မဟုတ် နတ်မင်းတို့ ဆွေးနွေးခြင်း - ဟေမ၀တသုတ်”

မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်နေ့ ညသန်းခေါင်ယံအချိန်၌ ဓမ္မစကြာ တရားဒေသနာတော်ကို ဟောပြောမူပြီးဆုံးခဲ့သည်။ ထိုတရားပွဲကြီး၌ နတ် ဗြဟ္မာပရိသတ်ထဲတွင် သာတာဂိရ နတ်မင်းကြီးလည်းပါဝင်သည်။ သာတာဂိရနတ်မင်းကြီးသည် မိမိ၏ အခြံအရံ နတ်ဘီလူး ပရိသတ်ငါးရာနှင့်အတူ မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မစကြာဒေသနာတော်ကို နာကြားရပါသော်လည်း တစုံတခု မဂ်ဖိုလ် တရားထူးကို မရခဲ့ချေ။ ထိုသို့ မရနိုင်ခြင်းမှာ တရားတော်ကို ဖြောင့်ဖြောင့် မနာယူနိုင်ဘဲ နောက်ဆန်တင်းနသောကြောင့် ဖြစ်သည်။ ဓမ္မစကြာဒေသနာတော်မှာ လွန်စွာနက်နဲဆန်းကြယ်လှသဖြင့် မိမိ၏သူငယ်ချင်း ဟေမ၀တနတ်မင်းအား တရားနာစေချင်လှသည်၊ ယခုအခါ သူငယ်ချင်း မပါလာသဖြင့် တရားနာရန် စိတ်မဖြောင့်ဘဲ ရှိနေသောကြောင့် တရားထူး မရနိုင်ခဲ့ပေ။ သာတာဂိရနတ်မင်းနှင့် ဟေမ၀တနတ်မင်း အလျောင်းလျာ အမျိုးသားနှစ်ဦးတို့သည် ကသပဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် သာသနာတော်သို့ ၀င်ရောက်လာခဲ့ကြသည်။ ဂန္ထဓုရတာဝန်ကို ထမ်းဆောင်ကြရာ စာပေပရိယတ် လွန်စွာတတ်ကျွမ်းကြသည်၊ ၀ိနည်းအရာ လွန်စွာကျွမ်းကျင်ကြသည်၊ ကိုယ်ကျင့်သိက္ခာကောင်းမွန်ပြီး စာပေအရာ ကျော်ကြားကြသည်။ တောရွာ ကျောင်းတိုက်တခု၌ ဓမ္မ၀ါဒီရဟန်းနှင့် အဓမ္မ၀ါဒီရဟန်း နှစ်ပါးတို့ရှိကြသည်။ အဓမ္မ၀ါဒီရဟန်းသည် သိက္ခာပုဒ်ကို လွန်ကျူးသည်၊ ဓမ္မ၀ါဒီရဟန်းက မလျောက်ပတ်ကြောင်း ပြောဆိုသောအခါ အဓမ္မ၀ါဒီရဟန်းက လက်မခံဘဲ ငြင်းပယ်သဖြင့် မထေရ်ကြီးနှစ်ပါးထံ အဆုံးအဖြတ်ခံရန် ရောက်လာကြသည်၊ အဓမ္မ၀ါဒီရဟန်းသည် မိမိရူံးနိမ့်မှာ သေချာကြောင်း သိသဖြင့် မထေရ်တို့ထံ ကပ်ရောက်ပြုစုလုပ်ကျွေးကာ မိမိကို အနိုင်ပေးရန် လျှောက်ထားတောင်းပန်၏၊ မထေရ်နှစ်ပါးတို့ကလည်း အကြိမ်ကြိမ်တောင်းပန်ခြင်းကြောင့် လိုက်လျောခဲ့ကြ၏၊ မထေရ်ကြီးတို့သည် ကြိုတင်စီစဉ်ထားသည့်အတိုင်း အဓမ္မ၀ါဒီရဟန်းကို အနိုင်ပေးခဲ့လေသည်။ ဓမ္မ၀ါဒီရဟန်းလည်း မထေရ်နှစ်ပါးတို့၏ အဆုံးအဖြတ်ကို ကြားရသောအခါ သာသနာ့မျက်နှာကို မကြည့်ဘဲ ပုဂ္ဂိုလ်မျက်နှာကိုသာကြည့်ကာ ဆုံးဖြတ်ခဲ့ကြသဖြင့် ကဿပမြတ်စွာဘုရား သာသနာတော်ကား ပျက်စီးခြင်းမလှ ပျက်စီးရချေပြီတကားဟု ငိုကြွေးပြောဆိုလျက် ထိုဝိနည်းဓိုရ်တို့ထံမှ ထွက်ခွာသွားလေသည်။ မထေရ်ကြီးနှစ်ပါးတို့သည်လည်း “ငါတို့သည် အလဇ္ဇီဒုဿီလပုဂ္ဂိုလ်ကို ငဲ့ညှာစောင့်ရှောက်လျက် သာသနာတော်တည်းဟူသော ရတနာမြတ်ကြီးကို ထုံးအိုင် ချောက်ကမ်းပါး၌ ပစ်ချမိခဲ့လေပြီတကား”ဟု နောင်တ တဖန် ပူပန်စိတ်ဖြင့် သေဆုံးခဲ့ကြရာ မထေရ်တစ်ပါးက ဟိမ၀န္တာတောအတွင်း ဟေမ၀တတောင်၌ ဟေမ၀တမည်သော နတ်ဘီလူးမင်းဖြစ်လေသည်၊ အခြားတပါးမှာ မဇ္ဈိမဒေသအတွင်း သာတမည်သောတောင်၌ သာတာဂိရအမည်ရှိသော နတ်ဘီလူးမင်း ဖြစ်လေ၏၊ နတ်ဘီလူးပရိသတ် (၅၀၀)စီ အခြံအရံရှိ၏။ ထိုနတ်ဘီလူးမင်းကြီး နှစ်ဦးမှာ (၂၈)ဦးသော နတ်စစ်သူကြီးတို့တွင် ပါဝင်သဖြင့် တန်ခိုးလွန်စွာကြီးကြ၏၊ တလလျှင် ရှစ်ကြိမ် ဟိမ၀န္တာတောအတွင်း ဆေးဒန်းမြင်းသိလာကျောက်အပြင်ဝယ် နာဂ၀တီအမည်ရှိသာ မဏ္ဍပ်၌ နတ်အစည်းအဝေး ကျင်းပမြဲဖြစ်၏၊ ထိုအစည်းအဝေးပွဲသို့ နတ်ဘီလူးမင်းနှစ်ဦး တက်ရောက်လာရာ အချင်းချင်း တွေ့ဆုံကြပြီး ရှေးဖြစ်ဟောင်း ပြန်ပြောင်း သတိရသဖြင့် လွန်စွာရင်းနှီးချစ်ခင်ကြကုန်၏၊ တဦးနှင့်တဦး အကြောင်းကိစ္စထူးပါကလည်း အသိပေးကြရန် ကတိက၀တ်ပြုထားကြကုန်၏။ မြတ်စွာဘုရားအလောင်းတော်သည် လူ့ပြည်၌ ပဋိသန္ဓေယူတော်မူသောအခါ၊ ဖွားမြင်တော်မူသောအခါ၊ တောထွက်တော်မူသောအခါ၊ ဘုရားဖြစ်တော်မူသောအခါတို့၌ ထူးခြားအံ့သြဖွယ် နိမိတ်ကြီး (၃၂)ပါးတို့ ထင်ရှားစွာ ပေါ်ပေါက်ခဲ့သော်လည်း နတ်ဘီလူးမင်းတို့သည် မသိလိုက်ကြကုန်၊ ဓမ္မစကြာတရားတော် ဟောတော်မူသောအခါ၌လည်း လွန်စွာအံ့သြဖွယ် နိမိတ်ကြီး (၃၂)ပါးတို့ ပေါ်ပေါက်လာသည်၊ ထိုအခါမှ သာတာဂိရနတ်မင်း မြင်တွေ့လတ်၍ တရားပွဲသို့ ရောက်လာခြင်းဖြစ်လေသည်။ မိမိသူငယ်ချင်းကို စောင့်မျှော်နေသဖြင့် တရားထူးမရလိုက်ပေ။ ဤတရားပွဲအကြောင်းကို ဟေမ၀တနတ်မင်းအား ပြောပြရန် အခြွေအရံများနှင့် ထွက်ခွာလာခဲ့၏။ ဟေမ၀တနတ်မင်းအဖို့မှာလည်း ဤယနေ့သည် ထူးထူးခြားခြား အံ့ဖွယ်သရဲ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်၊ ဟိမ၀န္တာတောလုံး ပင်လုံးကျွတ် ပွင့်သော ပန်းမျိုးစုံတို့ဖြင့် လှပနေသည်။ သူငယ်ချင်း သာတာဂိရကို ခေါ်၍ နှစ်ဦးသား ပျော်မြူးကြမည်ဟူသော ရည်ရွယ်ချက်ဖြင့် ထွက်လာခဲ့သည်။ နတ်မင်းကြီး နှစ်ဦးတို့သည် ရာဇဂြိုဟ်မြို့ ကောင်းကင်ပြင်ဝယ် ရင်ဆိုင်တွေ့ကြသည်။ မိမိတို့ တွေ့ကြုံရသော အံ့သြဖွယ်ရာများကို ပြောကြားကြရာ သာတာဂိရနတ်မင်းက လောကသုံးပါးတွင် မြတ်စွာဘုရား ပွင့်တော်မူလာ၍ ဓမ္မစကြာသုတ်တော်ကို ယနေ့စတင် ဟောကြားတော်မူပြီ ဖြစ်ကြောင်း၊ လောကဓာတ် တစ်သောင်းသို့ “သဗ္ဗညုဘုရားရှင်ဖြစ်ပြီ”ဟု ရဲဝန့်စွာ ၀န်ခံတော်မူကြောင်း ပြောပြ၏။ ဘုရားဆိုတိုင်း လွယ်လွယ်နှင့် ယုံကြည်လေ့မရှိသော ဟေမ၀နတ်မင်းနှင့် သာတာဂိရနတ်မင်းတို့သည် ဘုရားစစ် ဘုရားမှန်ဆိုသည်မှာ မည်သည့် ဂုဏ်ထူးဝိသေသ အရည်အချင်းများနှင့် ပြည့်စုံသူ ဖြစ်ရမည်နည်းဟူသော စကားရပ်ကို အပြန်အလှန် ဆွေးနွေးကြကုန်၏။ 
အဆွေတော် ဟေမ၀တ - ယနေ့ကား လပြည့်ဥပုသ်နေ့တည်း၊ စကြ၀ဠာတစ်သောင်းမှ တရားနာလာရောက်ကြကုန်သော နတ် ဗြဟ္မာတို့၏ ကိုယ်ရောင်၊ ကြယ် လ နက္ခတ်တို့၏အရောင်၊ မြတ်စွာဘုရား၏ ရောင်ခြည်တော်တို့ဖြင့် ဇမ္ဗူဒိပ်ကျွန်းလုံးကို အလှဆုံးတန်ဆာဆင်ထားသည့်ပမာ အလွန်သာယာသော ညအခါဖြစ်၏၊ ဘုရားဟုတ်သလော၊ မဟုတ်သလောဟု တွေးတောယုံမှား စိတ်များမနေပါလင့်၊ လာ - သွားကြပါစို့၊ ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားကို သွားရောက်ဖူးမြော်ကြပါစို့။ 

