Popular Posts

credit

ဤဘလော့ခ်သည် ဗုဒ္ဓမြတ်စွာဘုရား၏မေတ္တာရိပ်အောက်တွင် တည်ရှိပါသဖြင့် ရောက်လာသူအားလုံး စိတ်နှလုံးချမ်းမြေ့ကြပါစေ....


  • ယခုဘလော့ခ်ကို ဗုဒ္ဓဘာသာပြန့်ပွားစေရန် ရည်ရွယ်၍ ကျွန်တော်တို့ ဖတ်မှတ်၊စုစည်း၊သိမ်းဆည်းထားသည်များကို အများသိရှိစေရန် ပြန်လည်ဖြန့်ဝေခြင်းသာလျှင် ဖြစ်ပါသည်။
  1. တစ်ချို့သော စာစုများမှာ မူရင်းရေးသားသူကို မမှတ်မိတော့ပါသဖြင့် credit မပေးနိုင်တော့သည့်အတွက်
    မူရင်းရေးသားသူကို ဤနေရာမှ အနူးအညွတ်တောင်းပန်အပ်ပါသည်။
  2. အကယ်၍ စာဖတ်သူများမှ သိရှိပါကလည်း သက်ဆိုင်ရာပို့စ်အောက်တွင်လည်းကောင်း၊
    thewordsofbuddha@gmail.com သို့လည်းကောင်း အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်။
  3. " ပို့စ်အသစ်တင်တိုင်း gmailကိုအကြောင်းကြားစေလိုပါက" အောက်တွင် မိမိတို့၏ gmail လိပ်စာကို ဖြည့်သွင်းထားပါက ပို့စ်အသစ်တင်တိုင်း မိမိတို့၏ gmail သို့ အကြောင်းကြားပေးပါသည်။

Wednesday, June 27, 2012

“ဘုရားစစ် ဘုရားမှန် ဟုတ်၊ မဟုတ် နတ်မင်းတို့ ဆွေးနွေးခြင်း - ဟေမ၀တသုတ်”

မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်နေ့ ညသန်းခေါင်ယံအချိန်၌ ဓမ္မစကြာ တရားဒေသနာတော်ကို ဟောပြောမူပြီးဆုံးခဲ့သည်။ ထိုတရားပွဲကြီး၌ နတ် ဗြဟ္မာပရိသတ်ထဲတွင် သာတာဂိရ နတ်မင်းကြီးလည်းပါဝင်သည်။ သာတာဂိရနတ်မင်းကြီးသည် မိမိ၏ အခြံအရံ နတ်ဘီလူး ပရိသတ်ငါးရာနှင့်အတူ မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မစကြာဒေသနာတော်ကို နာကြားရပါသော်လည်း တစုံတခု မဂ်ဖိုလ် တရားထူးကို မရခဲ့ချေ။ ထိုသို့ မရနိုင်ခြင်းမှာ တရားတော်ကို ဖြောင့်ဖြောင့် မနာယူနိုင်ဘဲ နောက်ဆန်တင်းနသောကြောင့် ဖြစ်သည်။ ဓမ္မစကြာဒေသနာတော်မှာ လွန်စွာနက်နဲဆန်းကြယ်လှသဖြင့် မိမိ၏သူငယ်ချင်း ဟေမ၀တနတ်မင်းအား တရားနာစေချင်လှသည်၊ ယခုအခါ သူငယ်ချင်း မပါလာသဖြင့် တရားနာရန် စိတ်မဖြောင့်ဘဲ ရှိနေသောကြောင့် တရားထူး မရနိုင်ခဲ့ပေ။ သာတာဂိရနတ်မင်းနှင့် ဟေမ၀တနတ်မင်း အလျောင်းလျာ အမျိုးသားနှစ်ဦးတို့သည် ကသပဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် သာသနာတော်သို့ ၀င်ရောက်လာခဲ့ကြသည်။ ဂန္ထဓုရတာဝန်ကို ထမ်းဆောင်ကြရာ စာပေပရိယတ် လွန်စွာတတ်ကျွမ်းကြသည်၊ ၀ိနည်းအရာ လွန်စွာကျွမ်းကျင်ကြသည်၊ ကိုယ်ကျင့်သိက္ခာကောင်းမွန်ပြီး စာပေအရာ ကျော်ကြားကြသည်။ တောရွာ ကျောင်းတိုက်တခု၌ ဓမ္မ၀ါဒီရဟန်းနှင့် အဓမ္မ၀ါဒီရဟန်း နှစ်ပါးတို့ရှိကြသည်။ အဓမ္မ၀ါဒီရဟန်းသည် သိက္ခာပုဒ်ကို လွန်ကျူးသည်၊ ဓမ္မ၀ါဒီရဟန်းက မလျောက်ပတ်ကြောင်း ပြောဆိုသောအခါ အဓမ္မ၀ါဒီရဟန်းက လက်မခံဘဲ ငြင်းပယ်သဖြင့် မထေရ်ကြီးနှစ်ပါးထံ အဆုံးအဖြတ်ခံရန် ရောက်လာကြသည်၊ အဓမ္မ၀ါဒီရဟန်းသည် မိမိရူံးနိမ့်မှာ သေချာကြောင်း သိသဖြင့် မထေရ်တို့ထံ ကပ်ရောက်ပြုစုလုပ်ကျွေးကာ မိမိကို အနိုင်ပေးရန် လျှောက်ထားတောင်းပန်၏၊ မထေရ်နှစ်ပါးတို့ကလည်း အကြိမ်ကြိမ်တောင်းပန်ခြင်းကြောင့် လိုက်လျောခဲ့ကြ၏၊ မထေရ်ကြီးတို့သည် ကြိုတင်စီစဉ်ထားသည့်အတိုင်း အဓမ္မ၀ါဒီရဟန်းကို အနိုင်ပေးခဲ့လေသည်။ ဓမ္မ၀ါဒီရဟန်းလည်း မထေရ်နှစ်ပါးတို့၏ အဆုံးအဖြတ်ကို ကြားရသောအခါ သာသနာ့မျက်နှာကို မကြည့်ဘဲ ပုဂ္ဂိုလ်မျက်နှာကိုသာကြည့်ကာ ဆုံးဖြတ်ခဲ့ကြသဖြင့် ကဿပမြတ်စွာဘုရား သာသနာတော်ကား ပျက်စီးခြင်းမလှ ပျက်စီးရချေပြီတကားဟု ငိုကြွေးပြောဆိုလျက် ထိုဝိနည်းဓိုရ်တို့ထံမှ ထွက်ခွာသွားလေသည်။ မထေရ်ကြီးနှစ်ပါးတို့သည်လည်း “ငါတို့သည် အလဇ္ဇီဒုဿီလပုဂ္ဂိုလ်ကို ငဲ့ညှာစောင့်ရှောက်လျက် သာသနာတော်တည်းဟူသော ရတနာမြတ်ကြီးကို ထုံးအိုင် ချောက်ကမ်းပါး၌ ပစ်ချမိခဲ့လေပြီတကား”ဟု နောင်တ တဖန် ပူပန်စိတ်ဖြင့် သေဆုံးခဲ့ကြရာ မထေရ်တစ်ပါးက ဟိမ၀န္တာတောအတွင်း ဟေမ၀တတောင်၌ ဟေမ၀တမည်သော နတ်ဘီလူးမင်းဖြစ်လေသည်၊ အခြားတပါးမှာ မဇ္ဈိမဒေသအတွင်း သာတမည်သောတောင်၌ သာတာဂိရအမည်ရှိသော နတ်ဘီလူးမင်း ဖြစ်လေ၏၊ နတ်ဘီလူးပရိသတ် (၅၀၀)စီ အခြံအရံရှိ၏။ ထိုနတ်ဘီလူးမင်းကြီး နှစ်ဦးမှာ (၂၈)ဦးသော နတ်စစ်သူကြီးတို့တွင် ပါဝင်သဖြင့် တန်ခိုးလွန်စွာကြီးကြ၏၊ တလလျှင် ရှစ်ကြိမ် ဟိမ၀န္တာတောအတွင်း ဆေးဒန်းမြင်းသိလာကျောက်အပြင်ဝယ် နာဂ၀တီအမည်ရှိသာ မဏ္ဍပ်၌ နတ်အစည်းအဝေး ကျင်းပမြဲဖြစ်၏၊ ထိုအစည်းအဝေးပွဲသို့ နတ်ဘီလူးမင်းနှစ်ဦး တက်ရောက်လာရာ အချင်းချင်း တွေ့ဆုံကြပြီး ရှေးဖြစ်ဟောင်း ပြန်ပြောင်း သတိရသဖြင့် လွန်စွာရင်းနှီးချစ်ခင်ကြကုန်၏၊ တဦးနှင့်တဦး အကြောင်းကိစ္စထူးပါကလည်း အသိပေးကြရန် ကတိက၀တ်ပြုထားကြကုန်၏။ မြတ်စွာဘုရားအလောင်းတော်သည် လူ့ပြည်၌ ပဋိသန္ဓေယူတော်မူသောအခါ၊ ဖွားမြင်တော်မူသောအခါ၊ တောထွက်တော်မူသောအခါ၊ ဘုရားဖြစ်တော်မူသောအခါတို့၌ ထူးခြားအံ့သြဖွယ် နိမိတ်ကြီး (၃၂)ပါးတို့ ထင်ရှားစွာ ပေါ်ပေါက်ခဲ့သော်လည်း နတ်ဘီလူးမင်းတို့သည် မသိလိုက်ကြကုန်၊ ဓမ္မစကြာတရားတော် ဟောတော်မူသောအခါ၌လည်း လွန်စွာအံ့သြဖွယ် နိမိတ်ကြီး (၃၂)ပါးတို့ ပေါ်ပေါက်လာသည်၊ ထိုအခါမှ သာတာဂိရနတ်မင်း မြင်တွေ့လတ်၍ တရားပွဲသို့ ရောက်လာခြင်းဖြစ်လေသည်။ မိမိသူငယ်ချင်းကို စောင့်မျှော်နေသဖြင့် တရားထူးမရလိုက်ပေ။ ဤတရားပွဲအကြောင်းကို ဟေမ၀တနတ်မင်းအား ပြောပြရန် အခြွေအရံများနှင့် ထွက်ခွာလာခဲ့၏။ ဟေမ၀တနတ်မင်းအဖို့မှာလည်း ဤယနေ့သည် ထူးထူးခြားခြား အံ့ဖွယ်သရဲ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်၊ ဟိမ၀န္တာတောလုံး ပင်လုံးကျွတ် ပွင့်သော ပန်းမျိုးစုံတို့ဖြင့် လှပနေသည်။ သူငယ်ချင်း သာတာဂိရကို ခေါ်၍ နှစ်ဦးသား ပျော်မြူးကြမည်ဟူသော ရည်ရွယ်ချက်ဖြင့် ထွက်လာခဲ့သည်။ နတ်မင်းကြီး နှစ်ဦးတို့သည် ရာဇဂြိုဟ်မြို့ ကောင်းကင်ပြင်ဝယ် ရင်ဆိုင်တွေ့ကြသည်။ မိမိတို့ တွေ့ကြုံရသော အံ့သြဖွယ်ရာများကို ပြောကြားကြရာ သာတာဂိရနတ်မင်းက လောကသုံးပါးတွင် မြတ်စွာဘုရား ပွင့်တော်မူလာ၍ ဓမ္မစကြာသုတ်တော်ကို ယနေ့စတင် ဟောကြားတော်မူပြီ ဖြစ်ကြောင်း၊ လောကဓာတ် တစ်သောင်းသို့ “သဗ္ဗညုဘုရားရှင်ဖြစ်ပြီ”ဟု ရဲဝန့်စွာ ၀န်ခံတော်မူကြောင်း ပြောပြ၏။ ဘုရားဆိုတိုင်း လွယ်လွယ်နှင့် ယုံကြည်လေ့မရှိသော ဟေမ၀နတ်မင်းနှင့် သာတာဂိရနတ်မင်းတို့သည် ဘုရားစစ် ဘုရားမှန်ဆိုသည်မှာ မည်သည့် ဂုဏ်ထူးဝိသေသ အရည်အချင်းများနှင့် ပြည့်စုံသူ ဖြစ်ရမည်နည်းဟူသော စကားရပ်ကို အပြန်အလှန် ဆွေးနွေးကြကုန်၏။ 
အဆွေတော် ဟေမ၀တ - ယနေ့ကား လပြည့်ဥပုသ်နေ့တည်း၊ စကြ၀ဠာတစ်သောင်းမှ တရားနာလာရောက်ကြကုန်သော နတ် ဗြဟ္မာတို့၏ ကိုယ်ရောင်၊ ကြယ် လ နက္ခတ်တို့၏အရောင်၊ မြတ်စွာဘုရား၏ ရောင်ခြည်တော်တို့ဖြင့် ဇမ္ဗူဒိပ်ကျွန်းလုံးကို အလှဆုံးတန်ဆာဆင်ထားသည့်ပမာ အလွန်သာယာသော ညအခါဖြစ်၏၊ ဘုရားဟုတ်သလော၊ မဟုတ်သလောဟု တွေးတောယုံမှား စိတ်များမနေပါလင့်၊ လာ - သွားကြပါစို့၊ ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားကို သွားရောက်ဖူးမြော်ကြပါစို့။ 