အဆွေတော် သာတာဂိရ - သင်ဖူးတွေ့ခဲ့ရသော မြတ်စွာဘုရား၏ စိတ်တော်သည် သတ္တ၀ါအားလုံးတို့၌ ချစ်ခြင်း၊ မုန်းခြင်း အလျှင်းမရှိ၊ ပကတိသော တာဒိဂုဏ်နှင့် ပြည့်စုံပါ၏လော၊ သင် ဖူးတွေ့ခဲ့ရသော ဘုရားဂေါတမသည် ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၌ ချစ်ခြင်း၊ မုန်းခြင်းဖြစ်ပါသေးသလော၊ ကာမ၀ိတက် ဗျာပါဒ၀ိတက် ၀ိဟိံသာ ၀ိတက်တို့ကို ပယ်ရှားနိုင်သူ ဖြစ်ပါသလော၊ အခြားသော မည်သည့် ဂုဏ်ထူး များနှင့်လည်း ပြည့်စုံပါသေးသနည်း။ 

အဆွေတော် ဟေမ၀တ - ဂေါတမမြတ်စွာဘုရားသည် တာဒိဂုဏ်နှင့် ပြည့်စုံသူဖြစ်ပါ၏၊ မြတ်စွာဘုရားသည် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတို့၌ ချစ်ခြင်း၊ မုန်းခြင်း ကင်းတော်မူပါ၏၊ ၀ိတက်တရားတို့ကို ပယ်ရှားကင်းရှင်း နိုင်နင်းအောင် ပြုအပ်ပြီးသူ ဖြစ်ပါ၏၊ အခြားသူတို့ ကိုယ်နူတ်ဖြင့်မပေးသော ပစ္စည်းဥစ္စာကိုလည်း ယူတော်မမူ၊ သတ္တ၀ါတို့၌ သတ်ဖြတ်ညှဉ်းဆဲခြင်း ဒုစရိုက်မူမှ ကင်းဝေးတော်မူ၏၊ ငါးဖြာသောအာရုံ ကာမဂုဏ်တို့၌ ခုံမင်ငြိကပ်တွယ်တာတတ်သော စိတ်လည်း မရှိ၊ နီဝရဏငါးပါး စွန့်ပယ်ရှားလျက် ဈာန် သမာပတ်ကို အမြဲဝင်စားတော်မူ၏၊ မဟုတ်မမှန်သောစကား၊ ကြမ်းတမ်း ယုတ်မာသောစကား၊ ကုန်းတိုက်စကားများကိုလည်း မပြောကြားပေ၊ အကျိုးရှိ မှန်ကန်သော စကားကိုသာ ပြောကြားတော်မူလေ့ရှိ၏၊ ၀တ္ထုအာရုံ ကာမဂုဏ်တို့၌ ခုံမင် တပ်မက်ခြင်းတည်းဟူသော အဘိဇ္ဈာတရားများမှလည်း လွန်မြောက်ပြီးသူဖြစ်၏၊ ခပ်သိမ်းသော တရားတို့ကို ကိုယ်တိုင်ထိုးထွင်း သိမြင်တော်မူသောကြောင့် စက္ခုငါးပါးနှင့် ပြည့်စုံတော်မူ၏၊ ရှေးရှေးက ပွင့်တော်မူပြီးသော ဘုရားတကာ ပြည့်စုံရာသော ၀ိဇ္ဇာမျက်စိနှင့်လည်း ပြည့်စုံတော်မူ၏၊ နိဗ္ဗာန်သွားကြောင်း ခြေကောင်းသဖွယ် စင်ကြယ်သော စရဏတရား တဆယ့်ငါးပါးနှင့်လည်း ပြည့်စုံတော်မူပါ၏၊ မြတ်စွာဘုရား၏ သန္တာန်တော်ဝယ် ကိလေသာ အာသဝေါတရား အလုံးစုံ ကုန်ခန်းပြီး ဖြစ်တော်မူပါ၏၊ သံသရာဝယ် နောက်ထပ် တဖန် ပဋိသန္ဓေနေရခြင်း ဘ၀သစ်၌ ဖြစ်ရခြင်း မရှိတော့ပါ။ 

အဆွေတော် သာတာဂိရနတ်မင်း - သင် ယနေ့ည ဖူးတွေ့ရသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားသည်ကား သင်ပြောခဲ့သော ဂုဏ်တို့နှင့် ပြည့်စုံပါမူ ဘုရားစင်စစ် ဧကန်ဖြစ်ပေပြီ၊ ဘုရားစစ် ဘုရားမှန်ဟူသည် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူမြဲဖြစ်၏၊ ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးလုံး သန့်ရှင်းစင်ကြယ်တော်မူမြဲ ဖြစ်၏၊ ၀ိဇ္ဇာသုံးပါး ၀ိဇ္ဇာရှစ်ပါး စရဏတဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူမြဲ ဖြစ်၏။ 

အဆွေတော် သာတာဂိရနတ်မင်း - လာ သွားကြစို့၊ မြတ်စွာဘုရားသည် လက္ခဏာတော်ကြီးငယ်တို့နှင့် ပြည့်စုံတော်မူပြီး ကိုယ်တွင်းကိုယ်ပ ရန်ဟူသမျှ တိုက်ဖျက်ခြင်းငှါ စွမ်းနိုင်သော လုံ့လ ၀ီရိယ ရှိတော်မူ၏၊ ခန္ဓာကိုယ် မျှတရုံအတွက် ဆွမ်းတထပ်တည်းကိုသာ ဘုဉ်းပေးတော်မူ၏၊ အစာအာဟာရ၌ လောလုပ္ပတဏှာကို ပယ်သတ်ပြီးဖြစ်၏၊ မဂ်ဉာဏ်လေးပါးနှင့် ပြည့်စုံတော်မူကာ ဆိတ်ငြိမ်ရာတောအရပ်၌ ဈာန်ဝင်စား၍ နေလေ့ရှိတော်မူ၏၊ လောကဓံတရားတို့ကိုလည်း ခံနိုင်တော်မူပြီး တစ်သောင်းသော လောကဓာတ်၌ တစ်ဆူတည်းသာ ပွင့်ပေါ်တော်မူလာသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားထံမှောက်သို့ သွားရောက်ချဉ်းကပ်ခါ သေမင်း၏ကျော့ကွင်းနှင့်တူသော တေဘူမက ၀ဋ်ဒုက္ခမှ လွတ်မြောက်ရာအမှန် နိဗ္ဗာန်တရားတော်မြတ်ကို လျှောက်ထားမေးမြန်းကြပါကုန်စို့။ 

အထက်ပါအတိုင်း နတ်မင်းကြီးနှစ်ဦးတို့သည် ဘုရားစစ်ဘုရားမှန်တို့၏ ဂုဏ် အင်္ဂါ လက္ခဏာတို့ကို ဖော်ပြဆန်းစစ်ကာ ကျေနပ်အားရလှသဖြင့် မြတ်စွာဘုရားရှင်ရှိရာ ဣသိပတန မိဂဒါဝုန်တောသို့ နတ်ဘီလူးတစ်ထောင် ခြံရံလျက် ဘုရားဖူး တရားနာရန် သန်းခေါင်ယံအချိန်တွင် ရောက်ရှိလာကြ လေသည်။ ထိုနတ်ဘီလူးတို့ ရောက်ရှိလာချိန်တွင် ဘုရားရှင်မှာ ဓမ္မစကြာတရား ဟောကြားတော်မူစဉ်က သီတင်းသုံးတော်မူသည့် တင်ပလ္လင်ကိုပင် မဖျက်ရသေးချေ၊ နတ်မင်းနှစ်ဦး တို့သည် ဘုရားရှင်အား ရှိခိုးခွင့်ပန်၍ ဟေမ၀တနတ်မင်းက အမေးပုစ္ဆာပြဿနာရပ်များကို လျှောက်ထားသဖြင့် မြတ်စွာဘုရားက ဟေမ၀တသုတ္တန်ကို ဟောကြားတော်မူရာ အခြွေအရံနတ်သား တစ်ထောင်နှင့်တကွ နတ်ဘီလူးနှစ်ဦးလုံး သောတာပန် တည်သွားကြလေသည်။ 

(ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။)
အပြည့်အစုံဖတ်ရန်

ဗုဒ္ဓဘာသာအလံတော်အကြောင်း

အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ် နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့် ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ အရိယာ၏ ဖော်ညွှန်းဂုဏ်ရည် စာသွန်းစီသည် လ၀န်းရောင်ခြည် ဓမ္မစေတီ။ဓမ္မစေတီဆရာတော်ကြီး ဟောကြားတဲ့တရားတော်ထဲက ဗုဒ္ဓဘာသာအလံတော်အကြောင်း ဖွဲ့ဆိုချက်ပါ။  
သမိုင်း အလံတော်ကို ၁၈၈၅ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ကိုလံဘိုကော်မတီက ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ ကော်မတီမှာ Ven. Hikkaduwe Sri Sumangala Thera (ဥက္ကဌ), Ven. Migettuwatte Gunananda Thera, Don Carolis Hewavitharana (အနာဂါရိက ဓမ္မပါလအရှင် ရဲ့ဖခင်), Andiris Perera Dharmagunawardhana (အရှင်အနာဂါရိက ဓမ္မပါလအရှင် ရဲ့ မိခင်ဘက်က အဖိုး), William de Abrew, Charles A. de Silva, Peter de Abrew, H. William Fernando, N. S. Fernando and Carolis Pujitha Gunawardena (အတွင်းရေးမှုး) တို့ ပါဝင်ပါတယ်။ အလံတော်ကို ၁၈၈၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ထုတ် Sarasavi Sandaresa သတင်းစာမှာ စတင်ပုံနှိပ်ဖြန့်ချိခဲ့ပြီး Vesak Day (ကျွန်မတို့ရဲ့ ကဆုန်လပြည့်နေ့) ဖြစ်တဲ့ ၁၈၈၅ ခုနှစ် မေလ ၂၈ ရက်နေ့မှာ Kotahena အရပ်မှာရှိတဲ့ Dipaduttamarama မှာ Ven. Migettuwatte Gunananda Thera က လူထုမြင်ကွင်းမှာ ပထမဆုံးလွှင့်တင်ခဲ့ပါတယ်။ 