အဆွေတော် သာတာဂိရ - သင်ဖူးတွေ့ခဲ့ရသော မြတ်စွာဘုရား၏ စိတ်တော်သည် သတ္တ၀ါအားလုံးတို့၌ ချစ်ခြင်း၊ မုန်းခြင်း အလျှင်းမရှိ၊ ပကတိသော တာဒိဂုဏ်နှင့် ပြည့်စုံပါ၏လော၊ သင် ဖူးတွေ့ခဲ့ရသော ဘုရားဂေါတမသည် ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၌ ချစ်ခြင်း၊ မုန်းခြင်းဖြစ်ပါသေးသလော၊ ကာမ၀ိတက် ဗျာပါဒ၀ိတက် ၀ိဟိံသာ ၀ိတက်တို့ကို ပယ်ရှားနိုင်သူ ဖြစ်ပါသလော၊ အခြားသော မည်သည့် ဂုဏ်ထူး များနှင့်လည်း ပြည့်စုံပါသေးသနည်း။ 

အဆွေတော် ဟေမ၀တ - ဂေါတမမြတ်စွာဘုရားသည် တာဒိဂုဏ်နှင့် ပြည့်စုံသူဖြစ်ပါ၏၊ မြတ်စွာဘုရားသည် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတို့၌ ချစ်ခြင်း၊ မုန်းခြင်း ကင်းတော်မူပါ၏၊ ၀ိတက်တရားတို့ကို ပယ်ရှားကင်းရှင်း နိုင်နင်းအောင် ပြုအပ်ပြီးသူ ဖြစ်ပါ၏၊ အခြားသူတို့ ကိုယ်နူတ်ဖြင့်မပေးသော ပစ္စည်းဥစ္စာကိုလည်း ယူတော်မမူ၊ သတ္တ၀ါတို့၌ သတ်ဖြတ်ညှဉ်းဆဲခြင်း ဒုစရိုက်မူမှ ကင်းဝေးတော်မူ၏၊ ငါးဖြာသောအာရုံ ကာမဂုဏ်တို့၌ ခုံမင်ငြိကပ်တွယ်တာတတ်သော စိတ်လည်း မရှိ၊ နီဝရဏငါးပါး စွန့်ပယ်ရှားလျက် ဈာန် သမာပတ်ကို အမြဲဝင်စားတော်မူ၏၊ မဟုတ်မမှန်သောစကား၊ ကြမ်းတမ်း ယုတ်မာသောစကား၊ ကုန်းတိုက်စကားများကိုလည်း မပြောကြားပေ၊ အကျိုးရှိ မှန်ကန်သော စကားကိုသာ ပြောကြားတော်မူလေ့ရှိ၏၊ ၀တ္ထုအာရုံ ကာမဂုဏ်တို့၌ ခုံမင် တပ်မက်ခြင်းတည်းဟူသော အဘိဇ္ဈာတရားများမှလည်း လွန်မြောက်ပြီးသူဖြစ်၏၊ ခပ်သိမ်းသော တရားတို့ကို ကိုယ်တိုင်ထိုးထွင်း သိမြင်တော်မူသောကြောင့် စက္ခုငါးပါးနှင့် ပြည့်စုံတော်မူ၏၊ ရှေးရှေးက ပွင့်တော်မူပြီးသော ဘုရားတကာ ပြည့်စုံရာသော ၀ိဇ္ဇာမျက်စိနှင့်လည်း ပြည့်စုံတော်မူ၏၊ နိဗ္ဗာန်သွားကြောင်း ခြေကောင်းသဖွယ် စင်ကြယ်သော စရဏတရား တဆယ့်ငါးပါးနှင့်လည်း ပြည့်စုံတော်မူပါ၏၊ မြတ်စွာဘုရား၏ သန္တာန်တော်ဝယ် ကိလေသာ အာသဝေါတရား အလုံးစုံ ကုန်ခန်းပြီး ဖြစ်တော်မူပါ၏၊ သံသရာဝယ် နောက်ထပ် တဖန် ပဋိသန္ဓေနေရခြင်း ဘ၀သစ်၌ ဖြစ်ရခြင်း မရှိတော့ပါ။ 