အဲဒီနေ့ဟာ ဗြိတိသျှတို့အုပ်စိုးတဲ့ကာလမှာ ပထမဆုံး Vesak ပြည်သူ့ရုံးပိတ်ရက် ဖြစ်ခဲ့ပါတယ်။ Theosophical အဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်တဲ့ အမေရိကန် ဂျာနယ်လစ် ဗိုလ်မှူးကြီး ဟန်နရီစတီးလ်အိုလ်ကော့တ်က အလံတော်ရဲ့ ရှည်လျားတဲ့ အတန်းလိုက်ပုံသဏ္ဍာန်ဟာ နေရာတိုင်းမှာ အသုံးပြုလို့ အဆင်မပြေနိုင်ဘူးလို့ ထင်မြင်တာကြောင့် ပြောင်းလဲပြင်ဆင်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့် အလံတော်ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်ဟာ နိုင်ငံတော်အလံတွေအတိုင်း ဖြစ်လာပါတယ်။ အဲဒီနောက် ပြုပြင်မှုတွေကို သင့်တော်သလိုပြုလုပ်ခဲ့ပါတယ်။ အသစ်ပြင်ဆင်ထားတဲ့ အလံတော်ကို ၁၈၈၆ ခုနှစ် ဧပြီလ ၈ရက်နေ့မှာ Sarasavi Sandaresa သတင်းစာမှာပဲ ပုံနှိပ်ဖြန့်ဝေခဲ့ပြီး ၁၈၈၆ ခုနှစ် Vesak Day (ကဆုန်လပြည့်နေ့) မှာ လူထုမြင်ကွင်းမှာ လွှင့်တင်ခဲ့ပြန်ပါတယ်။ ၁၈၈၉ ခုနှစ်မှာ အနာဂါရိက ဓမ္မပါလအရှင်နဲ့ အိုလ်ကော့တ်တို့က ဂျပန်ဘုရင်ကို အလံတော်ပြသပြီး ဂျပန်နိုင်ငံနဲ့ စတင်မိတ်ဆက်ပေးခဲ့ပြီး နောက်တဆက်ထဲ မြန်မာနိုင်ငံကိုလည်း ဆက်လက်မိတ်ဆက်ပေးခဲ့ပါတယ်။ ၁၉၅၀ ခုနှစ် မေလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ ညီလာခံ (Conference of the World Fellowship of Buddhists) ဖွင့်ပွဲမှာ တည်ထောင်သူ ဥက္ကဌ ပါမောက္ခကြီး G P Malasekera က အလံတော်ကို ကမ္ဘာတဝှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလံတော်အဖြစ် ရွေးချယ်သတ်မှတ်ဖို့ အဆိုပြုပါတယ်။ ဒီအဆိုပြုချက်ကို တညီတညွှတ်ထဲ အဆင့်ဆင့်ဖြန့်ဝေကြပြီး ပျံ့နှံ့သွားပါတယ်။ အရောင်များ အလံတော်မှာပါဝင်တဲ့ အရောင်ငါးမျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်ကို ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူးထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုပါတယ်။ ပြာသောရောင်ခြည် (နီလ) = ကရုဏာ၊ ငြိမ်းချမ်းမှု နှင့် စကြာဝဠာသို့ ဖြန့်ကျက်သော မေတ္တာတော်။ ဝါသောရောင်ခြည် (ပီတ)= အလယ်အလတ်လမ်းစဉ် ~ အစွန်းရောက်ခြင်း၊ သတိလက်လွတ်နေခြင်းများကို ရှောင်ကျဉ်ခြင်း။ နီမောင်းသောရောင်ခြည်(လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ ~ အောင်မြင်ခြင်း၊ အသိဥာဏ်၊ သီလ၊ ကံနှင့် စောင့်စည်းမှု။ ဖြူသောရောင်ခြည် (သြဒါတ)= တရားဓမ္မ၏ စင်ကြယ်ခြင်း ~ အချိန်၊ နေရာ အကန့်အသတ်တို့ကို လွန်မြောက်၍ သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊ လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟောကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။ အလံတော်ပေါ်က ခြောက်ခုမြောက် ဒေါင်လိုက်လိုင်းကို ကျန်တဲ့အရောင်ငါးမျိုးရဲ့ လေးထောင့်လိုင်းလေးတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားပြီး အဲဒီလိုင်းဟာ ရောင်ခြည်တော်ထဲက အရောင်ငါးမျိုးပေါင်းစုံမှုကို ကိုယ်စားပြုပါတယ်။ အဲဒီ ပေါင်းစပ်မှုအရောင်ဟာ “ပဘဿရ” (အလင်းရဲ့အဓိက အနှစ်ချုပ်) ကို ရည်ညွှန်းပါတယ်။ တိဗက်မှာတော့ အလံတော်ထဲက လိုင်းတွေဟာ (ကမ္ဘာတလွှားက) ဗုဒ္ဓဘာသာဘုန်းတော်ကြီးများရဲ့ သက္ကန်းအရောင်မျိုးစုံကို အောင်လံတံခွန်တစ်ခုထဲမှာ တစုတစည်းထဲ ဖော်ညွှန်းပါတယ်။ တိဗက်ဘုန်းတော်ကြီးများရဲ့ သက္ကန်းဟာ ကြက်သွေးရောင် ဖြစ်ပါတယ်။ ဒါကြောင့် အလံတော်မူရင်းပုံစံထဲက လိမ္မော်ရောင်ကို တခါတရံ ကြက်သွေးရောင်နဲ့ အစားထိုးတတ်ကြပါတယ်။ ဂိုဏ်းဂဏဆိုင်ရာ မူကွဲများ ဂိုဏ်းဂဏခွဲခြားမှု မရှိတဲ့ ဗုဒ္ဓဘာသာအလံတော်ကတော့ ဘုန်းတော်ကြီးကျောင်းပေါင်းများစွာရဲ့ အထက်မှာ တလူလူ လွင့်နေပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာတော့ သူတို့ရဲ့ ဟောကြားသင်ပြတဲ့ ပုံစံကို အသားပေး အလေးထားတဲ့အနေနဲ့ အလံတော်ရဲ့အရောင်တွေကို ပြောင်းလဲထားတာတွေ ရှိပါတယ်။ ~ ဂျပန်နိုင်ငံက ရှင်းဗုဒ္ဓဘာသာကျောင်းရဲ့ အလံတော်ပေါ်က လိမ္မော်ရောင်လိုင်းကို ပန်းရောင်လိုင်းနဲ့ အစားထိုးပါတယ်။ ~ နိပေါနိုင်ငံက တိဗက်ဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မော်ရောင်လိုင်းကို သပြေမှည့်ရောင်နဲ့ အစားထိုးပါတယ်။ ~ မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မောရောင်လိုင်းကို အစိမ်းပုတ်ရောင်နဲ့ အစားထိုးပါတယ်။ ~ ဂျပန်နိုင်ငံက Soka Gakkai ကတော့ အပြာ၊ အဝါနဲ့ အနီရောင်သုံးမျိုးစပ်ကို အသုံးပြုပါတယ်။
အပြည့်အစုံဖတ်ရန်

“ပုညကိရိယာဝတ္ထု (၁၀)ပါး”

မမေ့မလျော့ရှိပြီး ပွားများရမည့် ကုသိုလ်တရား (၁၀)ပါး ရှိလေ၏။
ထိုကုသိုလ်တရား (၁၀)ပါးကို စာရိတ္တအကျင့်တရား-ဟုလည်း ခေါ်လေသည်။
ပုညကိရိယာဝတ္ထု-ဟုလည်း ခေါ်၏။
ထို(၁၀)ပါးကား -  
(၁) ဒါန - စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊ 
(၂) သီလ - (၅)ပါး၊ (၈)ပါး အစရှိသည့် ရှောင်ကြဉ်မှုများကို စောင့်ထိန်းခြင်း၊ 
(၃) ဘာဝနာ - သမထ၊ ဝိပဿနာ ကမ္မဋ္ဌာန်းများ အားထုတ်ခြင်း၊ 
(၄) အပစာယန - ရိုသေ လေးစားထိုက်သူများအား ရိုသေ လေးစားခြင်း၊ 
(၅) ဝေယျာဝစ္စ - သူတစ်ပါးတို့၏ ကုသိုလ်ကိစ္စများ၌ ဝိုင်းဝန်းကူညီခြင်း၊ 
(၆) ပတ္ထိဒါန - မိမိ ကုသိုလ် ကောင်းမှုအဖို့ကို အမျှပေးဝေခြင်း၊ 
(၇) ပတ္တာနုမောဒနာ - သူတစ်ပါး ပြုသော ကောင်းမှု ကုသိုလ်အဖို့ကို ဝမ်းမြောက်သာဓုခေါ်ခြင်း၊ 
(၈) ဓမ္မသဝန - တရားနာခြင်း၊ တရားစာပေဖတ်ခြင်း၊ တရားစာပေ လေ့လာသင်ယူခြင်း၊ 
(၉) ဓမ္မဒေသနာ - တရားဟောခြင်း၊ တရားစာပေပို့ချခြင်း၊ တရားစာပေ ကျမ်းဂန်များ ရေးသားခြင်း၊ 
(၁၀) ဒိဋ္ဌိစုကမ္မ - ကံ၊ ကံ၏ အကျိုးမှစ၍ မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် ယုံကြည်ချက် ရှိစွာဖြင့် ကောင်းသော အယူကို ဖြူစင် ဖြောင့်မှန်အောင် ပြုလုပ်ခြင်း။
အပြည့်အစုံဖတ်ရန်

Tuesday, June 26, 2012

တရားကို တေးလိုဆို

အဖကို သားကဆဲ၊

ဆွေမျိုးထဲက ဓားပြတိုက်၊

မိုက်ရဲလျှင် သောတပန်၊

မကောင်းကြံက သမာဓိ၊

ရွှေရှိမှ လူလိမ္မာ၊

လိမ်နိုင်မှ သစ္စာရှင်၊

ရိုးသားသူကို အရူးလို့ထင်၊

အင်္ကျီပါးနှင့် ဥပုသ်သည်၊

ဇရပ်အလည် ကို့ယိုးကားယား၊

လူဆင်းရဲက သူဌေးယောင်ဆောင်၊

အ၀တ်ပြောင်မှ လူရိုသေ၊


ရွှေရှိဘုရားမှ ရှိခိုးချင်၊

ဇာတ်သမားမှ လူခေါ်ချင်၊

အပျိုငယ်က၊ လင်နေစော၊

အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊

လင်ရှိမယားက အပျိုလုပ်၊

ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊

ဖိုးသူတော်က ဘိုစတောက်ချ၊

အပျိုပေါက်စ နှစ်လင်ယူ၊

လူရင်းနှီးတော့ အတိုးချ၊

ခိုးဓားပြက လူလို့အော်၊

ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊

မယ်သီလက အနုဆေးဖေါ်၊

မရှောင်တမ်းတိုးတာ တစ်ခုလပ်၊

အမှန်ပြောတော့ အမုန်းပွား၊

ဥပုသ်စောင့်ရင်း အတင်းပြော၊

ခေတ်ကြီးကိုတော့ အပြစ်ဆို၊

ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊

အလှူပေးရင်း ထမင်းရောင်း၊

မသာပို့ရင်း အပျိုလှည့်၊

သူတော်ကောင်းတို့ တရားပျက်ကြပြီ။


(ဗန်းမော်ဆရာတော်)
အပြည့်အစုံဖတ်ရန်

Sunday, June 17, 2012

လူချင်းတူပါလျှက် ဘာ့ကြောင့် ကွဲပြားရသနည်း

လူချင်းတူပါလျက် အသက်ရှည်ခြင်း မရှည်ခြင်း၊ အနာရောဂါ များခြင်း နည်းခြင်း၊ ရုပ်အဆင်းလှပခြင်း မလှခြင်း၊ မိတ်ဆွေ အခြံအရံ အရှိန်အ၀ါ ရှိခြင်း မရှိခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၊ အမျိုးကောင်း၌ ဖြစ်ခြင်း မဖြစ်ခြင်း၊ ပညာဉာဏ် ကောင်းခြင်း မကောင်းခြင်း ဟူသော အချက်(၁၄) ချက်သည် မတူညီကြပေ။ အဘယ့်ကြောင့် ထိုကဲ့သို့ လူသားချင်း တူပြီး ကွဲပြားနေကြပါ သနည်း။(၁) သူတစ်ပါးအသတ်ကို မသတ်ဘဲ ရှောင်ကြဉ်သောသူသည် ဖြစ်လေရာဘ၀၌ အသက်ရှည်ပြီး သူများအသတ်ကို သတ်လေ့ ရှိသူသည် အသက်တိုကြပေသည်။

(၂) သူတစ်ပါးအား တုတ်ဓါး လက်နက်ဖြင့် နာကျင်အောင် ဒဏ်ရာရအောင် စိတ်ထိခိုက်ခံစားရအောင် ပြုလုပ်သော သူသည် ဖြစ်လေရာဘ၀၌ အနာရောဂါများ၍ ထိုအရာများကို ရှောင်ကြဉ်သောသူသည် ဖြစ်လေရာဘ၀၌ အနာရောဂါ နည်း ပေသည်။

(၃) ဒေါသကြီးခြင်း၊ စိတ်ဆိုးလွယ်ခြင်းတို့သည် ဖြစ်လေဘ၀၌ ရုပ်ရေအဆင်း မလှခြင်းတို့ကို ဖြစ်စေ၍ သူတစ်ပါးတို့က စိတ် ဆိုးစရာ အမျက်ဒေါသ ဖြစ်စရာများနဲ့ ပြောဆိုစေကာမှု စိတ်မဆိုး ဒေါသ မထွက်အောင် ထိန်းနိုင်ပြီး သည်းခံသော ပုဂ္ဂိုလ်တို့သည် ဖြစ်လေရာ ဘ၀၌ ရုပ်ရည်အဆင်း လှပ ကြ ပေသည်။

(၄) သူတစ်ပါး ချမ်းသာခြင်း၊ ရုပ်ရေလှပခြင်း၊ ကျော်စောခြင်း တို့ကို မနာလိုဖြစ်သော ပုဂ္ဂိုလ်တို့သည် ဖြစ်လေရာဘ၀၌ မိတ်ဆွေ အခြံအရံ အရှိန်အ၀ါ နည်းပါး၍ ထိုဖော်ပြပါ အချက် များကို ရှောင်ကြဉ်သော ပုဂ္ဂိုလ်သည် ဖြစ်လေရာ ဘ၀၌ မိတ်ဆွေ အခြံအရံ များပြီး အရှိန်သြဇာ ကြီးမားပေသည်။ ထို့ကြောင့် မိမိ၏ စကားကို သားသမီ ညီအကို မောင်နှမ သူငယ်ချင်း မိတ်ဆွေ၊ တပည့်များက နားမထောင်လျှင် ဤအချက်ကို လိုက်နာ ကျင့်ဆောင်ပါလေ။

(၅) သူတစ်ပါးတို့အား အထူးသဖြင့် သီလ သမာဓိ ပညာ သုံးပါးဖြင့် ပြည့်စုံသော အလှူခံ ပုဂ္ဂိုလ်တို့အား တစ်စုံတစ်ခု သော ပစ္စည်းကိုမျှ မပေးလှူသော ပုဂ္ဂိုလ်သည် ဖြစ်လေရာ ဘ၀၌ ဆင်းရဲ၍ ပေးလှူစွန့်ကြဲ ပေးကမ်းသော ပုဂ္ဂိုလ်များ သည် ဖြစ်လေရာ ဘ၀၌ ချမ်းသာစွာ နေရပေသည်။

(၆) မိမိထက် အသက်ကြီးသူကို လည်းကောင်း၊ ပညာဥာဏ် ကြီးမားသော သူကိုလည်းကောင်း၊ သီလရှိသော သူကို လည်းကောင်း ရိုသေ လေးစားခြင်း၊ ဆည်းကပ်ခြင်း မရှိဘဲ မာန်မာန ထောင်လွှားသော ပုဂ္ဂိုလ်များ သည် ဖြစ်လေရာ ဘ၀၌ အမျိုးယုတ်၍ မိမိထက် အသက်သော် လည်းကောင်း၊ ပညာသော် လည်းကောင်း၊ သီလသော် လည်းကောင်း ကြီးမားသော ပုဂ္ဂိုလ်တို့ကို မာန်မာန မထောင်လွှားဘဲ မာန် မာန ချ၍ ရိုသေ လေးစားသော ပုဂ္ဂိုလ်သည် ဖြစ်လေရာ ဘ၀၌ အမျိုးမြတ်သော ဘ၀၌ ဖြစ်ရပေသည်။