အဆွေတော် သာတာဂိရနတ်မင်း - သင် ယနေ့ည ဖူးတွေ့ရသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားသည်ကား သင်ပြောခဲ့သော ဂုဏ်တို့နှင့် ပြည့်စုံပါမူ ဘုရားစင်စစ် ဧကန်ဖြစ်ပေပြီ၊ ဘုရားစစ် ဘုရားမှန်ဟူသည် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူမြဲဖြစ်၏၊ ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးလုံး သန့်ရှင်းစင်ကြယ်တော်မူမြဲ ဖြစ်၏၊ ၀ိဇ္ဇာသုံးပါး ၀ိဇ္ဇာရှစ်ပါး စရဏတဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူမြဲ ဖြစ်၏။ 

အဆွေတော် သာတာဂိရနတ်မင်း - လာ သွားကြစို့၊ မြတ်စွာဘုရားသည် လက္ခဏာတော်ကြီးငယ်တို့နှင့် ပြည့်စုံတော်မူပြီး ကိုယ်တွင်းကိုယ်ပ ရန်ဟူသမျှ တိုက်ဖျက်ခြင်းငှါ စွမ်းနိုင်သော လုံ့လ ၀ီရိယ ရှိတော်မူ၏၊ ခန္ဓာကိုယ် မျှတရုံအတွက် ဆွမ်းတထပ်တည်းကိုသာ ဘုဉ်းပေးတော်မူ၏၊ အစာအာဟာရ၌ လောလုပ္ပတဏှာကို ပယ်သတ်ပြီးဖြစ်၏၊ မဂ်ဉာဏ်လေးပါးနှင့် ပြည့်စုံတော်မူကာ ဆိတ်ငြိမ်ရာတောအရပ်၌ ဈာန်ဝင်စား၍ နေလေ့ရှိတော်မူ၏၊ လောကဓံတရားတို့ကိုလည်း ခံနိုင်တော်မူပြီး တစ်သောင်းသော လောကဓာတ်၌ တစ်ဆူတည်းသာ ပွင့်ပေါ်တော်မူလာသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားထံမှောက်သို့ သွားရောက်ချဉ်းကပ်ခါ သေမင်း၏ကျော့ကွင်းနှင့်တူသော တေဘူမက ၀ဋ်ဒုက္ခမှ လွတ်မြောက်ရာအမှန် နိဗ္ဗာန်တရားတော်မြတ်ကို လျှောက်ထားမေးမြန်းကြပါကုန်စို့။ 

အထက်ပါအတိုင်း နတ်မင်းကြီးနှစ်ဦးတို့သည် ဘုရားစစ်ဘုရားမှန်တို့၏ ဂုဏ် အင်္ဂါ လက္ခဏာတို့ကို ဖော်ပြဆန်းစစ်ကာ ကျေနပ်အားရလှသဖြင့် မြတ်စွာဘုရားရှင်ရှိရာ ဣသိပတန မိဂဒါဝုန်တောသို့ နတ်ဘီလူးတစ်ထောင် ခြံရံလျက် ဘုရားဖူး တရားနာရန် သန်းခေါင်ယံအချိန်တွင် ရောက်ရှိလာကြ လေသည်။ ထိုနတ်ဘီလူးတို့ ရောက်ရှိလာချိန်တွင် ဘုရားရှင်မှာ ဓမ္မစကြာတရား ဟောကြားတော်မူစဉ်က သီတင်းသုံးတော်မူသည့် တင်ပလ္လင်ကိုပင် မဖျက်ရသေးချေ၊ နတ်မင်းနှစ်ဦး တို့သည် ဘုရားရှင်အား ရှိခိုးခွင့်ပန်၍ ဟေမ၀တနတ်မင်းက အမေးပုစ္ဆာပြဿနာရပ်များကို လျှောက်ထားသဖြင့် မြတ်စွာဘုရားက ဟေမ၀တသုတ္တန်ကို ဟောကြားတော်မူရာ အခြွေအရံနတ်သား တစ်ထောင်နှင့်တကွ နတ်ဘီလူးနှစ်ဦးလုံး သောတာပန် တည်သွားကြလေသည်။ 

(ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။)

0 comments:

Post a Comment