(၇) ပညာရှိ သူတော်ကောင်း တို့ထံ၌ ဘယ်အရာသည် ကောင်းသော ကုသိုလ်တရား ဘယ်တရားသည် မကောင်း သော အကုသိုလ်တရား၊ ဘယ်အရာသည် ကျင့်သုံးရမည့် အရာ၊ ဘယ်အရာသည် မကျင့်သုံး သင့်သောတရား၊ မည်သို့သော အရာသည် အပြစ်ရှိ၍ မည်သို့သော အရာသည် အပြစ်မရှိ ပါသနည်း စသည်ဖြင့် မိမိသိသင့် သိထိုက်သည့် တရားများကို မစူးစမ်း မလေ့လာ မမေးမြန်း မဆွေးနွေး မကျင့်သုံးသော ပုဂ္ဂိုလ်သည် ဖြစ်လေရာ ဘ၀၌ ဉာဏ်ပညာ နည်းပါး၍ ထိုအရာများကို ပညာရှိ သူတော်ကောင်းတို့ထံ ချဉ်းကပ်ပြီး စူးစမ်းလေ့လာ ဆွေးနွေး မေးမြန်းခြင်း တို့ကို ပြုလုပ်သော သူသည် ဖြစ်လေရာ ဘ၀၌ ဉာဏ်ပညာ ကြီးမား ပေသည်။

အထက်ပါ အချက်အလက် များကို သိရှိပြီးပြီ ဆိုလျှင် မိမိ၌ သော်လည်းကောင်း တစ်ပါးသော သူ၌ လည်းကောင်း ထို အချက်များထဲက တစ်ခုခု ချို့ယွင်းလျှင် လည်းကောင်း ပြည့်စုံလျှင် လည်းကောင်း တိုက်ဆိုင် ကြည့်ပါက မည်သည့် အချက်ကြောင့် မည်ကဲ့သို့ ဖြစ်နေသည်ဟု ဆန်းစစ် ကြည့်လိမ့် မည် ထင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူသားများသည် ယခု ဘ၀၌ အထက်ပါ အချက်များထဲမှ မကောင်းသော အချက်များ ဖြစ်နေလျှင် နောက်နောင် ဘ၀များ၌ မဖြစ်ရလေ အောင် ယခုကတည်းက ရှောင်ကြဉ်သင့်တာ ရှောင်ကြဉ်ပြီး လိုက်နာ ကျင့်သုံး သင့်တာ လိုက်နာ ကျင့်သုံးရန် လိုအပ်လှ ပေသည်။

သတ္တ၀ါတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်သည်။ ကံ၏ အမွေခံ တို့ ဖြစ်ကုန်သည်။ ကံသာလျှင် အကြောင်း ရှိကုန် သည်။ ကံသာလျှင် ဆွေမျိုး ရှိကုန်သည်။ ကံသာလျှင် မှီခိုရာ ရှိကုန်သည်။ ကံသာလျှင် သတ္တ၀ါတို့ကို အယုတ်အမြတ် စသည်တို့ ခွဲခြား၍ ဖန်တီး ပေးပါသည်။ ထို့ကြောင့် ကျွန်ုပ် တို့ လူသားများသည် မိမိတို့၏ အကြံအစည် အပြောအဆို အလုပ်အကိုင် တို့ကို ကောင်းသော အရာများ ဖြစ်အောင် ကြိုးစားကြရန် အထူး လိုအပ်ပါပေသည်။ ထို မိမိ ကြံစည်မှု ပြောဆိုမှု လုပ်ကိုင်မှုတို့သည် ကောင်းလျှင် ကောင်းကျိုးဖြစ်၍ ကောင်းကျိုး ခံစားရပေမည်။ မကောင်းလျှင် မကောင်းကျိုး ဖြစ်၍ မကောင်းကျိုးကို ခံစားကြရပေမည်။

ထို့ကြောင့် မိမိသည် မိမိကိုယ်ကို ချစ်တယ် နှစ်သက်တယ် ဆိုလျှင် အကြံအစည် (မနောကံ) အပြောအဆို (၀စီကံ) အလုပ်အကိုင် (ကာယကံ)တို့ကို ကောင်သော အရာများ ဖြစ်အောင် လုပ်ဆောင်ပေးဖို့ရန် လိုအပ်လှပေသည်။ သို့မှသာလျှင် မိမိကိုယ်ကို ချစ်ရာ ရောက်ပေမည်။ လူသားအားလုံး မိမိကိုယ်ကို ချစ်နိုင်ကြပါစေလို့ ဆန္ဒပြုလျှက်............။

(မဇ္ဈိမနိကယ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ ၀ိဘင်္ဂ၀ဂ်၊ စူဠကမ္မ၀ိဘင်္ဂသုတ်)
မြန်မာနိုင်ငံသားများဆိုင်ရာ ဗုဒွ့ဘာသာအဖွဲ့(ဆွီဒင်နိုင်ငံ)(bbfse.org)
အပြည့်အစုံဖတ်ရန်

ဘုရားအကြိုက်ဆုံးပူဇော်နည်း


မြတ်စွာဘုရားကို အခြားလှူဖွယ်ပစ္စည်းတွေနှင့် ပူဇော်တာထက် အခုလို ယောဂီတို့ တစ်ရှူ တစ်ရှိုက် တရားနှင့် ပူဇော်တာက ပိုမွန်မြတ်တယ်။
ဘာလို့လဲဆိုတော့ - မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေက အတီးအမှုတ် တွေနဲ့သီဆိုပြီး ပန်းနံ့သာအမွှေးအကြိုင်တွေနှင့် လိုလေသေးမရှိ အခါမဲ့ပန်းတွေလဲ ပွင့်လို့ ၊ သက်ရှိသက်မဲ့ တွေကတောင် ပူဇော်ကြတာ။ ဒီလိုပူဇော်တာတွေကြည့်ပြီး မြတ်စွာဘုရားက အရှင်အာနန္ဒာကို နောက်ဆုံးမှာသွားတာက ချစ်သား အာနန္ဒာ…… ‘ ဒီလိုပစ္စည်းဝတ္ထုတွေနဲ့ ပူဇော်တာ ငါဘုရားကို ရိုသေလေးစားရာမရောက်ဘူး ၊ မြတ်နိုးကော်ရော် ရာလဲ မရောက်ဘူး၊ ရဟန်းဖြစ်စေ၊ လူဖြစ်စေ တရားနှလုံးသွင်း ရှုမှတ်ပြီး ပူဇော်တာကမှ အကောင်းဆုံး ပူဇော် ရာရောက်တယ် ’ လို့ ဟောထားခဲ့တာ။
ယခု ယောဂီတို့ ဘုရားကြိုက်တဲ့ ပူဇော်နည်းနှင့် ပူဇော်နေကြပြီ။

မောင်းထောင်မြေဇင်းဆရာတော်ဘုရားကြီး
အပြည့်အစုံဖတ်ရန်

ဓမ္မဒါနအကျိုး

(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
အလှူမှန်သမျှတွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏ (မဟာသုတကာရီ မဃဒေ၀ လင်္ကာသစ် ဆဌမပိုင်း၂၊ နိမိရာစစရိယခန်းအပိုဒ် ၅၀၇၊ စာမျက်နှာ ၄၀၆နှင့် ဓမ္မပဒတွင်ပါရှိသည့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ အလုံးစုံသောဒါနတို့တွင် ဓမ္မဒါနသာလျှင် အမြတ်ဆုံးဆိုသည့်အတိုင်း)
စကြာဝဠာ တစ်တိုက်လုံး ဗြဟ္မာပြည်အထိ အပြည့်အကျပ်ရှိနေသည့် ဘုရားပစ္စေက ဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့ကို တစ်ပါးလျှင် သင်္ကန်းတစ်စုံကျစီ လှူဒါန်းခြင်းသည် လေးပါဒရှိသော မြတ်စွာဘုရား ဟောကြားတော်မူသည့် ဂါထာတစ်ပုဒ်ကို သင်ကြားပြသ ဖြန့်ဖြူးရသည့် ဓမ္မဒါနကုသိုလ်၏ ၂၅၆ စိတ် စိတ်လျှင် တစ်စိတ်ကိုမျှ မမှီနိုင်ပါ။ ထို့ကြောင့် ဓမ္မဒါနပြုသူများသည် အမြတ်ဆုံး ဒါနရှင်ကြီးများဖြစ်နိုင်ပါသည်။ တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။ 

ဓမ္မမိတ်ဆွေမည်သူမဆို ကုသိုလ်ကောင်းမှုအလို့ငှာ ကူးယူဖြန့်ဝေနိုင်ပါသည်..။

အပြည့်အစုံဖတ်ရန်

မြတ်စွာဘုရားရှင်၏နေ့စဉ်ပြုလုပ်ဆောင်ရွက်တော်မူသောပုဗ္ဗကိစ္စ ( ၅ ) မျိုး

“ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ။
မြတ်စွာဘုရားရှင်သည် သတ္တ၀ါအားလုံး အကျိုးစီးပွားများစေရန် ပွင့်ထွန်း ပေါ်ပေါက်တော်မူလာရသည်”

မိမိတစ်ဦးတည်းအကျိုးအတွက် ဆိုရပါမူ ဘုရားရှင်သည် ဖလသမာပတ်ဝင်စား၍ ချမ်းသာစွာ နေတော်မူနိုင်သော်လည်း နေတော်မမူအား သတ္တ၀ါများအတွက် မနေမနား ကြိုးစားတော်မူသည်။ ဘုရားရှင်၏ နေ့စဉ် ဆောင်ရွက်တော်မူမြဲဖြစ်သော လုပ်ငန်းစဉ် (ဗုဒ္ဓကိစ္စငါးပါး)ကို လေ့လာကြည့်လျှင်ပင် သတ္တ၀ါများအပေါ် ထားတော်မူသော မဟာကရုဏာတော်ကို အလွယ်တကူပင် တွေ့မြင်ရမည်ဖြစ်၏။
တစ်နေ့တာအချိန်ကို ငါးပိုင်းပိုင်း၍ သူ့အချိန်နှင့်သူ မလစ်လပ်စေရအောင် နေ့စဉ်နှင့်အမျှ ဆောင်ရွက်တော်မူသည်။ နံနက်ခင်း လုပ်ငန်း၊ ဆွမ်းစားပြီးချိန် လုပ်ငန်း၊ ညဉ့်ဦးယံ လုပ်ငန်း၊ သန်ခေါင်ယံ လုပ်ငန်း၊ မိုးသောက်ယံ လုပ်ငန်းဟူ၍ တစ်နေ့တာ ဆောင်ရွက်ဖွယ် လုပ်ငန်းစဉ်များကို ငါးပိုင်း ပိုင်း၍ နေ့စဉ်ဆောင်ရွက်တော်မူသည်။

(က) ပုရေဘတ္တကိစ္စ = နံနက်ခင်း လုပ်ငန်းစဉ်
မြတ်စွာဘုရားရှင်သည် အရုဏ်တက်ချိန် စောစော အိပ်ရာမှ ထတော်မူ၍ မျက်နှာသစ်ခြင်း၊ ကိုယ်လက်သုတ်သင်ခြင်းကို ပြုတော်မူသည်။ ထို့နောက် ဂန္ဓကုဋီတိုက်ခန်းသို့ ပြန်လည်ဝင်တော်မူပြီး သမာပတ်ဝင်စားကာ ခဏမျှ ချမ်းသာစွာနေတော်မူသည်။ ထို့နောက် ဆွမ်းခံချိန်ရောက်သောအခါ သင်္ကန်းတော်ကို ရုံတော်မူပြီး တစ်ခါတစ်ရံ ကိုယ်တော်တစ်ပါးတည်း၊ တစ်ခါတရံ သံဃာတော်များ ခြံရံလျက် ဆွမ်းခံကြွတော်မူသည်။ ထိုသို့ ကြွတော်မူသောအခါ၌လည်း တစ်ခါတရံ တန်ခိုးအမျိုးမျိုးကို ဖန်ဆင်း၍လည်းကောင်း၊ တစ်ခါတရံ ပကတိသဘာဝအတိုင်းလည်းကောင်း ကြွတော်မူသည်။

မြတ်စွာဘုရားကြွတော်မူလေရာတိုင်း ပါရမီတော်ကြောင့် ခလုတ်တံသင်း ဆူးငြှောင့် နှောက်ယှက်ခြင်းမရှိ၊ ကမူချိုင့်ဝှမ်း နိမ့်မြင့်မညီဖြစ်နေသော လမ်းများလည်း အလိုလို ချောမွေ့ ပြေပြစ်၍သွားကြ၏။ ဒကာဒကာမတို့လည်း ပန်းနံ့သာလက်စွဲကာ ဘုရားရှင်ကို ဖူးမြော်ရန် စုဝေးရောက်လာကြကုန်၏။ မိမိတို့ တက်နိုင်သလောက် သံဃာတော်ဆယ်ပါး၊ အပါးနှစ်ဆယ်၊ အပါးတစ်ရာ စသည် တောင်းယူ ပင့်ဆောင်ကြကုန်လျက် မြတ်စွာဘုရား၏ သပိတ်တော်ကို ယူဆောင်ကာ နေရာတော်ခင်း၍ ရိုသေစွာ ဆွမ်းလုပ်ကျွေးကြကုန်၏။ ဆွမ်းဘုဉ်းပေးပြီးနောက် မြတ်စွာဘုရားရှင်သည် ဒကာ၊ ဒကာမတို့၏ စရိုက် ဓာတ်ခံကို ဆင်ခြင်တော်မူလျက် သင့်လျော်သော အနုမောဒနာတရားကို ဟောကြားတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ကျောင်းတော်သို့ ပြန်ကြွတော်မူ၏။ ပန်းနံ့သာတို့ဖြင့် ထုံမွမ်းထားသော စုဝေးရာမဏ္ဍပ် နေရာတော်၌ ထိုင်နေတော်မူ၍ ဆွမ်းစားရာမှ ပြန်လာကြသော ရဟန်းတော်တို့ကို စောင့်လျက်နေတော်မူ၏။ ထို့နောက် သံဃာတော်များ စုံလင်သောအခါ ဂန္ဓကုဋီကျောင်းဆောင်ဘက်သို့ ကြွတော်မူလေသည်။ ဤကား နေ့စဉ်နံနက်တိုင်း ပြုလုပ်လေ့ရှိသော နံနက်ခင်း လုပ်ငန်းစဉ်ဖြစ်ပေသည်။

(ခ) ပစ္ဆာဘတ္တကိစ္စ = နေ့လယ် လုပ်ငန်းစဉ်
မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးဆုံးသည့်နောက် တစ်နေ့တာ ဆောင်ရွက်မြဲ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်တော်မူ၏။ ဂန္ဓကုဋီကျောင်းတော်အနီး အသင့်ခင်းထားသော နေရာတော်၌ ထိုင်တော်မူပြီးနောက် ခြေဆေးအင်းပျဉ်၌ ရပ်တော်မူလျက် ရဟန်းတော်များအား ဒုလ္လဘတရား ငါးပါးကို နေ့စဉ်ပင် ဟောကြားသတိပေးတော်မူမြဲဖြစ်သည်။

“အပ္ပမာဒေန ဘိက္ခ၀ သမ္ပာဒေထ = ရဟန်းတို့ မမေ့လျော့သော သတိတရားနှင့် ပြည့်စုံကြပစေ။

၁။ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ = ရဟန်းတို့ - လောက၌ ဘုရားရှင် ပွင့်ထွန်းတော်မူခြင်း ဖြစ်ပေါ်ခဲ၏။

၂။ မနုဿတ္တိပဋိလာဘော ဒုလ္လဘော = လူအဖြစ်ရခြင်းသည် ခက်ခဲ၏။ (လူအဖြစ် ရခဲ၏)။

၃။ သဒ္ဓါသမ္ပတ္တိ ဒုလ္လဘာ = (ရတနာသုံးပါးနှင့်ကံ ကံ၏အကျိုးကို ယုံကြည်မူ) သဒ္ဓါတရားနှင့် ပြည့်စုံခြင်းသည် ခက်ခဲ၏။ (သဒ္ဓါနှင့် ပြည့်စုံခြင်းကို ရခဲ၏)။

၎။ ပဗ္ဗဇ္ဇာ ဒုလ္လဘာ = ရဟန်းအဖြစ်ကို ရခဲ၏။

၅။ သဒ္ဓမ္မဿဝနံ ဒုလ္လဘံ = သူတော်ကောင်းတရား ကြားနာရဖို့ ခက်ခဲ၏”။

ဒုလ္လဘတရား ဟောကြား သတိပေးပြီးလျှင် ကမ္မဋ္ဌာန်း မေးလျှောက်သော ရဟန်းတို့အား သင့်လျော်သော ကမ္မဋ္ဌာန်းကို ပေးတော်မူသည်။ ကမ္မဋ္ဌာန်းသင်ယူပြီးသော ရဟန်းတော်များ မိမိတို့နှင့် သင့်လျော် ဆိတ်ငြိမ်ရာသို့ အသီးသီး ကြွရောက်၍ ကမ္မဋ္ဌာန်းဘာဝနာ တရား ပွားများ အားထုတ်ကြလေသည်။

ကမ္မဋ္ဌာန်းပေးပြီးနောက် ဂန္ဓကုဋီကျောင်းတော်သို့ ၀င်တော်မူကာ အလိုတော်ရှိလျှင် တစ်မုဟုတ်ခန့် လျောင်းတော်မူသည်။ လျောင်းရာမှ ထတော်မူပြီးလျှင် တစ်လောကလုံးကို ခြုံ၍ ချေချွတ်ထိုက်သော သတ္တ၀ါဝေနေယျများ ရှိ-မရှိ အမြဲ ရူကြည့်တော်မူလေသည်။

မြတ်စွာဘုရား သီတင်းသုံးရာဒေသရှိ ဒကာ ဒကာမတို့သည် ညနေချမ်းကာလရောက်လျှင် အဖျော်ယမကာ၊ ပန်းနံ့သာ စသည်ယူဆောင်လျက် တရားနာယူရန် ကျောင်းတော်သို့ ရောက်လာစည်းဝေးကြသည်။ ထိုအခါ မြတ်စွာဘုရားသည် ထိုတရားမဏ္ဍပ်ရှိ နေရာတော်၌ သီတင်းသုံးတော်မူလျက် သင့်လျော်သော တရားကို ဟောကြားတော်မူလေသည်။ ညနေစောင်းအချိန်လောက်တွင် တရားပွဲပြီးဆုံး၍ ပရိသတ်တို့ ကျောင်းတော်မှ ပြန်ကြလေသည်။

(ဂ) ပုရိမယာမကိစ္စ = ညဉ့်ဦးယံ လုပ်ငန်းစဉ်
မြတ်စွာဘုရားရှင်သည် တစ်နေ့တာ ဆောင်ရွက်ဖွယ်လုပ်ငန်းများ ပြုလုပ်ပြီးနောက် ရေချိုးတော်မူလိုလျှင် ရေချိုးအိမ်သို့ ၀င်တော်မူကာ ရေသပ္ပါယ်တော်မူသည်။ အလုပ်အကျွေးရဟန်း ကလည်း ဘုရားရှင် နေရာတော်ကို ဂန္ဓကုဋီပရိဝုဏ်အတွင်း၌ ခင်းထားရလေရာ ရေသုံးသပ်တော်မူပြီးလျှင် ထိုနရာတော်သို့ကြွကာ နှစ်ထပ်သင်္ကန်းကို ၀တ်၊ ခါးပန်းကြိုးကို ဖွဲ့ချည်ပြီးလျှင် ကိုယ်ရုံလက်ကန်တော့ ထိုးတော်မူလျက် တစ်မုဟုတ်ခန့် တစ်ပါးတည်း ကိန်းအောင်း စံနေတော်မူလေသည်။

ခဏကြာလျှင် ထိုထိုအရပ်မှ ရဟန်းတော်များ လာရောက် ဆည်းကပ်ကြကုန်၏။ မြတ်စွာဘုရားသည် ညဉ့်ဦးယံတစ်ချိန်လုံး ထိုရဟန်းတော်များ မေးလျှောက်သမျှ ဖြေဆိုတော်မူ၍ တရားဓမ္မ ဟောပြပေးတော်မူ၏။ ဤသို့ဖြင့် ညဉ့်ဦးယံအချိန်ပိုင်း ကုန်လွန်သွား၏။

(ဃ) မဇ္ဈိမယာမကိစ္စ = သန်ခေါင်ယံ လုပ်ငန်းစဉ်
ညဉ့်ဦးယံလုပ်ငန်းပြီးဆုံး၍ ရဟန်းတော်များ ပြန်ကြွပြီးသောအခါ နတ်ဗြဟ္မာတို့ ဆည်းကပ်ရန် အချိန်ဖြစ်တော့သည်။ စကြ၀ဠာပေါင်း တိုက်တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့သည် မိမိတို့ ဆင်ခြင်စဉ်းစားခဲ့ကြသော အမေးပုစ္ဆာ ပြဿနာများကို မေးလျှောက်ကြကုန်၏။ မြတ်စွာဘုရားသည် သန်ခေါင်ယံ တစ်ချိန်လုံး အမေးပုစ္ဆာ ပြဿနာအလိုက် နတ်ဗြဟ္မာတို့ သံသယပြေကင်းအောင် ဖြေရှင်းဟောပြတော်မူရလေသည်။ မင်္ဂလသုတ် စသော သုတ်တော်များသည် နတ်ဗြဟ္မာများ မေးလျှောက်သဖြင့် ဤသန်ခေါင်ယံ၌ ဟောကြား ဖြေရှင်းတော်မူခဲ့သော သုတ်တော်များ ဖြစ်လေသည်။

(င) ပစ္ဆိမယာမကိစ္စ = မိုးသောက်ယံ လုပ်ငန်းစဉ်
ပစ္ဆိမယံ ခေါ် မိုးသောက်ယံကို သုံးပိုင်း ခွဲဝေတော်မူလျက် ကျင့်ဆောင်တော်မူလေသည်။

တစ်နေ့တာလုံး ဆောင်ရွက်တော်မူရသဖြင့် ကိုယ်လက် ပင်ပန်း နွမ်းနယ်မူ ပြေပျောက်စေရန် ပထမပိုင်းတစ်ချိန် စင်္ကြံကြွခြင်းဖြင့် ကုန်လွန်စေသည်။

ဒုတိယပိုင်း တစ်ချိန်မှာမူ ဂန္ဓကုဋီကျောင်းတော်သို့ ၀င်၍ လက်ယာနံတောင်းဖြင့် လျောင်းစက်တော်မူသည်။

တတိယပိုင်းအချိန် လျောင်းတော်မူရာမှ ထတော်မူပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူကာ ရှေးရှေး ဘုရားရှင်တို့ အထံ၌ ဒါန သီလ စသည် ပြုခဲ့ဖူးသော ကုသိုလ်ပါရမီထူး ရှိသူများ ရှိ-မရှိ တစ်လောကလုံးကို ခြုံငုံ၍ ကြည့်ရူတော်မူလေသည်။


အရှင်ဝိစက္ခဏ(ဇယရံသီ)
အပြည့်အစုံဖတ်ရန်